မှတ်စုမှတ်တမ်း

လင်းယုန်ငှက်နှင့် ဒေါင်းကကြိုး

ဒေါက်တာမြင့်ဦး (ဂျီပီ)

ဖေဖော်ဝါရီ ၂၃၊ ၂၀၁၃

 

ဥဒေါင်းငှက်ကို အမှတ်သင်္ကေတပြုထားတဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ဘွဲ့ နှင်းသဘင်ခန်းမကြီးထဲမှာ အမေရိကန်သမ္မတ ဘားရက်ခ်အိုဘား မားတစ်ယောက် မိန့်ခွန်းပြောကြားသွားခဲ့တာကို လူတိုင်းအမှတ်ရ နေကြလိမ့်မယ်ထင်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ အမှတ်သင်္ကေ တဟာ လင်းယုန်ငှက်ဖြစ်တဲ့အတွက်၊ ရန်ကုန်တက္ကသိုလ်ထဲ အိုဘားမားရောက်ရှိလာတာကို လင်းယုန်ဧကရာဇ်မင်းကြီး သစ်ပုတ်ပင် ပေါ်မှာ နားခိုသွားခဲ့တယ်လို့ တင်စားပြောဆိုလို့ရနိုင်ပါတယ်။ ရွှေတိဂုံစေတီပေါ်မှာ ဠင်းတနားသွားတာကို မကောင်းတဲ့အတိတ်နိမိတ်အဖြစ် မှတ်ယူကြပေမယ့်၊ ကံကော်တောထဲမှာ လင်းယုန်ငှက်နားသွားတာ ကိုတော့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် တစ်ခေတ်ဆန်းသစ်တော့မယ့် နိမိတ်လက္ခဏာအဖြစ်မှတ်ယူလို့ ရနိုင်ပါတယ်။ လင်းယုန်ငှက်မင်းဟာ သစ်ပုတ်ပင်ပေါ်မှာ ခိုနားသွားခဲ့ရုံသာမက “မြန်မာနိုင်ငံ မင်္ဂလာပါ” လို့ ဥဒေါင်းသံနဲ့ တွန်ကျူးပြသသွားခဲ့တဲ့အတွက်၊ နောက်ပါလင်းယုန်ငှက်အပေါင်းဟာလည်း ဥဒေါင်းနိုင်ငံထဲကိုရောက်ရှိလာကြပြီး ဒေါင်း ငှက်တွေနဲ့ ကခုန်မြုးတူးဖို့ ကကြိုးညှိနေကြတာကို တွေ့မြင်နေကြရပြီဖြစ်ပါတယ်။

 

● တက္ကသိုလ်မိတ်ဖွဲ့ လင်းယုန်ငှက်

အိုဘားမား ဒေါင်းသံတွန်ကျူးပြသပြီးတဲ့နောက်ပိုင်း အမေရိကန်နိုင်ငံမှာရှိတဲ့ အိုင်အိုင်အီးလို့ခေါ်တဲ့ နိုင်ငံ့ဦးဆောင်ပညာရေးအဖွဲ့ကြီး (Institute of International Education) ကနေ၊ အမေရိကန်တဝှမ်းလုံးက တက္ကသိုလ်တွေကို မြန်မာနိုင်ငံထဲမှာ မိတ်ဖက်တက္ကသိုလ်တွေ ထူထောင်ကြဖို့ ဖိတ်ခေါ်စည်းရုံးလိုက်ပါတော့တယ်။ အမေရိကန်က လင်းယုန်ငှက်တွေကို မြန်မာဥဒေါင်းအက ကခိုင်းတာဘဲဖြစ်ပါတယ်။ ဒီလို နဲ့ ၂ဝ၁၃ ခုနှစ်မှာ မြန်မာ-အမေရိကန် တက္ကသိုလ်ပညာရေး မိတ်ဖက်အစီအစဉ် (အိုင်အေပီပီ = International Academic Partnership Program) ကို စတင်လိုက်နိုင်ပါပြီ။ ဒီအစီအစဉ်အရ အမေရိကန်နိုင်ငံရဲ့ အထင်ကရတက္ကသိုလ်ကြီး ၁ဝ ခုက ပါမောက္ခတွေနဲ့ အုပ်ချုပ်သူတွေပါဝင်တဲ့ လင်းယုန်ငှက်အဖွဲ့ဟာ မြန်မာနိုင်ငံကိုရောက်ရှိလာပြီး၊ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ကစလို့ ဥဒေါင်းပါမောက္ခတွေနဲ့ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။ အားမာန်တင်းတဲ့ ဥဒေါင်းပျိုနဲ့ ခွပ်ဒေါင်းငယ်တွေနဲ့လည်း ကကြိုး ကကွက်ညှိဖို့ စီစဉ်နေကြပါတယ်။ လင်းယုန်ငှက်အုပ်စုဟာ ကံကော်တောကိုသာမက တာဂွတော၊ ဒဂုံတော၊ ဘုန်းမော်မြေ၊ ဆေးမန်း၊ ရတနာပုံနဲ့ မန်းတက္ကသိုလ်စတဲ့ ပရဝုဏ် အသီးသီးကို လှည့်လည်ပျံသန်းရင်း၊ မြန်မာပညာရှိ ဥဒေါင်းငှက်တွေနဲ့ ကကြိုးကကွက် ဇာတ်တိုက်ကြဖို့ ပြင်ဆင်နေကြပါတယ်။

 

● ဒေါင်းတက္ကသိုလ်တွေရဲ့ အဆင့်အတန်း

ရန်ကုန်တက္ကသိုလ်ရဲ့အဆင့်အတန်းဟာ တချိန်တုန်းက အာရှထိပ်တန်းဝင်တက္ကသိုလ်တစ်ခုဖြစ်ခဲ့ဖူးပါတယ်။ အခုအခါမှာတော့ ဘယ် ထိပ်တန်းဝင်စာရင်းမှာမှ ရှာဖွေကြည့်ရှုလို့မရဖြစ်နေပါတယ်။ ကမ္ဘာ့တက္ကသိုလ်အဆင့်အတန်း (University World Ranking) ကို သတ် မှတ်ပေးကြတဲ့ အဖွဲ့အစည်းတွေဟာ ကမ္ဘာ့ထိပ်ဆုံးအဆင့် ၁ဝဝ နဲ့ အဆင့် ၅ဝဝ လောက်အထိသာ သတ်မှတ်ပေးလေ့ရှိတာမို့၊ မြန်မာနိုင်ငံ မှာ အဆင့်မြင့်ပညာလို့ခေါ်ဆိုနေကြတဲ့ တက္ကသိုလ်ကျောင်းတော်ကြီးတွေဟာ ဘယ်စာရင်းမှာမှ မပါဝင်နိုင်ပဲဖြစ်နေရရှာပါတယ်။ တကယ် လို့များ အဆင့်တစ်ထောင်ကျော်အထိ ဒါမှမဟုတ်အဆင့် ငါးထောင်လောက်အထိသတ်မှတ်ပေးတဲ့ အဖွဲ့အစည်းများ ရှိများရှိနေခဲ့ရင် နေရာတစ်နေရာမှာတော့ အဆင့်တစ်ခုခု ချိတ်များချိတ်နိုင်လေမလားရယ်လို့ ဆက်လက်ရှာဖွေကြည့်လိုက်မိတဲ့အခါမှာ။ ဟော … တွေ့ရ ပါပြီ။ ကမ္ဘာ့တက္ကသိုလ်အသီးသီးရဲ့ ကိုယ်ပိုင်အင်တာနက်ဝက်ဆိုက်မှာတင်ထားတဲ့ သတင်းအချက်အလက်တွေကိုအခြေခံပြီး အဆင့်အ တန်းသတ်မှတ်ပေးတဲ့အဖွဲ့တစ်ဖွဲ့ဘဲဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့ကို ဝက်ဘိုမက်ထရစ်လို့ ခေါ်ဆိုပါတယ်။ ဝက်ဘိုမက်ထရစ်ရဲ့ တက္ကသိုလ်အဆင့် အတန်းသတ်မှတ်ချက်ကို အင်တာနက်စာမျက်နှာ http://www.webometrics.info/en/Asia/Burma%20/%20Myanmar မှာ ကြည့် ရှုလို့ရနိုင်ပါတယ်။ ဝက်ဘိုမက်ထရစ်မှာ မြန်မာနိုင်ငံကတက္ကသိုလ်တွေကို ဘယ်အဆင့်အတန်းမှာ သတ်မှတ်ပေးထားသလဲဆိုတာ သိရှိရ အောင် (ကလစ်) လုပ်ပြီး ဖတ်ရှုကြည့်လိုက်ကြရအောင်လား။

 

ပထမဆုံး နံပါတ်တစ်ဗိုလ်စွဲသွားတဲ့တက္ကသိုလ်ကတော့ ရန်ကုန်ကွန်ပြူတာတက္ကသိုလ်ပဲဖြစ်ပါတယ်။ သြဘာလက်ခုပ်တီးပေးလိုက်ကြပါ ခင်ဗျာ။ ရရှိသွားတဲ့ ကမ္ဘာ့အဆင့်ကိုပြောပြရရင်ဖြင့် အမှတ်စဉ် = ၁၁၉၁၇ ဖြစ်ပါသတဲ့ဗျား။ ဒုတိယအဆင့်ရရှိတဲ့တက္ကသိုလ်ကို ကြေ ညာပေးပါဦးမယ်။ ရန်ကုန်ဆေးတက္ကသိုလ် (၁) ဖြစ်ပါတယ်။ သူ့ရဲ့ ကမ္ဘာ့အဆင့်ကတော့ ၁၇၂၁၃ ဖြစ်ပါတယ်တဲ့။ လက်ခုတ်တီးပေးလိုက်ကြ ပါဦး။ နောက်ထပ်ချိတ်တဲ့ အဆင့်တွေကို ထပ်ပြောပြရမှာ၊ အားတောင်နာလာပါရဲ့။ ဒါပေမယ့် ပြောပြ လိုက်ပါဦးမယ်။ မကွေးဆေးတက္ကသိုလ်က အဆင့် ၁၉၆၈၆ ကိုချိတ်ပါသတဲ့။ လက်ခုတ်တီးချင်ကြပါသေးရဲ့လား။ လက်ဝါးနာရုံဘဲရှိပါလိမ့်မယ်။ လာပြန်ပါပြီ။ မန္တလေးဆေးတက္ကသိုလ်။ သူ့ရဲ့အဆင့်အတန်းကတော့ ကမ္ဘာ့အဆင့် ၂ဝ၄ဝ၈ မှာ ဗိုလ်စွဲပါသတဲ့။ ကဲ … ဆက်ပြီးလက်ခုပ်သြဘာ ထောပဏာပြုချင်သေး သပဆိုရင်ဖြင့် နောက်ဆုံးနံပါတ်ချိတ်စွဲတဲ့ တက္ကသိုလ်တစ်ခုကျန်နေပါသေးတယ်။ အဲ့ဒါကတော့ ဆေးတက္ကသိုလ် (၂) ပါတဲ့၊ ရှုစား လိုက်ကြပါဦး။ အဆင့်က ၂ဝ၈၁၆ ပါတဲ့။ ကောင်းကြပါသေးရဲ့လားခင်ဗျာ။ ဒါတွေဟာ မြန်မာနိုင်ငံက ထိပ်တန်းတက္ကသိုလ်တွေရဲ့ ကမ္ဘာ့ အဆင့်အတန်းကို ရှာဖွေကြည့်ရှုလို့ရသလောက်တင်ပြပေးနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကျန်ရှိနေသေးတဲ့ တက္ကသိုလ် ၁၅ဝ ကျော်ကိုတော့ ဘယ်စာရင်းထဲမှာမှ ရှာဖွေလို့မတွေ့ရှိရနိုင်သေးပါဘူး။ နောက်များမှာ တွေ့ရှိလာခဲ့ရင် ဆက်လက်ဖေါ်ပြပေးပါ့ဦးမယ်လို့။ လက်ဝါးနာဖို့သာပြင်ထားပေရော့။

 

● တောင်ပံကျိုးတဲ့ ဥဒေါင်းငှက်

အခုဖေါ်ပြလိုက်တဲ့ တက္ကသိုလ်အဆင့်အတန်းတွေဟာ အင်တာနက်သတင်းအချက်အလက်တွေက ရယူထားတာမို့ မြန်မာနိုင်ငံတက္ကသိုလ် တွေရဲ့ တကယ့်အရေအသွေးကို မထင်ဟပ်နိုင်ပါဘူးလို့ စောဒကတက်လာမယ့်သူတွေကို၊ ဒီထက်မြင့်တဲ့ အဆင့်အတန်းများရှိနေခဲ့ရင် ဖေါ်ပြပေးပါလို့ မေတ္တာရပ်ခံလိုက်ပါတယ်။ ဥဒါင်းတွေမှာ ကကြိုးကကွက်ပျောက်ကွယ်နေရတာဟာ ဥဒေါင်းငှက်ကြီးတွေရော၊ ခွပ်ဒေါင်း ငှက်ငယ်လေးတွေကိုပါ ကချင်တိုင်းကလို့မရအောင် တောင်ပံရိုက်ချိုးခံထားခဲ့ကြရတဲ့အတွက်ဖြစ်တယ်ဆိုတာကိုတော့ လူတိုင်းသိရှိ နေကြပါတယ်။ ဥဒေါင်းငှက်တွေ ပြန်လည်တွန်ကျူးပြီး တောင်ပံတွေခတ်လာနိုင်စေဖို့ တက္ကသိုလ်တာဝန်ရှိသူတွေကိုယ်တိုင်က ကြိုး စားကြရမှာဘဲဖြစ်ပါတယ်။

 

● ဥဒေါင်း-လင်းယုန် ကကြိုးစုံ

ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်မယ့်အဆိုပြုချက်ကို ဥဒေါင်းတွန်သံမကြားလိုတဲ့ ဒုဝန်ကြီးတစ်ပါးက ပြည်သူ့လွှတ်တော်ထဲမှာ ကန့်ကွက်ခဲ့ဖူး ပါတယ်။ ဒါပေမယ့် ဒီအဆိုကို လွှတ်တော်အမတ်တွေက ဝိုင်းဝန်းထောက်ခံဆုံးဖြတ်ပေးလိုက်ကြတဲ့အတွက် အခုအချိန်မှာ ကန့်ကွက်ခဲ့တဲ့ ဝန်ကြီးကိုယ်တိုင်ဦးစီးပြီး လင်းယုန်ငှက်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာကိုတွေ့မြင်နေရပါတယ်။ တောင်ပျံကျိုးနေတဲ့ ဒေါင်းငှက်တွေကို ဖေးမကူညီပေးဖို့ မိတ်ဆွေလင်းယုန်ငှက်တွေလည်း မြန်မာနိုင်ငံကိုရောက်ရှိလို့နေပါပြီ။ အခွင့်သာတုံးသာခိုက်မှာ ဥဒေါင်းစိတ်ဓါတ်တွေကို ပြန်လည်မွေးမြူပြီး ကကြိုးကကွက်အသစ်တွေ ဖန်တီးကပြတတ်ဖို့ လိုအပ်နေပါတယ်။ ဥဒေါင်းနဲ့လင်းယုန် စုံတွဲကပြနိုင်အောင်လည်းကြိုးစားဖို့လိုပါတယ်။ လင်းယုန်တွေက မြန်မြန်ကပြီး ဥဒေါင်းတွေက နှေးးကွေးနေလို့မရနိုင်ပါဘူး။ စည်းချက်မှန်ကန်အောင်နဲ့ ဟန် ချက်ညီ ညီကပြဖို့ လိုအပ်ပါတယ်။ မြိုင်မြိုင်ဆိုင်ဆိုင် စုံတွဲကပြနိုင်ပါမှ ကမ္ဘာ့တက္ကသိုလ်ဇာတ်ခုံပေါ်ကို ပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်။ ဒေါင်း ငှက်တွေဟာတွေဝေနေပြီး ကကြိုးညှိဖို့ အထက်ကအမိန့်နဲ့ ညွှန်ကြားချက်တွေကို စောင့်ဆိုင်းနေဦးမယ်ဆိုရင် လင်းယုန်ငှက်တွေဟာ တ ခြားငှက်တွေဆီကို ပျံပြေးကုန်ကြဖို့ဘဲရှိပါတော့တယ်။ မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံ တက္ကသိုလ်ချင်းမိတ်ဖက်အစီအစဉ်မှာ တာဝန်ရှိတဲ့ ဥဒေါင်းငှက်ကြီးတွေကိုယ်တိုင် ပွင့်လင်းမြင်သာမှုရှိပြီး တာဝန်ယူရဲတဲ့သတ္တိအပြည့်နဲ့ ကကြိုး ကကွက်တွေကို ညှိပြီးကပြအသုံးတော်ခံဖို့လိုအပ်နေပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်ခင်ဗျာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “လင်းယုန်ငှက်နှင့် ဒေါင်းကကြိုး
  1. Unreliable ranking is Inst. of Medicine (Magwe) ၁၉၆၈၆ place prior than IM (Mandalay)၂ဝ၄ဝ၈ and IM (2) ၂ဝ၈၁၆. Even IM Magwe won’t proud by themselves with sincerity.

Comments are closed.