ကယ်ပါတိုင်းသား – သောက်သုံးသူ အခွင့်အရေး

သောက်သုံးသူအခွင့်အရေး
ကယ်ပါတိုင်းသား

နိုဝင်ဘာ ၇၊ ၂၀၁၃



စားသုံးသူအခွင့်အရေးလုပ်ကိုင်ကြသည်များကို မကြာခနကြားရ၊ ဖတ်ရ၏။ လောလောဆယ် ငပိ၊ ငံပြာရည်ပြဿနာကိုပင် နမူနာပြရမည်။ တရုတ်ကဝင်လာသည့်ကလေးစားမုန့်တွေ၊ ငွေတစ်ရာနှင့် သရေပင် ၁၀ကွင်းမရနိုင်သော်ငြား တရုတ်ကလာသည့် ဝင်းဝင်းလက်လက်ချောကလက် ၃ခုလောက်ရနိုင်သည်။ ကျုပ်တို့ကလေးများကျန်းမာရေးအဖို့မတော့ ကုရာနတ္တိဆေးမရှိလို့သာဆိုရပေတော့မည်။ မဟာ့မဟာ ကမ္ဘာ့ပညာရှင်များလည်းရောဂါရှာနိုင်ဖို့၊ ရောဂါအမည်တပ်နိုင်ဖို့ လွယ်အံ့မထင်ချေ။ ဘာနဲ့လုပ်ပြီးဘာနဲ့ထုတ်လို့ မြန်မာငွေ၂၀၊ ၃၀၊ ၄၀၊ ၅၀ကျပ်နဲ့ ဒီဝင်းဝင်းလက်လက်ပြိုးပြိုးပြက်ပြက် မျိုးမျိုးမျက်မျက်မုန့်ထုတ်တွေရောင်းနေနိုင်သည်မသိပေ။

မြန်မာ့ကလေးငယ်များအနာဂတ်သည်ချောက်ခြားဖွယ်ကောင်းလှသည်။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန်၊တနေကုန်တညလုံး လင်း ဝင်း ချင်းနေသည့် နေပြည်တော်မှသည် ရွာငယ်ဇနပုဒ်
မီးကလေးမှိတ်တုတ်အထိ တရုတ်မုန့်များ တန်ခိုးထွားမင်းမူထားလိုက်သည်မှာနဝတခေတ်ကြံ့ခိုင်ရေးအဖွဲ့ဝင် စွမ်းအားရှင်များအတိုင်းပင်။ ဘယ်ခွေးမှ
လူမထင်၊ ဘယ်ဆင်မှ ခွေးမမှတ် တရားဝင်သောင်းကျန်းခွင့်လက်မှတ်ရထားသည့်သဘောဆောင်နေပေသည်။

နောက်တခုက သောက်သုံးသူအခွင့်အရေး။သိပ်အရေးကြီးသည်။ အလွန်အရေးကြီးသည်။အခြေခံဥပဒေပြင်ဆင်ရေးလောက်အရေးကြီးသည်။ ခရိုနီတွေ၊ လပြည့်တွေ၊လကွယ်တွေရုံးတင်ရမဲ့ကိစ္စလောက်အရေးကြီးသည်။ဗိုလ်ချုပ်ကြီးဟောင်းတွေရဲ့ပိုင်ဆိုင်မှုတွေကို
စစ်ဆေးရေးကိစ္စလောက်အရေးကြီးသည်။ တရုတ်နဲ့ချုပ်ထားတဲ့ အသပြာအရှုပ်ဗမာပြုတ် စာချုပ်တွေလောက်အရေးကြီးသည်။တတိုင်းပြည်လုံးမှာ အရက်လိုင်စင်များလေးသောင်းကျော်ချထားပေးပြီးဟုနိုင်ငံတော်ကြီးကဆိုလေသည်။

ယခုအခါ ထိုအရက်၊ ဤအရက်၊ အနှီအရက်များသည် ပြည်ဖျက်ရေးစီမံကိန်းကြီးဖြစ်နေပေပြီ။
ဘက်အရက်ချက်စက်ရုံမဆို မြေဆီတွေနဲ့ချက်လုပ်နေကြပြီ။ မြေဆီအသုံးမှာတောင်သူတွေပင် အရက်ကုမ္မဏီတွေကို မမှီတော့ချေ။ကနေ့အခါ နိုင်ငံတွင် လူငယ်များသည် နိုင်ငံရပ်ခြား၌
တတ်အားသမျှသွားရောက်လုပ်စား နေကြရပေပြီ။ထိုမှကြွင်းကျန်ရစ်သောလူငယ်များသည် နိုင်ငံတော်အစီအမံအတိုင်းပင် အရက်နဲ့အသက်လဲ၍ ခေတ်ကြီးကိုထုဆစ်နေကြသည်။

အသက် ၃၀၊ ၄၀ ကြားအရက်သမားများကိုကြည့်လိုက်လျှင် လျော့ရဲပျော့တွဲနေကြပြီ။ ဘာဆို ဘာမှ မဘာနိုင်ကြတော့။ ခေတ်ကို၊ စနစ်ကို၊ဖွံ့ဖြိုးမှုကို၊ တိုးတက်မှုကို၊ အိပ်မက်ကို၊ မိသားစုကို၊ နိုင်ငံကို၊
ပညာရေးကို၊ ကျန်းမာရေးကို၊ စီးပွားရေးကိုဆာလောင်မွတ်သိပ်မှုဆိုတာကတော့ဝေးလာဝေး။ အရက်သက်တမ်းနုနုအတွင်းမှာမရှုမလှအဆင်းနဲ့ အပင်းသတ်ခံထားရသကဲ့သို့ဖြစ်နေပြီ။

ကျေးလက်တွေရဲ့သာမှုနာမှုတွေမှာတောင် အရက်မပါရင်ကူညီလုပ်ကိုင်ပေးသူမရှိလောက်အောင်ပင်
ယဉ်ကျေးမှုကြီးတခုလုံးသောက်သုံးခံလိုက်ရပါပြီ။ကလေးနဲ့လူအိုများက ရရာအလုပ်လုပ်စားဖို့ အိမ်ပြင်ထွက်လာနေကြရသည်ကိုလူတိုင်းမြင်နိုင်ပါသည်။ အမျိုးသမီးကြီးများဈေးတောင်းခေါင်းရွက်ပြီး
အမျိုးသမီးငယ်များ အထည်ချုပ်၊ စတိုး၊ ကုန်တိုက်၊ ကုမ္ပဏီနေကြရပါပြီ။ယခုအခါ အမျိုးသမီးလေးများပင် ဘီယာနဲ့ ကြည်သာနေကြပေပြီ။ငယ်ငယ်ရွယ်ရွယ်အရက်သမားလေးတွေ လက်သုတ်ဖတ်လေးတွေလို။
တိုင်းပြည်ရဲ့အနာဂတ်လေးတွေ မြေဆီကျွေးသတ်ခံနေရပြီ။အရက်လုပ်ပိုင်ခွင့်တွေကို သေချာမစိစစ်ဘူးဆိုလျှင်—-
အရက်ချက်စက်ရုံတွေကို သေချာမစစ်ဆေးဘူးဆိုလျှင်—-
နဝတတက်ကထဲက အချာတွေ ကြာကြာအုပ်ချုပ်ရရေးအတွက်လူတွေညံ့သွားအောင်လုပ်ထားတဲ့ ဒီလိုစီမံကိန်းများကိုမရပ်တန့်တော့ဘူးဆိုလျှင်——
အရက်မျိုလို့ လူမျိုးရဲ့အရည်အရောင်တွေ ပျောက်ကွယ်နေပါပြီ။

ဘယ်သူမှလဲ နိုင်ငံတော်ကြီးကို ကာကွယ်ဖို့ ဘာဖို့ ညာဖို့ သိပ်စိတ်မဝင်စားကြတော့ပါ။

ဘာမှမဟုတ်တဲ့ကောင်တွေကလဲ ဘယ်လောက်ချမ်းသာလို့ချမ်းသာမှန်းကိုမသိနိုင်အောင်ချမ်းသာနေကြတာ၊ အကောင်းစားတွေသောက်စားနေကြတာတွေကြည့်ပြီးစိတ်ပျက်လက်ပျက်ဖြစ်သွားကြတာတွေလဲ ပါမှာပေါ့လေ။
အဖတ်ကလေး တစ်ဖတ်နှစ်ဖတ်ရရ ဆယ်တော်မူကြပါအုံးခင်ဗျား။