သတင်းပဒေသာ

ပြည်နယ်များအတွင်း ရင်းနှီးမြှုပ်နှံမှု တိုင်းရင်းသားအဖွဲ့များအား အကျိုးအမြတ် ခွဲပေးမည်

ပြည်နယ်များအတွင်း ရင်းနှီးမြှုပ်နှံမှု တိုင်းရင်းသားအဖွဲ့များအား အကျိုးအမြတ် ခွဲပေးမည်
ပေါ်ပြူလာနယူးစ်ဂျာနယ် သတင်းကောက်နုတ်ချက်၊ ဇန်န၀ါရီ ၃၀၊ ၂၀၁၃
ပြည်နယ်များအတွင်း ရင်းနှီးမြှုပ်နှံမှုကို ဒေသခံတိုင်းရင်းသား အဖွဲ့အစည်းများ၏ သဘောတူ လက်ခံမှုရှိမှသာ ဆောင်ရွက်သွားမည့်အပြင် အကျိုးအမြတ်လည်း ခွဲဝေပေးမည်ဟု ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောသည်။
 “လက်မခံရင် မလုပ်ဘူးပေါ့ဗျာ၊ ဟုတ်ပြီလား၊ နောက်ပိုင်း ဒီလိုပဲသွားမယ်” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ ပြည်ထောင်စုအစိုးရက ဖြစ်စေ၊ သက်ဆိုင်ရာ အစိုးရအဖွဲ့တို့က ဖြစ်စေ၊ ကုမ္ပဏီတို့က ဖြစ်စေ မည်သို့ပင် လုပ်ကိုင်စေကာမူ တိုင်းရင်းသား အဖွဲ့အစည်းများက ပူးပေါင်းပါဝင်ခွင့်၊ ဝင်ရောက် ဆွေးနွေးခွင့်နှင့် အကျိုးခံစားမှုတို့ ရှိလိမ့်မည်ဟု ဦးစိုးသိန်းက ဆက်ပြောသည်။
 “အကုန်လုံးကို ဗဟိုက သိမ်းမှာမဟုတ်ဘူး။ အချိုးအစားခွဲပြီး ထားခဲ့မှာ ၂၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိ ဒီလိုတွေ ညှိရမှာပေါ့” ဟု ၎င်းက ဆိုသည်။ ယခင်က အစိုးရကိုယ်တိုင် ၎င်းဖြစ်ချင်တာကို လုပ်ခဲ့သော်လည်း ယခုမှာမူ ပြည်သူဖြစ်ချင်တာကို လုပ်ပေးရမည် ဖြစ်ကြောင်း၊ မိမိရင်းနှီးမြှုပ်နှံမှု ကော်မရှင် တာဝန်ယူစဉ်၌ စီမံကိန်းများ လုပ်ဆောင်မှုအပေါ် ပွင့်လင်းမြင်သာ ရမည်ဟု ဦးစိုးသိန်းက ထပ်လောင်းဆိုသည်။
ကရင်လူမှုအဖွဲ့အစည်း တစ်ခုမှ ဒေါက်တာ စောမေသျှီးကလည်း ၎င်းတို့အနေဖြင့် တိုင်းရင်းသားဒေသများအတွင်း စီမံကိန်းများ လုပ်ဆောင်ရာတွင် တိုင်းရင်းသားများ အကျိုးခံစားမှု ရစေချင်ကြောင်း ပြောသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများအပေါ် ခွင့်ပြုပေး မပေးကို ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဆုံးဖြတ်ကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
 အဆိုပါသတင်းတွင် ဒေသခံ တိုင်းရင်းသားလူထုသို့ တိုက်ရိုက် သဘောထားရယူမှု၊ လူထု၏ တိုက်ရိုက်အကျိုးခံစားခွင့် ကတိက၀တ်ပြုမှုမျိုး မပါဘဲ ထိုဒေသတွင်းရှိ တိုင်းရင်းသားအဖွဲ့အစည်းများကိုသာ ဦးတည်ခွဲဝေပေးမည်ဟု ပြောဆိုခြင်းမှာလည်း ထူးခြားသည်ဟု ဆိုနိုင်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ပြည်နယ်များအတွင်း ရင်းနှီးမြှုပ်နှံမှု တိုင်းရင်းသားအဖွဲ့များအား အကျိုးအမြတ် ခွဲပေးမည်
  1. ဦးစိုးသိန်းက လေတော့ကြီးတယ်။ သတိထားကြ

Comments are closed.