လှိုက်လှိုက်လှဲလှဲ ဆန္ဒရှိပါ၏ တကယ့်ငြိမ်းချမ်းရေးသည် ဝေးကွာလွန်းလှပေစွ
တူမောင်ညို (၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်)
“မြစ်ကြီးနားစကားပြောပွဲ” နဲ့သက်ဆိုင်တဲ့ ဖြစ်စဉ်တွေ၊ နှစ်ဖက်ပြောစကားတွေ၊ ပူးတွဲကြေညာချက်ဆိုတာတွေ၊ သတင်းထုတ် ပြန်ချက်တွေ ဖတ်ရတော့ “မြေခွေးနဲ့ငှက်ကျား အပြန်အလှန်ဖိတ်ကြားပြီး ကျွေးမွေးဧည့်ခံတဲ့ပုံပြင်” ကို သွား၍ သတိရမိပါသည်။
“ကျွန်တော်တို့နိုင်ငံသမိုင်းမှာ တစ်ခါမှမရခဲ့ဘူးတဲ့ ငြိမ်းချမ်းရေးနေမင်းကြီး ထွန်းလင်းလာမယ်လို့ ယုံကြည်ပါတယ်” လို့ ဘယ် လိုပဲ၊ ဟိတ်တွေ၊ ဟန်တွေထုတ်ပြီး လေလုံးထွားခဲ့ကြသော်လည်း နှစ်ဖက်မည်မည်ရရ သဘောတူညီချက်မရရှိဘဲ၊ “မြစ်ကြီးနားစကား ပြောပွဲ” သည် တစ်ခန်းရပ်သွားခဲ့ပြန်ပြီ။
တကယ်တော့ “မြစ်ကြီးနားစကားပြောပွဲ”ဆိုသည်မှာ အစိုးရလုပ်ငန်းကော်မတီ၏ “တစ်နိုင်ငံလုံးအတိုင်းအတာအပစ်အခတ် ရပ်စဲရေးသဘောတူညီချက်စာချုပ်(မူကြမ်း)” နှင့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများ၏ “လိုင်ဇာဘုံသဘောတူညီချက်” အပြန် အလှန် ဖလှယ်ကြခြင်းမျှသာဖြစ်သည်။
သို့ဖြင့်“တစ်နိုင်ငံလုံးအတိုင်းအတာအပစ်အခတ်ရပ်စဲရေး”သည်“အောက်တိုဘာ”မှ “ဒီဇင်ဘာ”သို့ လည်းကောင်း၊ “မြစ်ကြီးနား” မှ “ဘားအံ” သို့ လည်းကောင်း ပြောင်းသွားပြန်သည်။ကချင်ပြည်နယ်တွင် စစ်ပွဲများပြန်ဖြစ်လာနိုင်ခြေရှိသဖြင့် မြစ်ကြီးနား မှ ဘားအံသို့ ကြိုတင်ပြောင်းရွှေ့ထားခြင်းမျိုးတော့ မဖြစ်စေသင့်။
နှစ်ပေါင်း ၆၀ ကျော် ကာလအတွင်း “ဘုံရန်သူ”သည် တစ်ဦးတည်းသာရှိနေခဲ့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အင် အားစုများ အချင်းချင်းအကြားတွင် တစ်သံတည်း ညီညွတ်ခဲ့ကြသည် မဟုတ်ချေ။
လိုင်ဇာကွန်ဖရင့်သို့ “ဝ”သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSP)နှင့် မိုင်းလားအဖွဲ့ (NDAA) တို့ကို ဖိတ်ကြားခဲ့သော် လည်းတက်ရောက်ခဲ့ခြင်းမရှိခဲ့။ ကွန်ဖရင့်သို့ တက်ရောက်လာသော်လည်း ဘုံသဘောတူညီချက်၌ လက်မှတ်မထိုးသည့်အဖွဲကလည်းရှိ နေပြန်သေးသည်။
ယခင်ကလည်း (NDF)၊ (DAB) ၊ (NUCB)၊(UNFC) စသဖြင့် ဖွဲ့စည်းခဲ့ကြသည့် မဟာမိတ်တပ်ပေါင်းစုများအတွင်းမှ တစ်ကိုယ်တော်/ တစ်ဖွဲ့တစ်စည်း ခွဲထွက်ပြီး အစိုးရနှင့် အပေးအယူဈေးတည့်သွားခဲ့ကြသည့် အတွေ့အကြုံသာဓကတွေရှိခဲ့ဖူးသည်။ သို့သော်လည်း မည်သည့် တိုင်းရင်းသားအဖွဲ့အစည်းမျှ “ဒီမိုကရေစီနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရသွားခဲ့သည်” ဟူသောအတွေ့အကြုံ တော့မရှိခဲ့ဘူးပါ။
“မြစ်ကြီးနားစကားပြောပွဲ” ၌ ကာ/ချုပ် ကိုယ်စားလှယ် ဗိုလ်မြင့်စိုးပြောသည့် စကားများမှာ သမ္မတကိုယ်စားလှယ် (ဗိုလ်) ဦးအောင်မင်းတို့၏ အသံကို လွှမ်းမိုးနေသည်။ ကာ/ချုပ် ကိုယ်စားလှယ်၏ ပြောဆိုသံသည် ဒန်အိုးသံပေါက်နေသည်။
ကာ/ချုပ် ကိုယ်စားလှယ် ဗိုလ်မြင့်စိုးသည် မှာ လိုက်သည့်အတိုင်းပင် တိတိကျကျ ပြောသည်။
သူပြောသည်မှာ “စစ်တပ်နဲ့၂၀၀၈ အခြေခံဥပဒေ မထိနဲ့မီးပွင့်သွားမယ်” ဆိုသည့် သဘောဖြစ်သည်။ (ဗိုလ်)ဦးအောင်မင်းတို့ အသံတိတ်နေခြင်းမှာ ပုလင်းတူဗူးဆို့ တစ်ကျိတ်တည်း၊ တစ်ဉာဏ်တည်းဖြစ်၍ ဖြစ်သည်။
ဤသည်မှာ ကြံ့ဖွံ့အစိုးရနှင့်စစ်တပ်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ အဆိုပြုနေကြသည့် “ဖက်ဒရယ် တပ်မတော်ဖွဲ့စည်းရေး” ဆိုသည့်ကိစ္စကို လုံးဝလက်မခံဟု တိတိလင်းလင်းအကြောင်းပြန်လိုက်ခြင်းဖြစ်သည်။
စစ်တပ်သည်တစ်တပ်တည်းသာရှိရမည်။ အခြားမည်သည့်လက်နက်ကိုင်တပ်ဖွဲ့မျှ ဖွဲ့စည်းတည်ရှိခွင့်မပြုချေ။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များသည် ဖျက်သိမ်းရမည် သို့တည်းမဟုတ် နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်များအဖြစ် အသွင်ပြောင်းပြီး လက်ရှိ စစ်တပ်၏ အမိန့်ပေးမှုအောက်တွင်ရှိရမည်။
တိုင်းရင်းသားအဖွဲ့အစည်းများသည် နိုင်ငံရေးပါတီတည်ထောင်လိုလျှင် “၂၀၀၈ အခြေခံဥပဒေ” ကို လက်ခံရမည်။ ထို့နောက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ တည်ထောင်ခွင့်/ မှတ်ပုံတင်ခွင့်လျှောက်ထားကြရမည်။
ဒေါက်တာတူးဂျာဆိုလျှင် ယခုအခါ နိုင်ငံရေးပါတီ “တည်ထောင်ခွင့်” ရရှိထားပြီဖြစ်သည်။ မကြာခင် “ပါတီမှတ်ပုံတင်ခွင့်” ရ ရှိဖွယ်ရှိပါသည်။ ဤသည်မှာ“ဥပဒေစကားဝိုင်း”တွင် တက်ကြွစွာ ပါဝင်မှုအတွက် “နိုင်ငံတော်မှချီးမြှင့်သည့်သဘော” လည်းဖြစ်နိုင်သည်။
(ဗိုလ်)ဦးသိန်းစိန်အစိုးရ ပြောနေသည့် “နိုင်ငံရေးဆွေးနွေးပွဲ” ဆိုသည်မှာ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ၏ စစ်တပ်များ မည်သို့မည်ပုံ ဖျက်သိမ်း/ အသွင်ပြောင်းကြမည်၊ နိုင်ငံရေးပါတီအဖြစ်မည်သို့ ဖွဲ့စည်းကြမည်ဆိုသည့်ကိစ္စကို ညှိနှိုင်းကြရေးသာ ဖြစ်ပါသည်။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုခေါင်းဆောင်များလက်ရှိ ပိုင်ဆိုင်ထားသည့် ဥစ္စာဓနများကို မည်သို့တရားဝင်အောင် ပြုလုပ်ပေးမည်ဆိုသည့် အပေးအယူမျိုးသာဖြစ်ပါလိမ့်မည်။ (နဝတ-နအဖ)စစ်အစိုးရကိုအမွေခံခဲ့သော လက်ရှိ (ဗိုလ်) ဦးသိန်းစိန်အစိုးရ ၌ ဘိန်းဘုရင်များကို “တိုင်းရင်းသားလုပ်ငန်းရှင်” အဖြစ်သို့ ရုပ်ပြောင်းရုပ်လွှဲ ပြုလုပ်ပေးနိုင်သည့် ကျွမ်းကျင်မှုနှင့် အတွေ့အကြုံ များ မြောင်ကြွယ်ဝလှပါသည်။
“ဖက်ဒရယ်ပြည်ထောင်စု” ဆိုသည့်ကိစ္စမှာလည်း ဒေါက်တာတူးဂျာတို့၊ ဒေါက်တာငွန်ကျုံးလျန်တို့ ပြောနေသည့် “ဖြည်းဖြည်း ခြင်းပြင်သွားရမည့်ဖက်ဒရယ်ပြည်ထောင်စု”၊ “၂၀၀၈ အခြေခံဥပဒေပါ ဇယား (၁) (၂) (၅) တို့ကိုပြုပြင်ဖာထေးယူမည့် ဖက်ဒရယ် ပြည်ထောင်စု” မျိုးကိုသာ လက်ခံစဉ်းစားမည့် သဘောဖြစ်သည်။ “၂၀၀၈ အခြေခံဥပဒေ” အရ သယံဇာတခွဲဝေရေးဆိုသည်မှာလည်း ပြည်နယ်နှင့် တိုင်းဒေသကြီးများသည် ကျောက်တူး၍လည်းမရ၊ ငါးဖမ်းဖို့လည်းခက်ပြီး “ဝါးခုတ်ရောင်းချခွင့်” သာရှိသည်။ ကျောက်တူးခွင့်၊ ငါးဖမ်းခွင့်၊ သစ်ခုတ်ခွင့်ပေးလိုက်လျှင် ဒေါက်တာ တူးဂျာတို့၊ ဒေါက်တာ ငွန်ကျုံးလျန်တို့ပြောနေသည့် ဖက်ဒရယ်ပြည်ထောင်စုဖြစ် ပေတော့မည်။
“ဆန္ဒရှိလျှင် ငြိမ်းချမ်းရေးသည်ရနိုင်သည်” ဟုပြောသံကြားရပါသည်။
မည်သူသည်၊ မည်သည့်အဖွဲ့အစည်းသည် ငြိမ်းချမ်းရေး မလိုလားသည့် ဆန္ဒရှိနေပါသနည်း။
လူမျိုးပေါင်းစုံပြည်သူများသည် ငြိမ်းချမ်းရေးကို ပြင်းပြင်းပြပြ လိုလားနေခဲ့သည်မှာ လွတ်လပ်ရေးသက်တမ်းနှင့်အမျှပါဟု ဆို လျှင်ပိုလွန်းသည်ဟု မဆိုနိုင်ပါ။ (ပိုလွန်းသည်ဟု ယူဆလျှင် လူမျိုးပေါင်းစုံပြည်သူများ ငြိမ်းချမ်းရေး လိုလား/ မလိုလား ဆန္ဒခံယူကြည့်နိုင်ပါ သည်)
လူမျိုးပေါင်းစုံပြည်သူများသည် ငြိမ်းချမ်းရေးကို လှိုက်လှိုက်လှဲလှဲ လိုလားပါ၏။
သို့သော်လည်း တကယ့်ငြိမ်းချမ်းရေးသည် ဝေးကွာလွန်းလှပေစွ။
လူမျိုးပေါင်းစုံပြည်သူများအတွက် တကယ့်ငြိမ်းချမ်းရေးပန်းပွင့် မည်သူ ဆွတ်ခူး ပေးမည်နည်း။
ညွန်း
– သတင်းထုတ်ပြန်ချက် (၁၇/၂၀၁၃) မြန်မာ့အလင်းသတင်းစာ၊ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်၊