ကဗျာ ကမာပုလဲ

သွေးမလျှောက်တော့တဲ့ ကောင်

ကမာပုလဲ
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၃
ကျောရိုးက ရိုက်ချိုးခံထားရတယ်
တွားသွားတကောင်လို …
စိတ်ကူးနဲ့ … ထင်မှတ်မှားမှုတွေနဲ့
မိချောင်းမဟုတ် … အိပ်မြှောင်မဟုတ်
တီကောင်မဟုတ် …
သွေးမလျှောက်တော့တဲ့ ကောင် …။
ခြေဆစ် လက်ဆစ်တွေက
ယောင်ကိုင်း …
ဖေါယောင် … တဆစ်ဆစ်ကိုက်ခဲ
မိုးရွာမှာကို ကြောက်တယ်
နှင်းတွေကျ အေးစိမ့်နေမှာ စိုးတယ်
ကိုယ့်ဇောချွေးနဲ့ ကိုပြန်အအေးပတ် …
ကိုယ့်ကိုယ်က အနံ့အသက်ကို ကိုယ်တိုင် ပြန်အံချင်နေရဲ့ …
သွေးမလျှောက်တော့တဲ့ ကောင် …။
မင်းခမ်းမင်းနားတွေ တက်ခွင့်ရတယ်
စကြ၀ဠာအထိ ဗီဇာလက်မှတ်ရတယ်
အမ်စတာဒမ်၊ ဗင်းနစ်၊ ပါရီ၊ လန်ဒန်၊ နယူးယောက်
သီရေတာ ဇာတ်ရုံများ
အနုပညာ ပြတိုက်များ
ကမ္ဘာကျော် ပန်းချီကားများ
ခြူးတပြားမျှ မကုန်ဘဲ ခံစားခွင့်ရထားတယ် …
သွေးမလျှောက်တော့တဲ့ ကောင် …။
အဲဒီ သွေးမလျှောက်တော့တဲ့ ကောင်ပေါ့ ..
အမြီးမတည့် အမောက်မတည့်
ခြေမတည့် လမ်းမတည့်
အလွမ်းမတည့် စခန်းမတည့်
တည့်တည့်ကြီး လွဲလွဲနေတဲ့ အလွဲ တည့်တည့်ကြီးနဲ့
နေသားကျနေတဲ့ အခါ …
သြော်
သွေးမလျှောက်တော့ပါဘူးဆိုမှ …
သွေးမလျှောက်တော့တဲ့ကောင်တွေ များများလာတဲ့အရပ်မှာ
ခေတ်ကို ဆီမန်း မန်းမှုတ် ကယ်တင်နေချင်သေးရဲ့
ဖြစ်ရ ပျက်ရပုံများ ပြောပါတယ် … ။ ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts