နောက်ဆုံးတော့ အိပ်မက်တွေဟာ ကျနော့်မျက်စိရှေ့ကို ရောက်လာပါတော့တယ်။
မှိုင်း အမှတ်တရနေ့တဲ့။
ဆရာကြီးရဲ့ ၁၃၇ နှစ်မြောက်မွေးနေ့။ တရားဝင်ကျင်းပမှာပါ။ ကျနော်တို့ ဘ၀တွေပေးဆပ်ပြီး အကြိမ်ကြိမ်တောင်းဆိုခဲ့ရတာတွေ၊ အခုတော့ ရပါပြီ။ အိပ်မက်တွေ အကောင်အထည်ပေါ်ခဲ့ပြီ။
မှတ်မိပါသေးတယ်။
ဒါပေမယ့် ၀ိုးတ၀ါးပါ။
စမ်းချောင်း ပုဒုမ္မာ ကွင်းမှာ မှန်အခေါင်းနဲ့ သခင်ကိုယ်တော်မိုင်း ရုပ်ကလ္လာပ် ။
လူပ်လူပ်ရှားရှားဖြစ်နေတဲ့ လူအုပ်တွေ။
အုပ်စုလိုက် လာပြီးအလေးပြုနေတဲ့အဖွဲ့ အစည်းတွေ၊
ကျောင်းသားတွေ။ တက္ကသိုလ်ကျောင်းသားတွေ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းသားတွေ။ ခွပ်ဒေါင်းအလံတွေလွှင့်လို့၊ ကျောင်စိမ်းလုံခြည်တွေဝတ်လို့။
အန်တီဒေါ်ခင်တင့် (ဗိုလ်ဇေယျဇနီး) ပေးလိုက်တဲ့ စာရွက်ခေါက်ကလေးတွေ၊ ဆရာကြီးပုံကလေးတွေကို ကျနော်က ဧည်သည်တွေကို လိုက်ဝေ။ ကျနော်က ၁၀ နှစ်သား ၃ တန်းကျောင်းသား။ လူတွေအများကြီးကိုတွေ့လို့ ပျော်ရတာကတမျိုး၊ ကျောင်းမတက်ရလို့ ပျော်ရတာ ကတမျိုး။ ပျော်စရာ့ ပျော်စရာကြီးပါ။
ညဖက်ရောက်တော့ ဟောပြောပွဲတွေ လုပ်ကြ၊ ဆရာကြီးကဗျာတွေရွတ်ကြ။
ပဲခူးဘူတာက သူခိုးလူညာတွေ အကြောင်းလဲပါရဲ့။ ဒေါင်းအိုဝေအကြောင်းလဲပါရဲ့၊ မောင်ဘဖေ ငါးထောင်စားအကြောင်းလဲပါရဲ။ အောင်ဆန်း တို့အကြောင်းလဲပါရဲ့။ မင်းတို့ဆရာကို စာရင်းတို့ထားဖို့အကြောင်းလဲပါရဲ့။
ဘာတွေဟောလို့ ဘာတွေရွတ်ကြသလဲ ကျနော်မသိပေမယ့် ဖေဖေ့ သူငယ်ချင်းတွေက ဟောကြ ရွတ်ကြတာဆိုတော့ ကျနော် လက်ခုပ် အကျယ်ကြီးတီးပြီး အားပေးရတာပေါ့။
ဖေဖေသူငယ်ချင်းတွေ ထဲမှာ ရှေ့နေ ဦးထွန်းတင် ၊ ဦးအံ့မောင် ၊ ဦးဘ၀င်း၊ ဦးသာဗေး ဆိုတဲ့ လူတွေကိုတော့ ကောင်းကောင်းမှတ်မိပါ့။
နောက်တခုက ဆရာကြီး အုပ်ဂူမှာရှိတဲ့ ဆရာကြီးအမှတ်တံဆိပ်က ကျနော်ကို ဖမ်းစားပြန်တယ်။
နောက် ဆရာမောင်ငွေထွန်းရဲ့ ဆရာကြီးပုံတူ ခဲခြစ်ပန်းချီ။ ကျနော်အကြိမ်ကြိမ်ကူးဆွဲမိတယ်။ တူသလိုလိုတော့ ထင်မိတယ်။ အဲဒီတုန်း ကပေါ့။ ကြီးလာလို့ ပန်းချီပညာကိုစံနစ်တကျသင် ယူခွင့်ရတဲ့အခါ ကျနော့် ကူးရေးတဲ့ ဆရာကြီးပုံ နဲ့ ဆရာမောင်ငွေထွန်းရေးတဲ့ ပုံကို နိုင်းယျဉ်ကြည့်မိပြီး ကျနော်ကိုယ် ကျနော်ရယ်မိတယ်။ ဘာဘဲဖြစ်ဖြစ်ပန်းချီဝါသနာကို မျိုးစေ့ချမိသလိုတော့ဖြစ်သွားခဲ့ပါတယ်။ ဆရာကြီး နဲ့လဲ ပန်းချီကားပေါ်ကဆင့် နုလုံးသားခြင်းချိတ်ဆက်ခွင့်ရလိုက်ပါတယ်။
ကျနော်ဝိုးတ၀ါးမှတ်မိပါသေးတယ်။ ဆရာကြီးမကွယ်လွန်ခင်ကပေါ့။ ကျနော် သတင်းစာခေါင်းကြီးတွေကိုစာလုံးပေါင်းဖတ်တတ်တဲ့ အရွယ်မှာပါ။
ပြည်တွင်းငြိမ်းချမ်းရေးဆိုတဲ့ အသံတွေဆက်တိုက်ကြားလာရပြီး ဆရာကြီးရဲ့တောထဲရောက် တပြည့်တွေ ကဆရာကြီးကိုလာ ကန်တော့ နေတဲ့ပုံတွေ၊ ငြိမ်းချမ်းရေးအတွက် ချီတက်လာကြတဲ့ လယ်သမားတွေ၊ လိုက်လိုက်လှဲလှဲ ကြိုဆိုတဲ့ အလုပ်သမားတွေ၊ ခွပ်ဒေါင်းအလံ တလူလူလွှင့်ပြီးဧည်ခံနေတဲ့ တက္ကသိုလ်ကျောင်းသားတွေ သတင်းစာမှာ တွေ့ရပါတော့တယ်။
လူတွေကလည်း တိုင်းပြည်ကြီးရဲ့ အနာဂတ်ကိုမျှော်လင့်ချက်တွေ အပြည့်နဲ့ လှမ်းကြည့်နေပုံရပါတယ်။
မကြာပါဘူး။
ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်သွားပြီ ဆိုတဲ့ အသံတွေနဲ့ အတူ ဖေဖေသူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက်အဖမ်းခံလိုက်ရပြီ ဆိုတဲ့အသံတွေကိုရှေ့ဆင့်နောက်ဆင့် ကြားလိုက်ရပါတော့တယ်။ ဖေဖေကတော့ ပေါ်လာလိုက် ပျောက်သွားလိုက်ပါ။
ကျနော်ကတော့ ဖေဖေ့ကိုစိတ်မ၀င်စား ၊ ဘောလုံးကန်ဖို့သူငယ်ချင်းတွေကိုပဲ လိုက်ရှာနေပါတယ်။
ကျနော် အထက်တန်းရောက်တော့ အဖိုးသခင်ကိုယ်တော်မှိုင်းသို့ ဆိုတဲ့ကဗျာကိုကျောင်းမှာသင်ခွင့်ရတဲ့ အခါ ကျနော်အတွက် သခင် ကိုယ်တော်မှိုင်းဟာ ရင်းနှီးပြီးသား။
ဖေဖေ့ စာအုပ်စင်မှာလည်းသခင်ကိုယ်တော်မှိုင်းရေးတဲ့စာအုပ် နှစ်ဆယ်ကျော်လောက်ရှိနေတော့ ကျနော်ဖတ်ဖြစ်ခဲ့တာပေါ့။ ဘာရယ် မဟုတ်ပါဘူး၊ စာမဖတ်ရ မနေနိုင်လို့ နီးရာစာအုပ်ကိုဖတ်မိတာဖြစ်မှာပါ။ ဒါပေမယ့် ဆရာကြီးရဲ့ ဒွေးချိုး လေးချိုး ကာရန်တွေဟာ ကျနော်ကိုဖမ်စားပါတော့တယ်။ နောက်ပြီး ဆရာကြီးစာအုပ်ထဲက ဇာတ်ကောင်တွေဟာ ကျနော်တို့သမိုင်းစာအုပ်ထဲက ဇာတ် ကောင်တွေဖြစ်နေတာ ကလည်း ကျနော့်ကိုစိတ်ဝင်စားဖို့ဖြစ်စေခဲ့တာပေါ့။
ဆရာကြီး ၉၆ နှစ်မြောက်မွေးနေ့ကို ဦးဝိစာရလမ်းက ကျားကျောင်းမှာ ကျင်းပတော့ ကျနော်ရောက်ပါသေးတယ်။ အဲဒီမှာ သခင်၊ သခင်မဟောင်းတွေက ဒိုဗမာသီချင်းကိုသံပြိုင်ဆိုကြတဲ့အခါ ကျနော် ကြက်သီးမွေှုးညှင်းထမိပါတယ်။ ဒီ့ မတိုင်ခင်က သခင်ဗသောင်း ကျနော်တို့အိမ်လာလည်တုန်း ဒို့ဗမာသီချင်း ဆိုပြ ကတည်းက ဒီသီချင်းဟာ ကျနော့်နှလုံးသားကို လူပ်ကိုင်ခဲ့တာပါ။
အဲဒီတုန်းကတော့ ကျနော်တို့ ဒီသီချင်းကို နောက်ထပ် အကြိမ်ကြိမ်ရင်ပွင့်မတတ် သီဆိုရလိမ့်မယ်လို့ မထင်မိခဲ့ဘူး။
ဒါပေမယ့် ကျနော်တို့ ဦးသန့်အရေးအခင်း အဓိပတိလမ်းမပေါ် ယမ်းခိုးတွေကြားထဲမှာ၊ အင်းစိန်ထောင် တိုက်ခန်းတွေထဲမှာ၊ အစာငတ်ခံ တိုက်ပွဲတွေထဲမှာ ၊ စစ်ဖိနပ်တွေအောက်မှာ အလူးလူးအလိမ့်လိမ့်ခံရစဉ်မှာ၊ ၈၈ လမ်းပေါ်တိုက်ပွဲ ကျဉ်ဆံတွေကြားမှာ ၊ ကချင်ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲမှာ ၊ အခုနောက်ဆုံး ကြေးနီတောင် လယ်သမားတွေအထိ ရင်ထဲမချိအောင်ခံစားရင်း ဒီသီချင်းကို ကျနော်တို့ ဆိုနေကြရစဲပါ။
ရုပ်ရှင်ရုံမှာ ကြားရတဲ့ နိုင်ငံတော်သီချင်းအသံနဲ့တော့ ဘယ်တူပါ့မလဲဗျာ။
သီချင်းထဲမှာ များလူခတ်သိမ်းငြိမ်းချမ်းစေဖို့ ဆိုတဲ့ နေရာရောက်ရင် ကျနော် ငြိမ်းချမ်းရေးဖခင်ကြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်းကိုသတိရနေမိပါတယ်။
ကျနော်တို့ အိမ်မက်တွေ ကျနော်တို့ ရှေ့ကိုရောက်လာခဲ့ပါပြီ။ ဒါပေမယ့် အချို့အပိုင်းအစကလေးတွေတော့ ပြုတ်ကျ ပျောက်ရှ နေပါသေး တယ်။
များလူခတ်သိမ်းငြိမ်းချမ်း ပါစေ။
သားကြီးမောင်ဇေယျ (၁၆-၀၃-၂၀၁၃)