သန်းဝင်းလှိုင် အခန်းဆက်များ

ပင်လုံဇာတ်ကြောင်းပြန်ကြောင်းလေ့လာသော် – အပိုင်း (၃)

သန်းဝင်းလှိုင်
ဖေဖော်ဝါရီ ၁၀၊ ၂၀၁၃
ဗိုလ်ချုပ်အောင်ဆန်းသည် ပြည်မနှင့်တောင်တန်းဒေသများကိုတပြိုင်တည်း တပေါင်းတစည်းတည်း လွတ်လပ်ရေးရယူရန်ဖြစ်သည်။ ၎င်း၏သဘောထားမှာ တောင်တန်းဒေသများကို ချန်လှန်ထားပြီးပေးသော လွတ်လပ်ရေးသည် ပြီးပြည့်စုံသည့် လွတ်လပ်ရေးမဟုတ် ဟု ခံယူထားလေသည်။ ဗိုလ်ချုပ်က “ဗမာပြည်လွတ်လပ်ရေး ရပြီဟုပြီဟု ဆိုနိုင်ကြောင်း၊ တောင်တန်းနယ်များပြဿနာသာ ကျန်တော့ကြောင်း၊ တောင်တန်းနယ်များမလွတ်လပ်သရွေ့ မြန်မာပြည်လွတ်လပ်ပြီဟု မဆိုင်နိုင်ကြောင်း၊ ဗမာများသည် တောင်တန်းလူမျိုးများကို ၎င်းတို့ဘာသာ အုပ်ချုပ်စေလိုကြောင်း၊ ဗမာများသည် ရှမ်း၊ ကချင်၊ ချင်း တို့၏ ပြည်တွင်းရေးကို စွက်ဖက်မည်မဟုတ်ကြောင်း” ဟူ၍ ပင်လုံညီလာခံတွင် ပြောကြားခဲ့သည်။

ထို့အပြင် “ဤကဲ့သို့လွတ်လပ်ရေးကိုတပေါင်းတစည်းတည်း ရယူလိုခြင်းမှာလည်း တောင်တန်း ဒေသ များကို မြန်မာများက လွှမ်းမိုးအုပ်ချုပ်လို၍မဟုတ်မူဘဲ၊ မြန်မာများနည်းတူ တောင်တန်းသားများကိုပါ တပြိုင်တည်း၊ တပေါင်းတည်း လွတ်လပ်စေချင်၍သာဖြစ်ကြောင်း၊ ထို့အပြင် တိုင်းရင်းသားအားလုံးပူးပေါင်း၍ တိုင်းပြည်အတွက်ကြိုးပမ်းကြမည်ဆိုပါက ပို၍ အကျိုးရှိနိုင်မည်ဟု ယုံကြည်ကြောင်း၊ တိုင်းပြည်ကြီးပွား တိုးတက်ဖို့ဆိုလျှင် ဗမာကတစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်း တို့ကတစ်ခြားအကွဲကွဲအငြားငြား လုပ်နေကြရင် အကျိုးရှိမှာမဟုတ်ဘူး၊ စုပေါင်းလုပ်ကြမှသာအကျိုးရှိနိုင်တယ်၊ လုပ်ကြည့်မှလည်း အကျိုးရှိကြောင်းသိမှာ ဖြစ်ကြောင်း” ဟူ၍ စော်ဘွားများတည်ခင်းသည့် ထမင်းစားပွဲတွင်လည်း ပြောကြားခဲ့သည်။

ထိုစဉ်က ဗိုလ်ချုပ်သည်ဤသို့ရိုးရှင်းသည့် စိတ်စေတနာများရှိခဲ့သိလို၊ ရှမ်း၊ ကချင်၊ ချင်း အစရှိသည့် တိုင်းရင်းသားခေါင်းဆောင်များ၏ သဘောထားများမှာလည်း မြန်မာပြည်မနှင့် ပေါင်းစည်းခြင်းအားဖြင့် လွတ်လပ်ရေးကိုအမြန်ဆုံးရနိုင်မည်ဟု ယုံကြည်စိတ်များရှိခဲ့ကြသည်။ ပေါင်းစည်းခြင်းအားဖြင့်လည်း ညီညွတ်ရေး၊ ဒီမိုကရေစီရေး၊ တိုင်းရင်းသားလူမျိုးများ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များရရှိလိမ့်မည်ဟူ၍ ယုံကြည်ခဲ့ကြပေသည်။ ဤကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ၏ ထိုစဉ်ကရှိခဲ့ကြသောကောင်းမြတ်သည့်စိတ်စေတနာများကြောင့် အပြန်အလှန် နားလည်ယုံကြည်မှုကို တည်ဆောက်နိုင်ခဲ့ကြသည်။

သို့သော် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားပြီးနောက် ဦးနုသည် ဖဆပလအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ဦးနုသည် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန်အတွက် ဦးချန်ထွန်းအား အိန္ဒိယနိုင်ငံသို့ သွားရောက်လေ့လာရန် စေလွှတ်၍ ဦးချန်ထွန်းနှင့်ဦးမြင့်သိန်းတို့ကိုဖွဲ့စည်းအုပ်ချုပ်ပုံစနစ်အခြေခံ ဥပဒေကို အမြန်ရေးဆွဲစေခဲ့သည်။

တိုင်းပြည်ပြုလွှတ်တော်သို့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမူကြမ်းများကို တင်သွင်းစဉ်ကပင် ဦးချန်ထွန်းက အခြေအနေအရမလွဲရှောင်သာ၍ပြည်ထောင်စုနိုင်ငံတော်မျိုးဖွဲ့စည်းထားရကြောင်း၊ သို့သော် မိမိတို့ ပြည်ထောင်စု နိုင်ငံတော်မှာ အမေရိကန်ပြည်ထောင်စု၊ ဆွစ်ဇာလန်နိုင်ငံတို့ကဲ့သို့ပြည်ထောင်စုစစ်စစ် မဟုတ်ကြောင်း ကနေဒါပုံစံ အနည်းအားဖြင့် အလယ်လတ်စား ပြည်ထောင်နိုင်ငံမျိုးဖြစ်ကြောင်း စသည်ဖြင့်ရှင်းပြခဲ့သည်။ ဆက်လက်ပြီး ဦးချန်ထွန်းသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအခြေခံမှုများ၊ အခြေခံဥပဒေတွင် ပါရှိသောအခန်းများ၊ အပိုဒ်များကို ရှင်းပြပြီး နောက်ဆုံးတွင် အတည်ပြုခြင်းနှင့်ပက်သက်၍-

“ဗိုလ်ချုပ်အောင်ဆန်း ချပေးထားသည့် မူအတိုင်းဆိုလျှင် လူအင်အားအများကြီးကို သုံးရမည်ဖြစ်ကြောင်း၊ ငွေကြေးအကုန်များမည်ဖြစ်ကြောင်း၊ အခန်း(၁၀)ခန်း၌ ဖွဲ့စည်းအုပ်ချုပ်နေပုံ အခြေခံဥပဒေကိုပြင်ဆင်နိုင်မည်ဟုပြဋ္ဌာန်းပါရှိကြောင်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအတည်ပြု လက်စွဲမရှိလျှင် လွတ်လပ်ရေးမရရှိနိုင်ကြောင်း ထို့ကြောင့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို အတည်ပြုရန်လိုအပ်ကြောင်း” ရှင်းလင်းတင်ပြသွားသည်။

တိုင်းပြုပြည်ပြုလွှတ်တော်တွင် တက်ရောက်လာသော တောင်တန်းဒေသတိုင်းရင်းသား ခေါင်းဆောင် များသည် ပင်လုံစိတ်ဓါတ်၊ အမျိုးသားစိတ်ဓါတ်အရှိန်ကြောင့် ဦးနုနှင့် ဖဆပလအဖွဲ့ချုပ်ခေါင်းဆောင်များအပေါ် အကြွင်းမဲ့ယုံကြည်ခြင်း၊ နိုင်ငံရေးအတွေ့အကြုံအားနည်းခြင်း၊ ဥပဒေပြုလုပ်ခန်းနားလည်မှုအားနည်းခြင်း၊ အမျိုးသားခေါင်းဆောင်ကြီးများကျဆုံးကုန်၍ အချင်းချင်းသွေးစည်းညီညွတ်ရေးအတွက်ဆန္ဒပြင်းပြနေခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းပြောကြားသည့်အတိုင်း ဥပဒေစကားလုံးထက် ပင်လုံစိတ်ဓါတ်ကိုယုံကြည်ကိုးစားခြင်း၊ အခန်း(၁၁) တွင် ဖွဲ့သည့်အုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ခွင့်ပါရှိသဖြင့် လွတ်လပ်ရေးရရှိပြီး နောင်ပြင်ဆင်ခွင့် လိုသော် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကိုသွေးသား     ညီအစ်ကိုအချင်းချင်းဥပဒေစကားလုံးများကို အတိအကျအဓိပ္ပါယ်ကောက်ခြင်း၊ အကျပ်ကိုင်ခြင်းများ မပြုလုပ်ဘဲလွတ်လပ်ရေး အမြန်ဆုံးရရှိရေးကိုသာ ရှေးရှု၍ထောက်ခံခဲ့ကြသည်။ ထို့ကြောင့် တိုင်းပြုပြည်ပြု လွှတ်တော်တွင် တင်ပြသောအဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို တောင်ဆန်းဒေသခေါင်းဆောင်များကိုယ်စားတောင်ပိုင်းစော်ဘွားကြီး စဝ်ခွန်ပန်းစိန်က လှိုက်လှဲစွာထောက်ခံလိုက်သည်။ ဤသို့ဖြင့် ၁၉၄၇ စက်တင်ဘာလ ၂၄ ရက်တွင် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည်အတည်ပြုနိုင်ခဲ့သည်။ သို့သော် ၁၉၄၇ အခြေခံဥပဒေသည် ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရယူရေးအခြေခံပေါ်တွင် အစောတလျင်ရေးဆွဲခဲ့၊ အတည်ပြု ခဲ့ရခြင်းကြောင့် အားနည်းချက်များရှိခဲ့သည်။ နိုင်ငံဖွဲ့စည်းမှုသည်ပြည်ထောင်စုပုံစံမပီပြင်ခြင်း၊ ကရင်၊ ရခိုင်နှင့် မွန်လူမျိုးများအတွက် ပြည်နယ်ဖေါ်ဆောင်မှုမရှိခြင်း၊ ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရ၏ အာဏာခွဲခြားထားမှု ပုံစံမကျခြင်းစသည့် အားနည်းချက်များကြောင့် တိုင်းပြည်၏စည်းလုံးညီညွတ်မှုကို မဖေါ်ဆောင်နိုင်ခဲ့ပေ။

ထို့ပြင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေံဥပဒေအရပေါ်ထွန်းလာခဲ့သော ဖဆပလ အစိုးရသည် နိုင်ငံရေး ဒီမိုကရေစီအခြေခံအကျဆုံးဖြစ်သော ပါတီစုံ ဒီမိုကရေစီ စနစ်ကိုလက်တွေ့အကောင်အထည်ဖေါ်ရာတွင် ပါတီဂိုဏ်းဂဏခွဲပြင်းထန်လွန်းခြင်း၊ ဗိုလ်ချုပ်ဆောင်ဆန်းနှင့်တိုင်းရင်းသားခေါင်းဆောင်များ ချမှတ်ထားသော ပင်လုံစိတ်ဓါတ်ပဋိညာဉ် အတိုင်းဗမာပြည်ကို အဖွဲ့ဝင်ပြည်နယ်တခုအဖြစ် သတ်မှတ်ခြင်းမရှိဘဲ ပြည်ထောင်စုနှင့် တွဲထားသဖြင့်၊ ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားများတန်းတူအခွင့်အရေးဆုံးရှုံးသွားခြင်း၊ ပြည်နယ်အဆင့်အတန်းရသင့်ရထိုက်သော ကရင်နီနယ်စော်ဖျာများနှင့် ပြည်သူလူထုဆန္ဒသဘောထား အမှန်မရှိဘဲကရင်နီပြည်နယ်ကိုပြည်ထောင်စုမြန်မာနိုင်ငံထဲတွင်ပြည်နယ်တစ်နယ်အဖြစ်ထည့်သွင်းခြင်း စသည့် အခြေခံအကြောင်းများကြောင့်လည်းကောင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပြည်သူရဲဘော်အဖွဲ့မှ ခွဲထွက်လာသော ရဲဘော်ဖြူတို့သည် ပါတီဝါဒအရလက်နက်ကိုင်တိုက်ပွဲကို ဆင်နွဲခဲ့ခြင်းကြောင့်လည်းကောင်း၊ ကရင်၊ ရခိုင်၊ မွန် တိုင်းရင်းသားများသည် တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းရရှိရေး အတွက် လက်နက်ကိုင်တိုက်ပွဲကိုဆင်နွဲခဲ့၍လည်းကောင်း၊ ကရင်နီအမျိုးသားသည် ခုခံတွန်းလှန်စစ်တိုက်ပွဲများ ပေါ်ပေါက်လာသောကြောင့်လည်းကောင်း လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်မီးသည် တောက်လောင် လာခဲ့ရလေသည်။

ထို့ပြင် ဖဆပလ ပါလီမန် ဒီမိုကရေစီအစိုးရသည် အာဏာရသက်တမ်းအတွင်း ရှမ်း၊ ကရင်နီ၊ ကချင်၊ ချင်း စသည့်တိုင်းရင်းသားတို့က နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ရန် တင်ပြလာတိုင်း အကြောင်းအမျိုးမျိုးပြအချိန်ဆွဲလွန်းခြင်း၊ ကူမင်တန်တရုတ်ဖြူ ကျူးကျော်မှုကို အကြောင်းပြု၍ ရှမ်းပြည်နယ်တွင် စစ်အုပ်ချုပ်ရေးကျင့်သုံးခဲ့မှုကြောင့် စစ်အုပ်ချုပ်ရေးကာလအတွင်း စစ်တပ်သည် ရှမ်းလူထုကို မတရားဖိနိုပ်ညှဉ်းပမ်းအနိုင်ကျင့်ခဲ့ခြင်း၊ ကချင်ပြည်နယ်တွင်းရှိလူထုဆန္ဒမခံယူဘဲ ၁၉၆၀ ပြည့်နှစ်အောက်တိုဘာ ၁ ရက်နေ့တွင် နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုနှင့်တရုတ်ဝန်ကြီးချုပ်ချူအင်လိုင်းတို့သည် မြန်မာ-တရုတ်နယ်နိမိတ်စာချုပ်များကို လက်မှတ်ရေးထိုး၍စာချုပ်အရ ကချင်ပြည်နယ်ရှိ ဖီမော်၊ဂေါ်လန်၊ ကန်ဖန်ဒေသ (၁၅၃ စတုရန်းကီလိုမီတာ) ကိုတရုတ်ပြည်သို့လွှဲပြောင်းပေးခဲ့သည်။ တရုတ်ပြည်က ပိုင်ဆိုင်ပြီးမြန်မာနိုင်ငံသို့ အငှားချထားသော မိုင်းမောတြိဂံဒေသ (၂၂၀ စတုရန်းကီလိုမီတာ) ကို မြန်မာပြည်အားလွှဲပြောင်းပေးခဲ့သည်။ မိုင်းမောဒေသ (ဝနယ်) နှင့်လဲလှယ်သောအားဖြင့်မြန်မာနိုင်ငံက တရုတ်နိုင်ငံသို့ပန်းဟုံနှင့် ပန်းလောင်ဒေသ (၁၈၉ စတုရန်းကီလိုမီတာ) ကိုတရုတ်ပြည်သို့ မြန်မာမှ ပေးရခြင်းအတွက်နှင့် နှစ်နိုင်ငံနယ်နိမိတ်စာချုပ်ကို ၁၉၆၀ ပြည့်နှစ် ဇန်နဝါရီလ ၂၈ ရက်တွင် ပီကင်း မြို့၌တရုတ်ဘာသာဖြင့်လည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း  ချုပ်ဆိုခဲ့ခြင်း၊ ၁၉၆၁ ခုနှစ်သြေဂုတ်လ ၂၈ ရက်နေ့တွင် ပါလီမန်ပြည်သူ့လွှတ်တော်နှင့်လူမျိုးစု လွှတ်တော် ၂ရပ်ပူးတွဲညီလာခံတွင် ဝန်ကြီးချုပ်ဦးနုသည် ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းခဲ့ခြင်းတို့ကြောင့် ရှမ်း၊ ကချင် လက်နက်ကိုင်တပ်များ ပေါ်ပေါက်လာသဖြင့် မြန်မာနိုင်ငံသည် ပြည်တွင်း စစ်မီးထပ်ဆင့်လောင်ကျွမ်းခဲ့ရသည်။

ဤသို့ပြည်တွင်း စစ်မီးအရှိန်မြင့်လာသည်နှင့် အမျှစစ်တပ်၏ အခန်းကဏ္ဍရှေ့တန်းသို့ ရောက်ရှိလာခဲ့သည်။ ဖဆပလ အစိုးရအုပ်ချုပ်သော ၁၀ နှစ်တာကာလတွင် အရပ်သား နိုင်ငံရေးသမား များသည် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဂုဏ်းဂဏစွဲများပြင်းထန်လာသဖြင့် လွတ်လပ်ရေး၏ တပ်ဦးသဖွယ်ဖြစ်ခဲ့သော ဖဆပလအဖွဲ့ချုပ်ကြီးသည် ဦးနု၊ သခင်တင်ဦးဆောင်သောသန့်ရှင်း ဖဆပလ (နောင် ပထစ ဟု အမည်ပြောင်း) နှင့် ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ ဦးဆောင်သော တည်မြဲ ဖဆပလ ဟူ၍နှစ်ခြမ်းကွဲကာ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော အိမ်စောင့်အစိုးရလက်သို့ (၁၈) လကြာ အာဏာလွှဲအပ်ရခြင်းပေါ်ပေါက်လာခဲ့သည်။ အိမ်စောင့်အစိုးရသည် (၂) နှစ်နီးပါး အာဏာ စည်းစိမ်ခံစားခဲ့ရမှုကြောင့် ဗိုလ်နေဝင်းဦးဆောင်သော စစ်အာဏာရှင်အုပ်စုသည် မိမိကိုယ်ကို တိုင်ပြည်၏ ကယ်တင်ရှင်ကြီးပမာ ထင်မှတ်ကာ အာဏာကို တက်မက်သွားခဲ့သည်။ ထိုကာလမှစ၍ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး စိတ်ဓါတ်သည်လည်း တဆင့်ပြီး တဆင့်ယိမ်းယိုင်သွားတော့သည်။

ထို့နောက်ဗိုလ်ချုပ်ကြီး နေဝင်း အိမ်စောင့်အစိုးရသည် ၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ပါတီခုံ အထွေထွေရွေးကောက်ပွဲကိုကျင်းပပြုလုပ်ပေးခဲ့ရာ၊ သန့်ရှင်း ဖဆပလ သည်အပြတ်အသတ် အနိုင်ရရှိသွားခဲ့သည်။ ရွေးကောက်ပွဲအနိုင်ရခဲ့သော သန့်ရှင်း ဖဆပလ သည် ပါတီညီလာခံ၌ သန့်ရှင်း ဖဆပလ ကို ပြည်ထောင်စု ပါတီ (ပထစ) ဟုအမည်ပြောင်းလဲ၍၊ အစိုးရအဖွဲ့ကိုပြည်ထောင်စု အစိုးရဟူ၍ ပြောင်းလဲခေါ်ဝေါ်စေသည်။

ဝန်ကြီးချုပ်ဦးနုသည် ရွေးကောက်ပွဲတွင်မတိုင်မီ မဲဆွယ်စည်းရုံးရေးခရီးစဉ် ကာလအတွင်း ပြောကြားခဲ့သော မိန့်ခွန်းတွင် –

“၁၉၆၀ ပြည့်နှစ်ရွေးကောက်ပွဲကြီးကို မိမိသာ အာဏာပြန်ရခဲ့ရင် ပြည်ထောင်စုတည်တံ့ခိုင်မြဲရေး အတွက်ပြည်နယ်အသီးသီးကခေါင်းဆောင်များတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လိုအပ်သလိုပြင်ဆင်ပေးမယ်” ဟူ၍ကတိပြုခဲ့သည်။ ထိုကတိကဝတ်အတိုင်း ဝန်ကြီးအစည်းအဝေးတစ်ခု၌ ဝန်းကြီးဦးနုက –

(၁) ယခုအခါမှာဆိုလျှင် လွှတ်တော်တစ်ခုလုံး၏အမတ်ဦးရေ သုံးပုံနှစ်ပုံကျော်သည် အစိုးရ၏လက်ထဲတွင် ရှိနေကြောင်း၊ ထိုကဲ့သို့ရှိနေတဲ့အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင်လိုပါက ယခုအချိန်သည်အကောင်းဆုံးအချိန်ပင်ဖြစ်ကြောင်း၊

(၂) ဤကဲ့သို့ အကောင်းဆုံးအချိန်ဖြစ်နေသည့်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဘယ်လိုပြင်ဆင်ချင်ပါသလဲ ဟုပြည်နယ်အစိုးရအဖွဲ့များကိုမေးချင်ကြောင်း၊

(၃) ပြည်နယ်အစိုးရအဖွဲ့များက တင်ပြသော အဆိုပြုလွှာများကိုရှေ့ဦးစွာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်အောင် နှီးနှောဖလှယ်ပွဲ (Seminar) ခေါ်ယူ၍တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့များ၊ ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရကိုယ်စားလှယ်များ၊ အတိုက်အခံအဖွဲ့ကိုယ်စားလှယ်များကို ပါဖိတ်ကြားမည်ဖြစ်ကြောင်း၊

(၄) ယင်းနှီးနှောဖလှယ်ပွဲတွင် မိသားစုများဆွေးနွေးကြသည့်အတိုင်း ဆွေးနွေး၍ များ သဘောတူလက်ခံနိုင်မည့် အဆိုများကိုရွေးခြယ်ကာ အကောင်ထည်ဖေါ်ပေးမည်။ အဖြေရှာ၍ မရသေးသည့်အဆိုများကို ဆက်လက်ဆွေးနွေးညှိနှိုင်းမည်ဖြစ်ကြောင်း၊

ဤအတိုင်းလုပ်ပေးလျှင် ပြည်ထောင်စုမြန်မာနိုင်ငံသည်ယခုထက်ပို၍ စည်းလုံးညီညွတ်လာမည်ဟု မိမိယုံကြည်ကြောင်း၊ မိမိနိုင်ငံရေးလောက မထွက်သွားခင်အမျိုးသားညီညွတ်ရေးလုပ်ငန်းကို အစွမ်းကုန် ဆောင်ရွက်သွားချင်ဟူ၍ဝန်ကြီးချုပ်ဦးနုက တင်ပြသွားခဲ့သည်။

ဝန်ကြီးချုပ်ဦးနုတင်ပြခဲ့သည့်အချက် (၄) ချက်စလုံးကို ဝန်ကြီးများအားလုံးက သဘောတူခဲ့သောကြောင့် တိုင်းရင်းသားနှီးနှောဖလှယ်ပွဲအတွက် လိုအပ်သည့်အစီအစဉ်များ ပြုလုပ်ရန် တရားရေးဌာနဝန်ကြီးကိုတာဝန်လွှဲအပ်ခဲ့သည်။

ထို့နောက် ၁၉၆၀ ပြည့်နှစ် စင်တင်ဘာလ ၂၂ ရက်နေ့တွင် ကျင်းပသော ပါလီမန်တတိယ ပြည်သူ့လွှတ်တော်ညီလာခံတွင် တရားရေးဌာနဝန်ကြီးဒေါက်တာဦးဧမောင်က အခြေခံဥပဒေ ပြင်ဆင်ရေးအဆို ကို တင်သွင်းခဲ့သည်။ အဆိုတင်သွင်းရာတွင် ၎င်းက-

“လွန်ခဲ့တဲ့ ၁၂ နှစ် ၁၃ နှစ် အတွင်းမှာ လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်များကို သုံးစွဲတဲ့အခါမှာ ရံဖန်ရံခါ အခက်အခဲမှားနဲ့ တွေ့ရပါတယ်။ တခါတရံ အခက်အခဲများက ကျော်လွန်ဖို့ မဖြစ်နိုင်တဲ့အခက်အခဲများရှိပါတယ်။ အဲသည်လိုလုပ်လို့ ကိုင်လို့မရတဲ့ကိစ္စမျိုးဆိုလျှင် ပြင်ဆင်ဖို့ ရည်ရွယ်ပါတယ်။ တစ်နှစ်အတွင်း လွတ်လပ်ရေးရဖို့ကြိုးပမ်းတဲ့အခါမှာ တစ်နှစ်အတွင်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြီးစီးအောင် ရေးဆွဲရမယ်ဆိုတဲ့ ဇောနဲ့ရေးဆွဲတော့ အချို့နေရာများမှာ နည်းနည်းကလေးလိုသွားတာရှိပါတယ်။ အချို့နေရာများမှာလည်း ချွတ်ယွင်းချက်ကလေးတွေရှိသွားပါတယ်။

ယခုပြန်ပြီးပြင်ဆင်ဖို့ လိုပါလိမ့်မယ်။ ရှိပြီးသားမူကို မပျက်စေရအောင် ဤအချက်များနဲ့ ပြင်ဆင်ရပါလိမ့်မယ်။

(၁) ဒီမိုကရေစီကိုထိခိုက်လာမည့်အချက်များ၊

(၂) ပြည် ထောင်စု တည်တံ့ခိုင်မြဲရေးကိုထိခိုက်မည့်ပြဋ္ဌာန်းချက်များ၊

(၃) ပြ ည် ထောင်စုကြီး စည်းလုံးညီညွတ်ရေးကိုထိခိုက်စေမည့် အချက်များ စသည့် အချက်များသတ်မှတ် ၍ပြင်ဆင်ရန် လွှတ်တော်၌ရှင်းလင်းတင်ပြခဲ့သည်။

ဤအဆိုကို ဖဆပလ အမတ်ဦးထွန်းကထောက်ခံဆွေးနွေးရာတွင်လည်း “ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲမှာ ပါတဲ့အချို့အချက်အလက်များတွေက အခြေအနေအရမဟပ်မိတာတွေ၊ ရည်မှန်းချက် အတိုင်း ဖြစ်မလာဘဲနဲ့ တမျိုးတဖုံ ဥပဒေရေးရာအရဖြစ်သွားတဲ့ဟာတွေကို ကျွန်တော်တို့ တွေ့မြင်ရပါတယ်။ ဒါကြောင့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေထဲမှာရှိတဲ့ ပြဋ္ဌာန်းချက်များကို မူလရည်မှန်းချက်ထားတဲ့အတိုင်း ဖြစ်နိုင်သလောက်ပြန်ဖြစ်အောင် ကျွန်တော်တို့ပြန်လည်စီစစ်ဖို့ လိုတယ်လို့ယူဆပါတယ်” ဟူ၍ ဆွေးနွေး တင်ပြသွားသည်။

ကချင်ပြည်နယ်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဇန်ထားဆင်လည်း – “ယနေ့ ၁၂ နှစ် ၁၃နှစ်ရှိလာတဲ့အချိန်မှာ ဤအခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ဖို့ အခွင့်အရေးပေါ်လာတော့ အင်မတန်မှပဲဝမ်းသာအားရမိပါတယ်၊ အခြေခံဥပဒေကိုပြင်ဆင်တဲ့အခါမှာ ပြည်နယ်တွေနဲ့ နစ်နာမှု၊ ပြည်နယ်တွေရဲ့လိုလားချက်တွေကို ပြည့်ပြည့်ဝဝ ပြင်ဆင်နိုင်မှုအတွက် ပြည်နယ်အစိုးရဘက်ကရော၊ အတိုက်အခံများဘက်ကပါ စုံစုံစေ့စေ့ ထည့်လိုပါတယ်” ဟူ၍ အကြံပေးထောက်ခံခဲ့သည်။

ဤသို့သုံးသပ်ချက် ဆွေးနွေးခဲ့ကြပြီးတရားရေးဌာနဝန်ကြီးဦးဧမောင် ၏အဆိုကို လွှတ်တော်တွင် အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့ကြသည်။ ထို့နောက် ၁၉၆၀ ပြည့်နှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဒေါက်တာဦးဧမောင် ကို ဥက္ကဋ္ဌ အဖြစ်တာဝန်ပေးအပ်ကာ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီကို ၂၉ ဦးဖြင့်ဖွဲ့စည်းခဲ့သည်။

၁၉၆၀ ပြည့်နှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင်အခြေခံဥပဒေပြင်ဆင်ရေးအတွက်အကြိုဆွေးနွေးပွဲကို ရှမ်းပြည်နယ် ဥက္ကဋ္ဌ စဝ်ခွန်ချို၏ရုံးခန်း၌ကျင်းပခဲ့သည်။ ထိုဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီအသီးသီးမှ ပုဂ္ဂိုလ်များနှင့် တစ်သီးပုဂ္ဂလများသည် တက်ရောက်ခဲ့ကြသည်။ ထိုအစည်းအဝေးမှ အခြေခံဥပဒေ စီစစ်ရေးကော်မတီကိုအဖွဲ့ ဝင် ၂၅ ဦးဖြင့်ဖွဲ့စည်းခဲ့ကြသည်။

နောက်ပိုင်းတွင် ကော်မတီ၏ အမည်ကို ပြည်ထောင်စု မြန်မာနိုင်ငံ၏ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေးခွဲရေး ( ရှမ်းပြည်နယ်ဆိုင်ရာ) ကြိုးကိုင် ကော်မတီဟု ပြောင်းလဲခဲ့သည်။ကြိုံးကိုင်ကော်မတီသည် အခြေခံဥပဒေပါ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေး၊ တရားစီရင်ရေး ဆိုင်ရာပြဋ္ဌာန်း ချက်များကိုလေ့လာ၍ ရှမ်းပြည်နယ်မှ တင်သွင်းသော ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ရေးအဖွဲ့ နှင့် ပူးပေါင်းလျက် ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီ လ ၂၅ ရက်နေ့တွင် တောင်ကြီးမြို့၌ ကျင်းပသော ပြည်လုံးကျွတ်ညီလာခံ တင်ပြကာအတည်ပြုခဲ့သည်။

အဆိုပါစာတမ်းကို ၁၉၆၁ မတ်လ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ၆ ထပ်ရုံးကြီး၌ ကျင်းပသော ပြည်နယ်များပြဿနာ သုံးသပ်ရေးကော်မတီအစည်းအဝေးတွင် တင်ပြ၊ ဆွေးနွေးသုံးသပ်ကြသည်။ ထိုရှမ်းပြည်နယ်မှ တင်သွင်းသော စာတမ်းကို စဝ်ရွှေသိုက်၊ စဝ်ထွန်းအေး၊ စဝ်ခွန်အောင်တို့က ရှင်းလင်းတင်ပြကြသည်။

ကရင်ပြည်နယ် ဝန်ကြီးဒေါက်တာစောလှထွန်းကလည်း  ဤစာတမ်းကို အကြံပြုချက်များဖြင့် ထောက်ခံဆွေးနွေးခဲ့သည်။ ကယားပြည်နယ်ဝန်ကြီးစဝ်ဝဏ္ဏကလည်း ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့တစ်ဖွဲ့ဖွဲ့၍ ဆောင်ရွက်ရန်အကြံပြုခဲ့သည်။ ကယားပြည်နယ်မှ ဦးစိန်ကလည်း အခြေခံဥပဒေပြင်ဆင်ရန် အခွင့်ကောင်းရချိန် အမြန်ဆုံးဆောင်ရွက်သင့်ကြောင်း ထောက်ခံဆွေးနွေးခဲ့ကြသည်။

ဤသို့ဖြင့် ပြည်နယ်ခေါင်းဆောင်များသည် ရှမ်းပြည်နယ်မှတင်သွင်းသော ပြည်ထောင်စု စစ်စစ်မူကို ထပ်မံဆွေးနွေးသုံးသပ်ရန်တောင်ကြီးမြို့၌ ပြည်နယ်ပေါင်းစုံညီလာခံကျင်းပရေးကို သဘောတူဆုံးဖြတ် ခဲ့ကြသည်။

● ပြည်နယ်ခေါင်းဆောင်များ ၁၉၄၇ ခုနှစ်ဖွဲ့စည်း

● အုပ်ချုပ်ပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ခြင်း

ရှမ်း၊ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ စသည်တိုင်းရင်းသားခေါင်းဆောင်များသည် ပြည်နယ်ပေါင်းစုံညီလာခံကို တောင်ကြီးမြို့၌ ၁၉၆၁ ခုနှစ် ဇွန်လ ၈ ရက်နေ့ မှ ၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။ ယင်းညီလာခံသို့ ရှမ်း ပြည်နယ်မှကိုယ်စားလှယ် ၁၃၀ ဦး၊ ကရင်နီ (ကယားပြည်နယ်) မှ ကိုယ်စားလှယ် ၂၀ ဦး၊ ကရင်ပြည်နယ်မှကိုယ်စားလှယ် (၂၇) ဦး၊ ကရင်ပြည်နယ်မှ ကိုယ်စားလှယ် (၂၆) ဦး ၊ ချင်းဝိသေသတိုင်းမှကိုယ်စားလှယ် (၅) ဦး၊ မွန်အမျိုးသားခေါင်းဆောင် (၁၃) ဦး၊ ရခိုင်အမျိုးသားခေါင်းဆောင်(၅) ဦး စုစုပေါင်း ကိုယ်စားလှယ် ၂၂၆ ဦး အပြင် လေ့လာသူ ၁၀၄ တို့တက်ရောက် ခဲ့ကြသည်။

ဇွန်လ ၁၃ ရက်နေ့တွင်ပြည်နယ်များ ညီညွတ်ရေးအဖွဲ့ကို ဖွဲ့စည်း၍ ရှမ်းပြည်နယ်မှတင်သွင်းသော ပြည်ထောင်စုစစ်စစ်မူကို ဆွေးနွေးသုံးသပ်ကြသည်။ ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ်များသည် အချက်အလက်များနှင့်တကွ ပြည့်ပြည့်စုံစုံ ဆွေးနွေး၍ ဖက်ဒရယ်မူကို သဘောတူ မတူ ဆန္ဒသဘောထားထောက်ခံရာ ဆန္ဒသဘောထားမပေးသူ (၃) ဦးသာရှိသဖြင့် ဇွန်လ ၁၆ ရက်နေ့တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ရေးစာတမ်းကို ပြည်နယ်ပေါင်းစုံညီလာခံမှ မူအားဖြင့်တညီတညွတ် တည်း သဘောတူဆုံးဖြတ်ခဲ့ကြသည်။

ပြည်ထောင်စုမူစစ်စစ်ကို ပြည်နယ်ပေါင်းစုံညီလာခံမှ လက်ခံအတည်ပြုပြီးနောက်ပိုင်းတွင် အခြေခံဥပဒေပြင်ဆင်ရေးရှမ်းပြည်နယ်ဆိုင်ရာကြိုးကိုင်ကော်မတီအဖွဲ့ဝင်များသည် ပြည်နယ်ပေါင်းစုံညီလာခံ၏ ဆုံးဖြတ်ချက်များကို ရှင်းလင်းပြောကြားရန် ၁၉၆၂ ဇွန် ၂၆တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။ ဇူလိုင်လ ၁ မှ ၇ ရက်နေ့အထိ ပထစ အဖွဲ့ချုပ်သခင်ကျော်ထွန်း၊ ပြည်သူ့တိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးအောင်သန်း( ဗိုလ်ချုပ်အစ်ကို) ပြည် သူ့ရဲေ ဘ်ာပါတီ မှ ခေါင်းဆောင်များ၊ သမ္မတမန်းဝင်းမောင်၊ ဗိုလ်မင်းခေါင်၊ ဗိုလ်လက်ျာ၊ သခင်ကိုယ်တော်မှိုင်း ဦးဆောင်သော ပြည်တွင်း ငြိမ်းချမ်းရေးကော်မတီဝင်များနှင့် ဝန်ကြီးချုပ်ဦးနုတို့ကို တွေ့ဆုံဆွေးနွေးခဲ့သည်။

ရှမ်းပြည်နယ်မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီးနောက် ဝန်ကြီးချုပ်ဦးနုက သတင်းစာရှင်းပွဲပြုလုပ်၍ “ရှမ်းမူရေးဆွဲပြီး သူတို့နဲ့ သဘောတူတဲ့လူနည်းတွေကို ဖိတ်ကာ ဆုံးဖြတ်ချက်တွေချ၍ အစိုးရအဖွဲ့ကို တင်ပြကာ မမှားဘူး၊ အထင်မှားချက်တွေ ပျောက်ကုန်တယ်” ဟူ၍ ပြောကြားခဲ့သည်။

ယင်းနောက်ပြည်နယ်များ ညီညွတ်ရေးအဖွဲ့မှကိုယ်စားလှယ်များသည် ၁၉၆၂ ဇန်နဝါရီ ၂၀ တွင် ဝန်ကြီးချုပ် ဦးနုနှင့် တွေ့ဆုံပြီး ပြည်နယ်များ ညီညွတ်ရေးအဖွဲ့၏ဖက်ဒရယ်မူကို တင်ပြခဲ့ကြသည်။

ပြည်နယ်များ ညီညွတ်ရေးအဖွဲ့မှ တင်ပြသည့် ဖက်ဒရယ်မူ စာတမ်း၌ ဘယ်လိုဖက်ဒရယ်ပြည်ထောင်စုပုံစံတည်ဆောက်မလဲအခန်းတွင် –

(၁) ပြည်ထောင်စုမြန်မာနိုင်ငံကို တကယ်စစ်မှန်သော ပြည်ထောင်ဖြစ်ရေးအတွက် တန်းတူညီမျှသော အမျိုးသားရေးရာ ပေါ်ရပ်တည်သည့် ပြည်နယ်အချင်းချင်းပူးပေါင်းထားမှသာ မှန်ကန်သော ပြည်ထောင်စုဖြစ်ပေမည်။ ထို့ကြောင့် စစ်မှန်သော ပြည်ထောင်စု ဖြစ်စေရန်ပြည်မနှင့် ပြည်နယ်ပူးပေါင်းထားသည့် ပုံစံမဟုတ်ဘဲ ဗမာပြည်မကို ပြည်နယ်တစ်ခုအဖြစ် ဖွဲ့စည်းပြီး၊ ပြည်ထောင်စုစစ်စစ် (Federal Union) ကို ဖွဲ့စည်းရန်။

(၂) ပြည်မက ဗဟိုအာဏာကို သိမ်းယူလုပ်ကိုင်နေခြင်းသည် တန်းတူညီမျှမှုမရှိ၍ မကျေနပ်ခဲ့သဖြင့် ၎င်းမကျေနပ်မှုများ ပပျောက်သွားရန် ဗမာပြည်မကို ပြည်နယ်တစ်ခုဖွဲ့ပြီး အခြားပြည်နယ်များနည်းတူ ပြည်ထောင်စုအဖွဲ့ဝင်တစ်ခုအနေဖြင့် ပါဝင်သော ပြည်ထောင်စု မြန်မာနိုင်ငံတည်ဆောက်ရန်။

ဟူ၍ ဖေါ်ပြထားသည်။

၁၉၆၂ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြည်ထောင်စုဝန်ကြီးအဖွဲ့ အစည်းအဝေးကို ကျင်းပသည်။ အဆိုပါအစည်းအဝေး၌ ပြည်နယ်များညီညွတ်ရေးအဖွဲ့မှ တင်သွင်းသော ဖက်ဒရယ်မူကိစ္စကို ပြည်သူ့လွှတ်တော်တွင် မဆွေးနွေးဘဲ အမျိုးသားညီလာခံ၌ ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကြသည်။

ထို့ကြောင့် အမျိုးသားညီလာခံကို ရန်ကုန်မြို့အသံလွှင့်ရုံခန်းမဆောင်၌ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဆက်ကျင်းပခဲ့သည်။

အမျိုးသားညီလာခံသို့ နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုအပါအဝင် ပထစအဖွဲ့ခေါင်းဆောင်များတည်မြဲ ဖဆပလပါတီခေါင်းဆောင်များ၊ ပမညတ ပါတီခေါင်းဆောင်များ၊ ပြည်နယ်အသီးသီးမှာ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် မွန်နှင့် ရခိုင်ကိုယ်စားလှယ်များစုံညီစွာ တက်ရောက်ခဲ့ကြသည်။

ညီလာခံတွင် ဝန်ကြီးချုပ်ဦးနုက –

“ဒီဆွေးနွေးပွဲမှာ ဆွေးနွေးမယ် ပြဿနာဟာ ပြည်ထောင်စု ကြီးတည်တံ့ခိုင်မြဲရေးပဲ ဖြစ်ပါတယ်။ ဒီပြဿနာကြီးကို ကျွန်တော်တို့ လက်ထက်မှာမှ မဖြေရှင်းနိုင်ဘူးဆိုရင် နောင်လက်ထက်တွေမှာတော့ ဘယ်နည်းနဲ့မှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်တယ်၊ ဆွေးနွေးတယ်ဆိုတာ အကြမ်းအားဖြင့် နှစ်မျိုးနှစ်စားရှိပါတယ်။ ရန်သူအချင်းချင်း ဆွေးနွေးပွဲနဲ့ မိသားစုချင်းဆွေးနွေးပွဲဖြစ်ပါတယ်၊ မိသားစုအချင်းချင်းဆွေးနွေးကြတဲ့ဆွေးနွေးပွဲမျိုးက ညီအစ်ကိုမောင်နှမတွေဟာ ကိုယ်လိုတာ တွေကို တင်ပြကြတယ်။ အဲဒီလိုတင်ပြကြတဲ့အခါမှာ သဘောကွဲလွဲချက်တွေရှိနေ၍ တစ်ယောက်နဲ့တစ်ယောက် အပေးအယူလုပ်ပြီး သဘောကွဲလွဲချက်တွေကို ညှိနှိုင်းကြရတယ်၊ အခုဆွေးနွေးပွဲဟာ မိသားစုဆွေးနွေးပွဲ ဖြစ်ရမယ်၊ သဘောကွဲလွဲချက်တွေကို ကျွန်တော်တို့အကျိုး၊ နောင်လာနောက်သားတွေရဲ့အကျိုး၊ ပြည်ထောင်စုကြီးရဲ့အကျိုးကို မျှော်ကိုးပြီး သဘောတူညီချက်မရရအောင် ညှိနှိုင်းကြရမှာပဲ၊ ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲရေး၊ ဒီမိုကရေစီ တည်တံ့ခိုင်မြဲရေးအတွက် နည်းကောင်းလမ်းကောင်းတွေကို ရှာချင်ပါတယ်။ ကျွန်တော်တို့ရှာမယ့်နည်းလမ်းတွေဟာ တရားမျှတရေး၊ လွတ်လပ်ရေး၊ ညီမျှရေးဆိုတဲ့ လောကပါလတရားသုံးပါးနဲ့ ပြည့်စုံတဲ့နည်းလမ်းတွေ ဖြစ်ရမယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။” ဟူ၍ ပြောကြားသွားခဲ့သည်။

နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုမိန့်ခွန်းပြောကြာပြီးနောက် ဝန်ကြီးစဝ်ခွန်ချိုက ဖက်ဒရယ်မူကို တင်သွင်းသည်။ ထို့သို့တင်သွင်းရာတွင် ၁၉၄၇ ပင်လုံညီလာခံမှ စ၍ ပြည်ထောင်စုကြီးပေါ်ပေါက်လာပုံကို ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုတည်ဆောက်ရေးနှင့် ပတ်သက်၍ –

(၁) တန်းတူညီမျှ အခွင့်အရေးရှိခြင်း၊

(၂) တောင်တန်းဒေသများတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိခြင်း၊

(၃) ပြည်ထောင်စုမှ ခွဲထွက်လိုက ခွဲထွက်နိုင်ခြင်း၊

စသည့်အချက် (၃)ချက်အပေါ်အခြေခံ၍ ပြည်ထောင်စုကြီးကို တည်ဆောက်ခဲ့ကြောင်း ရှင်းလင်း ပြောကြားသွားသည်။

၎င်းက ဆက်လက်၍ ပြည်နယ်များညီညွတ်ရေးအဖွဲ့မှ လိုလားသည့်ပြည်ထောင်စုဖွဲ့စည်းပုံစနစ်ကို တင်ပြရာတွင် –

(၁) ပြည်မကို ပြည်နယ်ဖွဲ့စည်းရေး၊

(၂) လွှတ်တော်နှစ်ရပ်အာဏာတူပေးရေး၊

(၃) လူမျိုးစု လွှတ်တော်သို့ ပြည်နယ်တိုင်းတူညီသော ကိုယ်စားလှယ်ပေးရေး၊

(၄)ပြည်နယ်များကမိမိတို့ဆန္ဒအလျောက်လွှဲအပ်ထားသောအာဏာများကို ပြည်ထောင်စုအစိုးရသို့ကန့်သတ်ပေး၍ အာဏာများကို ပြည်နယ်များတွင် ထားရှိရေး စသည်တို့ကို တင်ပြသွားခဲ့သည်။

ဝန်ကြီးစဝ်ခွန်ချိုတင်သွင်းသော ဖက်ဒရယ်မူကို ကချင်ပြည်နယ်မှ ဒူဝါးဇော်လွန်း၊ ချင်းဝိသေသတိုင်းမှ ကပ္ပတိန်မန်းထုံးနုံး၊ ရှမ်းပြည်နယ်မှ ဦးထွန်းမြင့် (တောင်ကြီး) ကယားပြည်နယ်မှ ဦးစိန်တို့က အထောက်အထားအကိုးအကားများဖြင့် တင်ပြကာ ထောက်ခံဆွေးနွေးသွားသည်။

ထို့အတူ မတ်လ ၁ ရက်နေ့တွင် ညီလာခံပြန်လည်ကျင်းပသောအခါ ပမညတပါတီမှ သခင်ချစ်မောင် (သာယာဝတီ) ကလည်းကောင်း၊ တည်မြဲ ဖဆပလ ပါတီမှ ဦးဗဆွေက လည်းကောင်း ဖက်ဒရယ်မူနှင့် ပတ်သက်၍ အထောက်အထားအကိုးအကားဖြင့် မြန်မာနိုင်ငံသည် ဖက်ဒရယ်ပြည်ထောင်စုအဖြစ် ပြန်လည်ဖွဲ့စည်းရန် မလိုအပ်ကြောင်း တင်ပြဆွေးနွေးသွားသည်။

ပြည်ထောင်စု ပထစ အစိုးရ၏ သဘောထားကို ၁၉၆၂ မတ်လ၇ရက်တွင် ဆွေးနွေးတင်ပြရန်ရှိသော်လည် မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သော တော်လှန်ရေးကောင်စီက အာဏာသိမ်းပိုက်လိုက်သော ကြောင့် ဆွေးနွေးတင်ပြခွင့် မရရှိခဲ့ပေ။

တိုင်းရင်းသားခေါင်းဆောင်များ ဖက်ဒရယ်မူဆွေးနွေးပွဲကျင်းပနေစဉ် စစ်တပ်မှ အာဏာသိမ်းပိုက်၍ သမ္မတမန်းဝင်းမောင်၊ ဝန်ကြီးချုပ်ဦးနု အပါအဝင်အစိုးရအဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမန်းဘဆိုင်နှင့် လူမျိုးစု လွှတ်တော်ဥက္ကဋ္ဌ စဝ်ခွန်ကြည့်အပါအဝင် လွှတ်တော်ကိုယ်စားလှယ် များ ကိုဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

၁၉၆၂ ခု မတ်လ ၄ရက်နေ့ စစ်တပ်မှ အာဏာသိမ်းပိုက်ရခြင်းနှင့် ပတ်သက်၍ အဖမ်းမခံရဘဲ အပြင်တွင် ကျန်ရစ်နေသော ပထစ ခေါင်းဆောင်များ၊ တည်မြဲ ဖဆပလနှင့် ပမညတခေါင်းဆောင်များကို ဖိတ်ကြား၍ တိုင်းပြည်တွင် ကုန်ဈေးနှုန်း အလွန်ကြီးမြင့်နေသည့်ကိစ္စ၊ တရားဥပဒေစိုးမိုးမှု ပျက်ပြားနေသည့် ကိစ္စများနှင့် ဖက်ဒရယ်မူကိစ္စများကြောင့် တိုင်းပြည်ချောက်ကမ်းပါးထဲ ကျရောက်တော့မည့် အခြေအနေများကြောင့် မလွှဲမရှောင်သာ၍ အာဏာသိမ်းပိုက်လိုက်ရကြောင်းရှင်းလင်းပြောကြားခဲ့သည်။

မတ်လ ၇ ရက်နေ့တွင်လည်း ဗိုလ်မှူးချုပ်အောင်ကြီးနှင့် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးကြီးစောမြင့် (မှူးသမိန်) တို့ကလည်း သတင်းစာရှင်းလင်းပွဲပြုလုပ်၍ –

“အာဏာသိမ်းရခြင်းအကြောင်းမှာ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ နောက်ဆုံးဖက်ဒရယ်မူ အရေးကိစ္စတို့ကြောင့် သိမ်းပိုက်ခဲ့ရကြောင်း အာဏာလိုချင်လွန်းလို့ အဓမ္မယူခြင်း မဟုတ်ကြောင်း၊ ဦးနုသည် နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးပြဿနာများကို ထိန်းမနိုင် သိမ်းမရအခြေအနေသို့ ရောက်အောင် ကြီးထွားစေခဲ့ကြောင်း၊ ဦးနုသည် မိမိ၏ပါတီကိုပင်မ ထိန်းသိမ်းနိုင်ခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

သို့သော် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သော တော်လှန်ရေးကောင်စီသည် အာဏာသိမ်းပိုက်ပြီးနောက် ပြည်တွင်းပြည်ပသို့ ထုတ်ပြန်ကြေညာရန် အချက်အလက်ရှာမရ၍ အကြံရကျပ်နေစဉ်အတွင်း သူ၏လက်ထက် စစ်ဗိုလ်ချုပ်တစ်ဦးက ဖက်ဒရယ်မူကြောင့် ပြည်ထောင်စုကြီးပြိုကွဲရတော့မည့် အန္တရာယ်ရှိလာမည့်အတွက် အာဏာသိမ်းပိုက်ရလိုက်ကြောင်း ကြေညာချက်ကိုစာရေး၍ ပြသခဲ့ရာ၊ ယင်းကို ဗိုလ်ချုပ်ကြီးနေဝင်း ဖတ်ကြည့်ကာ သဘောကျ၍ “အေး ကောင်းတယ်၊ အဲဒီအတိုင်း ရေဒီယိုက နေ အသံလွှင့် ကြေညာလိုက်” ဟု အမိန့်ပေးခဲ့ကြောင်း နောက်ပိုင်းတွင် ဗူးပေါ်သလို ပေါ်လာခဲ့လေသည်။

ထို့ကြောင့် ဗိုလ်ချုပ်ကြီးနေဝင်းသည် ဖက်ဒရယ်မူကြောင့် ပြည်ထောင်စုကြီးပြိုကွဲမည်ကို စိုးရိမ်ကာ အာဏာသိမ်းခြင်းမဟုတ်ဘဲ အာဏာငမ်းငမ်းတက်မက်မော၍ သိမ်းချင်လို့သိမ်းပြီးမှ ဖက်ဒရယ်မူကို ချော်လဲရောထိုင်လုပ်ခဲ့ခြင်းသာ ဖြစ်ကြောင်း ထင်ရှားလေသည်။

ဝန်ကြီးချုပ်ဦးနုကလည်း ဖက်ဒရယ်မူသည်ခွဲထွက်ရေးမူ၊ ဖက်ဒရယ်မူကြောင့် ပြည်ထောင်စုကြီး ပြိုကွဲမည့်အအန္တရာယ်ရှိသည်။ ထိုစဉ်က ထိန်းမနိုင်သိမ်းမရသည်အခြေအနေရှိသည် ဟူသော စွပ်စွဲချက်များကို လုံးဝလက်မခံခဲ့ပေ။ ဖက်ဒရယ်မူတောင်းဆိုသည့်ကိစ္စသည် စိုးရိမ်ဖွယ်ရာကိစ္စမဟုတ်ကြောင်း၊ အသံလွှင့်ရုံတွင် ကျင်းပခဲ့သည့် ဖက်ဒရယ်နှီးနှောဖလှယ်ပွဲမှာ မိမိကိုယ်တိုင်စီစဉ်ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ကြောင်း နှီးနှောဖလှယ်ပွဲမှ ထွက်ပေါ်လာသည့်သဘောထားများကို ညှိနှိုင်းအဖြေရှင်းမည့်ပါတီပေါင်းစုံပါဝင်သော ကော်မတီတရပ်ဖွဲ့စည်းရန် စီစဉ်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်ဦးနုသည် ဖက်ဒရယ်မူနှင့် ပတ်သက်၍ နှီးနှောဖလှယ်ပွဲ၌ ပြောကြားရန်ရှိသော်လည်း စစ်တပ်က အာဏာသိမ်းလိုက်သောကြောင့် ပြောကြားခွင့် မရရှိခဲ့ပေ။ သို့ရာတွင် အာဏာသိမ်းပြီး ၂၈ နှစ်ခန့်အကြာ သမိုင်းသုတေသနဌာနက မေးမြန်းသည့်အခါ ပြောကြားခဲ့ရာတွင် –
“ခွဲထွက်ခွင့် ဆိုတဲ့ဟိုဥစ္စာကြီးဖြုတ်ပစ်လိုက်ပါမထားနဲ့တော့၊ ခင်ဗျားတို့လိုချင်တဲ့အာဏာတွေကို နောက်ထပ်ပြီးတောင်းမလား၊ နည်းနေတယ်လို့သူတို့ပြောတယ်၊ အင်္ဂလိပ်တွေရှိတုန်းက ၉၁ ဌာနဆိုတာကတော့ ကြားလိုက်တော့ ၁၀၀ မှာ ၉၁ ဌာနဆိုတော့များနေတယ်၊ ၉၀ နဲ့ ၁ ဌာနက သုညတွေ၊ (၇) ဌာနက တကယ်တော့ အဆီအနှစ်တွေ၊ ဒါကိုအင်္ဂလိပ်လိုက ကိုင်ထားတယ်၊ အဲသလိုမျိုးဖြစ်ချင်ဖြစ်နေမလား၊ အဲဒါတွေကိုလိုရှိရင် ဖြင့်ပြော၊ ကျွန်တော်တို့ နောက်ထပ်ပြီးတော့ ဘယ်ဟာကိုလိုချင်သေးတယ်၊ နောက်ထပ်ပြီးတော့ ဘယ်အာဏာပေးပါဦး၊ ဘယ်ဌာနပေးပါဦးပြော၊ Discuss လုပ်မယ်၊ လုပ်ပြီးတော့ ကျွန်တော်တို့ ညီအစ်ကိုအချင်းချင်းပဲ၊ သူတို့ကိုပေးလိုက်ရလို့ပိုသွားတယ်၊ ကျွန်တော်တို့ ဗမာက ရှုံးကျန်ရစ်ခဲ့တယ်၊ ဒီလိုမဟုတ်ဘူး၊ အကုန်ပေးမယ်၊ ခွဲထွက်ပိုင်ခွင့်ဆိုတာကြီးကိုဖြုတ်ပစ်လိုက်တော့၊ ခင်ဗျားတို့လိုချင်တယ် ဆိုတဲ့ Schedule ဆိုထဲမှာ List တွေထဲမှာနောက်ထပ်ပြီးတော့ ကျွန်တော်တို့ အာဏာတွေတို့ပေးမယ်” ဟူ၍ ဖက်ဒရယ်မူနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ်ဟောင်းဦးနု၏ သဘောများကို ပြောကြားရန်ရှိခဲ့သည်။ ထိုသဘောထားများကိုသာနှီးနှောဖလှယ်ပွဲတွင် ပြောကြားခွင့်ရခဲ့မည်ဆိုပါက ပြည်နယ်ကိုယ်စားလှယ်များ အနေဖြင့်လက်ခံကြလိမ့်မည်ဟု ယုံကြည်ကြောင်းပြောကြားခဲ့လေသည်။

ပြည်နယ်များညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌ စဝ်ခွန်ချိုကလည်း ဖက်ဒရယ်မူအဆို တင်သွင်းတောင်းဆိုမှု များသည် စိုးရိပ်ဖွယ်ရာမရှိကြောင်း၊ ဤကိစ္စနှင့်ပတ်သက်၍ ဦးနုနှင့်ညှိနှိုင်းထားပြီး ဖြစ်ကြောင်း၊ ဖက်ဒရယ်မူတောင်းဆိုခြင်းမှာ အာဏာပိုမိုရရှိလာအောင်ဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကယားပြည်နယ်မှဦးစိန်ကလည်း မိမိတို့တောင်းဆိုခဲ့သော ဖက်ဒရယ်မူသည် ပြည်ထောင်စုကြီးပြိုကွဲစေမည့်မူ မဟုတ်ကြောင်း၊ မိမိတို့သည် ထိုစဉ်ကခွဲထွက်ခွင့်ကိုလုံးဝသတိမရခဲ့ကြောင်း ပြောကြားခဲ့သည်။

မှန်လေသည်။ ဖက်ဒရယ်ခေါ်ပြည်ထောင်စု စနစ်ဆိုသည်မှာ ကမ္ဘာပေါ်ရှိမည်သည့် ပြည်ထောင်စု နိုင်ငံကိုပင် ကြည့်ကြည့်ပြည်ထောင်စုခေါ် ပြည်နယ်များသဘောတူစုပေါင်းဖွဲ့စည်းသောစနစ်ဖြစ်သည်။ မြန်မာစာအဖွဲ့မှ ထုတ်ဝေသော ‘အင်္ဂလိပ်-မြန်မာအဘိဓာန်’ တွင်ဖက်ဒရယ် (Fedenal) ၏အဓိပ္ပါယ်ကိုဗဟိုံ အစိုးရနှင့်သီးခြားပြည်နယ်များအကြားအာဏာကန့်သတ်ခွဲဝေမှုရှိသော၊ ထားသော ဟူ၍အနက်ဖွင့်ထားသည်။

ထိုနည်းတူစွာ ‘Oxford Advanced Learner’s Dictionary’ တွင် Fedenal ၏အဓိပ္ပါယ်ကို Having a system of government in  which the individual states of a country have contral over their own affairs, but one controlled by a central  government for national decision’s ယူ၍ ဖွင့်ဆိုထားသည်။

မောင်ဝံသ ပြုစုသည် ‘ခေတ်မီနိုင်ငံရေးဝေါဟာရ အဘိဓာန်’ ၌ ဖက်ဒရယ်စနစ် (Fedenalism) ၏အဓိပ္ပါယ်ကိုလည်း အောက်ပါအတိုင်းဖေါ်ပြထားသည်။

“ဖက်ဒရေးရှင်း (Fedenaltion) ခေါ်ပြည်ထောင်စုများစုပေါင်းဖွဲ့စည်းထားသော ပြည်ထောင်စုပုံစံကို လက်ခံကျင့်သုံးသည့်စနစ်ဖြစ်သည်။ စစ်ရေးနှင့်ကူသန်းရောင်းဝယ်ရေးကဲ့သော နိုင်ငံတကာနှင့် သက်ဆိုင်သည့် အရေးကြီးကိစ္စများ၌သာလျှင် အဓိကပူပေါင်းဆောင်ရွက်မှုရှိသည်။ ကျန်ရှိသောပြည်တွင်ရေးကိစ္စများကို လွတ်လပ်စွာ ကိုယ်ပိုင်စီမံအုပ်ချုပ်ခွင့်ရှိသည်။ ကွန်ဖက်ဒရေစီ (Confedenacy) ဟူသော ပြည်ထောင်စုပုံ တစ်မျိုးရှိသေးသည်။ ကွန်ဖက်ဒရေစီသည် ဖက်ဒရေးရှင်းထက်ပို၍ လွတ်လပ်သော အချုပ်အခြာအာဏာသီးခြား ကင်းလွတ်စွာ ကျင့်သုံးသောနိုင်ငံများအစုအဖွဲ့ကို ခေါ်သည်။ ၁၈ ရာစုက စ၍  လွတ်လပ်ခဲ့ကြသော အမေရိကန်ကိုလိုနီများသည် ဖက်ဒရယ်အစိုးရပုံစံဖြင့် အုပ်ချုပ်ခဲ့ကြသည်။ သို့သော် နောင် ဗဟိုအစိုးရသို့မဟုတ် နိုင်ငံလုံးဆိုင်ရာအာဏာပိုင်စိုးမှု၏ အခန်းကဏ္ဍကို မြှင့် တင်ခဲ့သည်။ ယနေ့အမေရိကန်ပြည်နယ်များသည် နိုင်ငံခြားရေးနှင့် ကာကွယ်ရေးကိစ္စများမှလွဲ၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိကြသည်။ ထို့ကြောင့် လည်း တရားဥပဒေကိစ္စများတွင် ပြည်နယ်တစ်ခုနှင့် တစ်ခု မတူညီမှုများစွာ ရှိနေသည်။

ဖက်ဒရယ်ပုံစံကို ဥရောပတွင် ဆွစ်ဇာလန်နိုင်ငံက အစောဆုံးကျင့်သုံးခဲ့သည်။ ၁၃ ရာစုတွင် စတင်ခဲ့သည် ဟုဆိုသည်။ သို့သော် လက်ရှိကျင့်သုံးနေသော ခေတ်သစ်ဖက်ဒရယ်ရှင်းပုံစံမှာ ၁၈၇၄ က စတင်ခဲ့ခြင်းဖြစ်သည်။

၁၉၈၀ ပြည့်နှစ်များနောက်ပိုင်းနှင့် ၁၉၉၀ ပြည့်နှစ်များစောစောပိုင်းတွင် ဥရောပသမဂအဖွဲ့ (E.C) အတွင်း စီးပွားရေးဆိုင်ရာပြည်ထောင်စု (Education Union) နှင့် နိုင်ငံရေးဆိုင်ရာပြည်ထောင်စု (Political Union) ဖွဲ့စည်းရေးအထိ ဦးတည်ခဲ့ကြရာ ဖက်ဒရယ်ပုံစံစနစ်ကျင့်သုံးရန် စဉ်းစားခဲ့ကြသေးသည်။ E.C အဖွဲ့ဝင်နိုင်ငံအများစုက ဖက်ဒရယ်စနစ်သည် မူဝါဒချမှတ်ရေးအဆင့်လောက်သာဖြစ်ဖွယ်ရှိသည် ဟု ရှုမြင်ခဲ့ကြသော်လည်း ဗြိတိသျှအစိုးရကမူ ဗဟိုချုပ်ကိုင်မှု (Centralization) ဖြစ်လာမည် ဟု ရှုမြင်ခဲ့သည်။

အတိတ်က ဗြိတိသျှအစိုးရများသည် ကိုလိုနီနိုင်ငံများကို လွတ်လပ်ရေးပေးမည့်လုပ်ငန်းစဉ်၌ လွတ်လပ်ပြီးသော နိုင်ငံများသည် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းသင့်သည် ဟု တိုက်တွန်းခဲ့သည်။ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးတွင် အားနည်းဖွယ်ရှိသော နိုင်ငံငယ်များသည် ဖက်ဒရယ်အစိုးရနှင့် အာဏာခွဲဝေကျင့်သုံးခြင်းဖြင့် အကျိုးပိုရှိနိုင်သည် ဟု ဒုတိယကမ္ဘာစစ်ပြီးခေတ် ဗြိတိသျှနိုင်ငံရေး ခေါင်းဆောင်များက ယူဆခဲ့ကြသည်။

သို့ဖြင့် မလေးရှားနိုင်ငံသည် ၁၉၄၈ တွင် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျင့်သုံးခဲ့သည်။ ရိုဒီးရှားမြောက်ပိုင်း တောင်ပိုင်းနှင့် ညာဆာလင်တို့က ၁၉၅၃တွင် ဖက်ဒရယ်ရှင်းဖွဲ့ခဲ့ကြသည်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကလည်း –

“ဖက်ဒရယ်ဆိုတာကတော့ အင်္ဂလိပ်စကားလုံးတခုပဲဖြစ်ပါတယ်။ ဖက်ဒရယ်ဆိုတာဟာ ခွဲထွက်ရေး မဟုတ်ပါဘူး။ ကျမတို့အားလုံးသိပြီးသားပါ။ ခွဲထွက်ရေးမဟုတ်ဘူးဆိုတာ ကျမတို့လက်ခံပါတယ်။ ဖက်ဒရယ်ဆိုတော့ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့ကြားမှာ ဘယ်လိုအာဏာခွဲရမလဲ၊ ဒါဟာ ဖက်ဒရယ်ရဲ့အဓိကပြဿနာပဲ၊ ဒါကို ဆုံးဖြတ်ရမှာပဲ”

ဟူ၍ ပြောကြားခဲ့သည်။

အမှန်စင်စစ် ဗိုလ်ချုပ်ကြီးနေဝင်းအာဏာသိမ်းစစ်ခေါင်းဆောင်များက ဖက်ဒရယ်မူကြောင့် နိုင်ငံတော် အာဏာကို သိမ်းယူရသည်။ ဖက်ဒရယ်မူသည် ခွဲထွက်ရေးမူဖြစ်သည်၊ ပြည်ထောင်စုပြိုကွဲရေးမူဖြစ်သည်။ မည်သို့ပင် လိမ်ညာဝါဒဖြန့်စေကာမူအထက်တွင် ဖေါ်ပြခဲ့သည့် သမိုင်းအထောက်အထားများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၏ ဖက်ဒရယ်စာတမ်းပါအချက်အလက်များ၊ ရည်ရွယ်ချက်နှင့်စိတ်ဓာတ်များအရခွဲထွက်ရေးနှင့် ပြည်ထောင်စုကို ပြိုကွဲစေမည့် ရည်ရွယ်ချက် စိတ်ဓာတ်များ လုံးဝမရှိခဲ့ပေ။ ဖက်ဒရယ်မူကြောင့် အာဏာသိမ်းယူရပါသည် ဟူ၍ ကြေညာပြောဆိုဝါဒဖြန့်မှုသည် ပြည်သူလူထုနှင့် နိုင်ငံတကာကို အကြောင်းပြကောင်းအောင် လိမ်ဆင်တစ်ခုမျှသာဖြစ်သည်ကို မည်သူမျှ မငြင်းနိုင်ပေ။

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ခြင်းမှာ ဦးနုခေါင်းဆောင်သော ပထစခေါင်းဆောင်အချို့က စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်များ၏ သြဇာအာဏာကို လျော့နည်းသွားစေရန်နှင့် လွတ်လပ်ပြီးစ ဖွံ့ဖြိုးစနိုင်ငံများ၌ နိုင်ငံတော်ဘဏ္ဍာငွေ အလွန်ကုန်များသော စစ်တပ်အင်အားအဆမတန်ချဲ့ထွင်နေမှုကို ကန့်သတ်ရန် မည်သို့ပြုပြင်လျော်သင့်မည်ကို နည်းလမ်းရှာဖွေခဲ့ရာ၊ ထိုသတင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ကြီးနေဝင်းထံ ပေါက်ကြားသွားရာမှ အလျင်အမြန်အာဏာသိမ်းခဲ့ခြင်း ဖြစ်နိုင်ကြောင်း ပထစအစိုးရအဖွဲ့တွင် ကာကွယ်ရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည် ဟူ၍ သမိုင်းသုတေသနဌာနမှ ရေးသားပြုစုခဲ့သော် ‘၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး’ စာအုပ်စတ္ထတွဲ စာမျက်နှာ ၂၃၉၌ ဖေါ်ပြထားသည်။

(ဆက်လက်ဖေါ်ပြပါမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts