ရသဆောင်းပါးစုံ

ကြွေလွင့်နှင်းဆီ၊ ပီပြင်သည့်ဆောင်း၊ ပြောင်းသည့်ဥတု တစ်ခုကုထုံး

အရှင်ဉာဏိကာဘိဝံသ (ကာလီဖိုးနီးယား တက္ကသိုလ်)
ဇန်န၀ါရီ ၂၆၊ ၂၀၁၃

“အတွေးရှင်းလျင် အရေးရှင်းတယ်”လို့ စာရေးခြင်းနဲ့ပတ်သက်ပြီး ရှေးရှေးဆရာများ မိန့်ကြားထားခဲ့တဲ့ စကားကို မှတ်သားဖူးတယ်။ ဒီလို ဆိုလျင်ဖြင့် ဒီဆောင်းပါးဟာ အရေးမရှင်းတဲ့ ဆောင်းပါးတစ်ပုဒ်ပဲ ဖြစ် လိမ့်မယ်။ ဟုတ်တယ်လေ။ စာရေးချင်စိတ်ပေါ်လာလို့သာ ရေးလိုက်တာ။ ဘယ်အကြောင်းရေးမယ်လို့ တိတိကျကျ ရည်ရွယ်ပြီးရေးမှာမျိုးမှ မဟုတ်တာ။ စာရေးမယ်စိတ်ကူးမိတော့ ဘာရယ်မသိ ပြောဖို့ခက် တဲ့ ဦးတည်ရာမဲ့ အတွေးများက ဦးနှောက်ထဲကို ဒလဟောစီးဝင်လာတယ်။ ဘယ်ကအလျင်၊ ဘယ်က နောက်မှန်း မသိနိုင်သလို၊ ဘာအတွက် ဘာကြောင့်စဉ်းစားနေခဲ့တာလဲလို့လဲ ပြောဖို့အခက်။

ဆောင်းဒဏ်ကြောင့် ညှိုးခြောက်ကြွေလွင့်သွားတဲ့ ကျောင်းခြံဝင်းအတွင်းက နှင်းဆီပန်းခင်းအကြောင်း လည်းပါရဲ့။ ဥတုရာသီတွေရဲ့ ဖောက်ပြန်မှုကြောင့်ထင့်။ အလျင်နှစ်များကနဲ့မတူ လေပြင်းတွေလည်း တိုက်။ မိုးသဲသဲလည်းရွာ။ ထူးထူးခြားခြား သိသိသာသာ အအေးဓာတ်ပိုကဲလာတဲ့ ကာလီဖိုးနီးယား ဆောင်းဥတုအကြောင်းလည်းပါရဲ့။ ပြီးခဲ့တဲ့လပိုင်းများအတွင်းမှာပဲ ရင်မှာစူးစူးနစ်နစ် နာကျင်ခံခက် လောက်အောင် ဖြစ်ပျက်သွားခဲ့တဲ့ ဝမ်းနည်းဖွယ်အဖြစ်အပျက် နှစ်ခုအကြောင်းလည်ါးရဲ့။

ကြွေချိန်တန်လို့ နှင်းဆီပန်းတွေကြွေ၊ နှင်းဆီရွက်တွေညှိုး၊ ဆောင်းနဲ့မိုးတွဲနေတဲ့ ဒီဒေသမှာ ဆောင်း ဥတုမို့ အအေးပို၊ မိုးအခါမို့ မိုးကသည်း။ ဒါများအထူးအဆန်းလားကွယ်လို့ ပြောမယ်ဆိုက ပြောနိုင်ပေ မယ့် လေနဲ့မိုး တွဲလာတဲ့ ဒီနှစ်မိုးဆောင်းအခါကတော့ ကဲကို ကဲလွန်း၊ သည်းကိုသည်းလွန်းတယ်လို့ ထင်မိပါတယ်။

ကြည့်လိုက်စမ်းပါ့။ ခုတောင်မှပဲ အပြင်မှာ ဖြန့်ခင်းထားတဲ့ရွက်ဖျင်တဲတွေ စုတ်ပြဲလုမတတ် လေပြင်းက ကြမ်းရမ်းနေလိုက်တာ။ လေနဲ့မိုးက သူနိုင်ကိုယ်နိုင် အပြိုင်ကြဲလို့။ မိုးနတ်မင်းနဲ့ လေနတ်သားက အညိုးတရားနဲ့ အတိုးချကာ ဆိုးရွားပြနေသည့်ဟန်ထင်ပါရဲ့။

ပြတင်းတံခါးကနေလှန်းကြည့်လိုက်လျင် ဦးစွာမြင်ရတာက နှင်းဆီပန်းခင်းတစ်ခု။ မကြာမီလပိုင်းများက မှ ရောင်စုံဖူးပွင့် ဥယျာဉ်လေးနဲ့ ပဏာတင့်ခဲ့တဲ့ ဒီနှင်းဆီခင်းလေးအကြောင်းကိုပဲ ‘ကိုယ့်ရင်ထဲက ပန်း နှင်းဆီ’လို့ အမည်ပေးပြီး ဆောင်းပါးတစ်ပုဒ် ရေးခဲ့သေးတာ။ ခုတော့ ဒီနှင်းဆီခင်းလေးကပဲ ပန်းမဲ့၊ အလန်းမဲ့၊ နွမ်းနဲ့ရွက်ကြွေ။ အလှတွေလည်း မဝေနိုင်တော့။ အအေးနှိပ်စက် မိုးကြီးပက်ဖျန်း အငုံတန်း လန်းနဲ့ပဲ သွေ့ခြောက်ညှိုးလျလို့။ တကယ့်ကိုမှ မလှမပမြင်ကွင်း။ ဒါဟာဖြင့် ပန်းတစ်ခင်းပါကွယ်လို့ တောင် ပြောလို့မရနိုင်လောက်တဲ့အခြေအနေ။

နွမ်းလျတဲ့ ဒီပန်းတွေ တဖန်ပြန်လည်လန်းဆန်းလာစေဖို့ မြေသြဇာကျွေးလည်း အရာမထင်၊ အပင်ထွား ဆေးလည်း အသုံးမကျ။ ကြွေချိန်ကျလို့ ကြွေ၊ ညှိုးချိန်တန်လို့ ညှိုး။ အော် ပန်းပွင့်လေးတွေ လန်းစွင့် လှပချိန်က အစွမ်းကုန်လန်းပြ၊ လှခဲ့ကြပြီပဲ။ ဘာများဝမ်းနည်းနေဖို့ ရှိပါသေးလဲလို့ တွေးပြီးနားလည်ပေး လိုက်ပါတယ်။

မိုးနှောင်းလို့ ရေလှောင်တမန်တွေ၊ ကန်တွေမှာ ရေက ရှိသင့်တဲ့အတိုင်းအတာအောက် ပိုမိုနည်းပါးလာ ပြီ။ စနိုးတွေလည်း မကျလာသေးလို့ စနိုးပျော်ရေကလည်း မရနိုင်သေး။ ဒီလိုသာဆိုလျင် ရေကိုချွေတာ သုံးကြဖို့လိုလိမ့်မယ်လို့ အချို့မြို့တွေက စတင်သတိပေးနေကြပြီ။ ဒီအချိန်မှာပဲ မိုးကအညှိုးကြီးစွာ သည်းသည်းသန်သန်ရွာချလိုက်တော့ ရေအတွက် ပူပင်မှုနည်းပါးလာကြလို့ ဝမ်းမြောက်နေချိန်။ ဒီ အချိန်မှာပဲ မိုးရေချိန်ကလိုအပ်တာထက်တောင် များသွားပြန်လို့ အချို့ဒေသများမှာ တောင်ပြို၊ မြေပြို၊ မြစ်လျံ၊ ရေကြီး။ တစ်နည်းတစ်ဖုံ ရေအတွက် ပူပင်လာရပြန်။ ဒီတစ်မျိုးကြပြန်တော့ ပိုလျံသောက။

ဒီလိုပါပဲ။ ရာသီတွေဆိုတာ အစိုးရနိုင်တဲ့အရာမျိုးမှ မဟုတ်တာ။ မိုးလိုလို့ မိုးကိုမျှော်တချိန်မှာ ရောင် ခြည်ပြင်းပြင်းနဲ့ နေမင်းကြီးက ထိန်လင်းချင်လျင် ထိန်လင်းတတ်တာမျိုး။ နေခြည်ရလိုလို့ နေမင်းကို ငံ့လင့်ချိန်မှာ နေအလင်းအစား မိုးပြင်းပြင်းရွာချင်လျင်လည်း ရွာတတ်တာ။ နေပူ ပူပြန်ကော။ မိုး သည်း သည်းပြန်ကောလို့ အပြစ်တင်နေလို့ သင့်တာမျိုးမှ မဟုတ်တာ။ လူတွေရဲ့လိုအင်ဆန္ဒကို နားလည်နိုင် စွမ်းမရှိတဲ့ သဘာဝတရားတွေကို အပြစ်ဆိုနေလို့ ဖြစ်သင့်တာမျိုးမှ မဟုတ်တာ။ ဒီတော့ အစိုးမရနိုင်တဲ့ သဘာဝတရားတွေရဲ့ သဘောကို နားလည်နိုင်စွမ်းရှိတဲ့ လူသားတွေကပဲ နားလည်ပေးရမှာပေါ့။ ဆောင်းကြမ်း၊ မိုးသည်း၊ နေပူကဲလည်း တသဘောတည်းသာ ထားတတ်နိုင်ရမှာပေါ့။ ဒါတွေက အဝိညာဏက-သက်မဲ့အရာတွေကိုမှီပြီး ဖြစ်လာတဲ့ သဘာဝဖြစ်စဉ်တွေ။ ရာသီစက်ဝန်း အပြောင်း အလဲတွေ။

လက်ပန်းတောင်းတောင်မှာ ရဟန်းသံဃာတော်တွေ၊ အမျိုးသား အမျိုးသမီးတွေ။ အသားအရေတွေ မီးလောင်ကျွမ်းကြတယ်တဲ့။ အစောပိုင်းသတင်းများအရ မျက်ရည်ယိုဗုံးတွေ၊ နောက်ပိုင်းမှာ ထုတ်ပြန် တဲ့သတင်းအရဆိုလျင်တော့လည်း မီးခိုးဗုံးတွေကြောင့် မြင်မကောင်းအောင် မီးလောင်ကြတယ်တဲ့။ ဒါတွေကတော့ သဘာဝကြောင့်ဖြစ်ရတာမျိုး မဟုတ်။ လူဖန်တီးတဲ့ ပြဿနာများသာ။ လောဘကဲလို့ ဒေါသကဲလို့ အတ္တကဲလို့ ဖြစ်ရတဲ့အဖြစ်ဆိုးများသာ။

အမေရိကန်မှာတော့ ရူးသွပ်ဆိုးသွမ်းလူငယ်တစ်ယောက်ရဲ့ ရမ်းကားမှုကြောင့် အမေရိကန်နိုင်ငံရဲ့ အရှေ့မြောက်ဒေသက ပြည်နယ်တစ်ခုဖြစ်တဲ့ ကော်နက်တစ်ကပ်ပြည်နယ်၊ နယူးတောင်းဆိုတဲ့မြိုံ လေးက ဆင်ဒီဟုခ်ဆိုတဲ့ မူလတန်းကျောင်းလေးမှာ သေနတ်ပစ်မှု ဖြစ်ပွားခဲ့တယ်။ ဒီမြို့လေးဟာ အလွန်အေးချမ်းတဲ့မြို့လေးတစ်မြို့ဖြစ်တယ်။ အလွန်မှလည်း မှုခင်းနည်းပါးပြီး အေးအေးဆေးဆေး ငြိမ်း ငြိမ်းချမ်းချမ်းနဲ့ နေထိုင်ကြတဲ့မြို့လေးတစ်မြို့လည်းဖြစ်တယ်။ လူဦးရေက နှစ်သောင်းခုနစ်ထောင်ပဲ ရှိ တာ။ လွန်ခဲ့တဲ့ဆယ်နှစ်တာကာလအတွင်းမှာ လူသတ်မှုဆိုလို့ တစ်ကြိမ်တစ်ခါတည်းသာဖြစ်ဖူးခဲ့တယ် တဲ့။

ဒီအကြောင်းကို ရုပ်သံလိုင်းနှစ် ဖောက်စ်သတင်းဌာနရဲ့ ဒေသတွင်းသတင်းအစီအစဉ်ကနေ  ဒီမြို့လေးရဲ့ အေးချမ်းမှုကို အလားတူလူဦးရေ အချိုးအစားရှိတဲ့ အခြားမြို့တစ်မြို့နဲ့ နှိုင်းယှဉ်ပြောသွားတယ်။ အဲဒီ မြို့မှာ လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း လူသတ်မှု ၂၇ မှုဖြစ်ခဲ့တယ်။ ဒီနယူးတောင်းမှာတော့ လူသတ်မှုဆို လို့ တစ်ခုသာဖြစ်ခဲ့ဖူးတယ်။ ဒါက ဒီမြို့လေးရဲ့အေးချမ်းမှုကိုခန့်မှန်းနိုင်အောင် ပြောတာပါလို့လည်း အထူးပြောသွားတယ်။

ဒီသတင်းကိုကြားရတော့ ဘယ်လောက်ပဲ ငြိမ်းချမ်းလုံခြုံတဲ့နေရာမှာ နေရပစေ၊ ကံကြမ္မာဆိုးဆိုတာ အချိန်မရွေး နေရာမရွေး မထင်မှတ်တဲ့နေရာကနေ မျှော်လင့်မထားတဲ့ပုံစံနဲ့ ရောက်လာနိုင်ကြောင်းကို ပိုမိုလို့ သိလိုက်ရတယ်။

ဒီဝမ်းနည်းကြေကွဲဖွယ် အဖြစ်အပျက်မှာ သေဆုံးခဲ့ရတဲ့ ၂၆ ဦးထဲမှာ ငါးနှစ်ကနေ ၁၀ နှစ်အတွင်း မူလ တန်းအရွယ်ကလေးတွေက အယောက် ၂၀ တောင်ပါဝင်တာ။အဒမ် လင်ဇာဆိုတဲ့ အသက် ၂၀ အရွယ် လူငယ်တစ်ယောက်ရဲ့ ရူးသွပ်မှုက အပြစ်မဲ့တဲ့ ကလေးငယ်ပေါင်းများစွာရဲ့ အသက်ကို ဆုံးရှုံးစေခဲ့ပြီ။

ဒီအရွယ်လေးတွေဆိုတာက အပြစ်ကင်းစင်ပြီး ချစ်ဖို့အကောင်းဆုံးအရွယ်။ ဒီတော့ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့အရွယ်တွေ ခုလို အကြောင်းမဲ့ အသက်ဆုံးရှုံးရတာ ဘယ်လောက်များ ဝမ်းနည်း ကြေကွဲဖို့ ကောင်းပါသလဲ။ သူတို့တွေထဲက တစ်ဦးတစ်ယောက်ကမှ သူတို့နေထိုင်တဲ့ ကမ္ဘာလောက ကြီးကို အကျည်းတန်အောင် အရုပ်ဆိုးအောင် ထိခိုက်နစ်နာအောင် လုပ်ခဲ့သူ တစ်ဦးမှ မပါဝင်နိုင်ဖူး။

ဒီလိုကလေးငယ်တွေ ခုလိုသေဆုံးကြရတာ ဒီဘဝမှာ သူတို့တတွေရဲ့ လုပ်ဆောင်တဲ့အလုပ်ကြောင့် အပြစ်ဒဏ်ခံကြရတာတော့ လုံးဝ မဟုတ်နိုင်ဘူး။ ဒီဒဏ်ကို ဒီကလေးငယ်တွေခံကြရတာ တစ်ဦးတစ် ယောက်ရဲ့ မိုက်မဲရူးသွပ်မှုကြောင့်၊ ရူးသွပ်မိုက်မဲသူတစ်ယောက် ရူးသွပ်ခွင့်သာလေအောင် ဖန်တီးခဲ့ ကြတဲ့ စနစ်တစ်ခုကြောင့်လို့သာ ဆိုရပေလိမ့်မယ်။

ခုလိုအပြစ်မဲ့တဲ့ကလေးတွေကို ရက်ရက်စက်စက် ပစ်သတ်လောက်အောင် အဒမ် လင်ဇာဆိုသူရဲ့ စိတ် မှာ ဘယ်လိုနာကျည်းမှုတွေ၊ ဒါမှ မဟုတ်၊ မိုက်မဲမှုတွေ ဖြစ်နေရသလဲ။ သူလိုချင်တဲ့အရာ ဘာကိုများ မရလို့၊ ဒါမှ မဟုတ်၊ သူမလိုချင်တဲ့ဘယ်အရာကို လက်ခံနေရလို့ မကျေနပ်ချက်ကြောင့်များ ခုလိုဖြစ်ရ တာလား စသဖြင့် စဉ်းစားမိပါတယ်။

အချို့သတင်းတွေအရတော့ အဒမ်လင်ဇာမှာ ဖွံ့ဖြိုးမှုနှုန်း ပုံမှန်မဟုတ်တဲ့ ရောဂါတစ်မျိုးရှိတယ်၊ ကျောင်း ခဏခဏပျက်တယ်လို့ဆိုတယ်။ အချို့ကတော့ ဥာဏ်ရည်ဥာဏ်သွေး နိမ့်ပါးတဲ့ ရောဂါရှိတယ်လို့ ဆို ပြန်တယ်။ အချို့ကတော့လည်း မိခင်ဖြစ်သူက အိမ်ထောင်ကွဲနေသူ၊ သေနတ်စုဆောင်းရတာ ဝါသနာ ပါသူ၊ သူ့သေနတ်ပိုင်ဆိုင်မှုအတွက် အလွန်အကဲ ဂုဏ်ယူဝင့်ကြွားတတ်သူလို့ ပြောကြတယ်။ ခုတော့ အခြခံဥပဒေမှာပါတဲ့ လွတ်လပ်စွာ သေနတ်ကိုင်ဆောင်ခွင့်ရှိခြင်းဆိုတဲ့အချက်က ကျယ်ကျယ်လောင် လောင် ပြန်လည်ဆွေးနွေးစရာတစ်ခု ဖြစ်လာခဲ့ပြီ။

‘ကလေးတွေဆိုတာ ကမ္ဘာကြီးရဲ့ အနာဂတ်ပါ၊ ခုလို သေခြင်းတရားက ကလေးငယ်တွေကို ခေါ်ဆောင် သွားမယ်ဆိုလျင် ဒီကမ္ဘာကြီးမှာ တန်ဖိုးရှိတဲ့ ဘယ်လိုအရာတွေများ ကျန်ပါတော့မလဲ’လို့ပြောသွားတဲ့ နယူးတောင်းမြို့သားတစ်ဦးရဲ့ မျက်နှာနဲ့ ဝမ်းနည်းသံက မျက်စိထဲ နားထဲက ခုထိမထွက်နိုင်ဘူး။

ခြံထဲက နှင်းဆီတွေက သဘာဝ အအေးခိုက်လို့ ညှိုးနွမ်းရတယ်။ ဆင်ဒီဟုခ်မူလတန်းကျောင်းလေးနဲ့ လက်ပန်းတောင်းတောင်ဓားစာခံများကတော့ ညှာတာခြင်းတရား စာနာခြင်းတရား ကင်းသူများရဲ့ လောဘအပူ ဒေါသအပူခိုက်လို့ သေကြေရတယ်။ အစွန်းရောက်တဲ့ အအေးအပူဆိုတာ သက်ရှိသက်မဲ့ တွေအတွက် အဆိပ်အတောက်များ၊ အန္တရာယ်များသာ။

ကိုယ်နဲ့ အနီးအဝေး ပတ်ဝန်းကျင်များက ရာသီတွေ၊ အဖြစ်တွေကြည့်ပြီး စဉ်းစားနေမိလိုက်တာ။ ကိုယ့် ကိုယ်ကိုရော ပြန်လည်ကြည့်မိပါသလား။ မကြာခင်ကပဲ နှစ်ဟောင်းတစ်ခုကုန်လို့ ခုဆို နှစ်သစ်တစ်ခု ထဲ ရောက်လာပြီ။ မကြာမီမှာပဲ ကိုယ့်ကိုယ်မွေးဖွားခဲ့တဲ့ ရက်တစ်ရက်ရဲ့ နှစ်ပတ်လည်နေ့ဆိုတာကို ရောက်တော့မယ်။ အသက်တစ်နှစ် ပိုကြီးတော့မယ်။  ဆောင်းကြမ်းကြမ်းက ပန်းခင်းထဲက နှင်းဆီပန်း တွေ နွမ်းခြောက်သွားစေခဲ့သလိုပဲ အိုနာတရားရဲ့ လက်ကြမ်းကြမ်းများက ကိုယ့်ကိုယ် နွမ်းခြောက် အောင် ခြေမွကြပေတော့မယ်။

ရက်တွေ လတွေ နှစ်တွေနဲ့ သတ်မှတ်ထားတဲ့ အချိန်ကာလတစ်ခုက ကိုယ့်ဘဝသက်တမ်းအတွင်းရှိ ကိုယ်ပိုင်ဆိုင်ခဲ့ဖူးတဲ့ ပျိုမြစ်နုနယ်ငယ်ရွယ်ခြင်းတွေကို တိုက်စားလာခဲ့လိုက်တာ။ အချိန်တွေလည်း ကုန် သွားလိုက်တာ။ ဒီလိုအချိန်တွေကုန်လွန်မှုနဲ့အတူ လူသားတစ်ဦးအဖြစ် နေခွင့်ရတဲ့ သက်တမ်းတွေ လည်း အတူပါဝင်သွားကြပြီ။ နောင်မှာ အချိန်က စားမျိုဖို့ ကိုယ်ပိုင်အချိန်ဆိုတာ ကိုယ့်ဆီမှာ ဘာမှ တောင်သိပ်ပြီး မကျန်တော့ဘူး။ အနည်းငယ်သာကျန်တော့တဲ့ ကိုယ့်အချိန်ကို ဘယ်လိုနည်းနဲ့ ကုန် လွန်လေအောင် အသုံးပြုမလဲ။

ကျန်ရှိနေသေးတဲ့ သက်တမ်းဆိုတဲ့ကာလလေးမှာ သဘာဝအအေးအပူလွန်တွေကိုတော့ ထားလိုက် တော့။ ဒါတွေက ကုထုံးမရှိတဲ့ ဖြစ်စဉ်တွေ။ ဒါပေမယ့် ဆင်ဒီဟုခ် မူလတန်းကျောင်းလေးနဲ့ လက်ပန်း တောင်းတောင်များပေါ်မှာ ကျရောက်တဲ့အပူဒဏ်မျိုးကတော့ နောင်မှာအသစ် မဖြစ်ရလေအောင် ကိုယ့်ကိုယ်ကို ပြန်လည်မြင်ကြည့်ခြင်း။ အသိပညာပေးခြင်း၊ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုတင်ကာကွယ် ခြင်းဖြင့် ကုစားနိုင်တဲ့အရာတွေ။

အဲဒီလိုအပူဆိုးတွေ သူ့အပေါ် ကိုယ့်အပေါ် ဘယ်သူ့ကိုယ် အပေါ်မှာမှ မကျရောက်ရလေအောင် ကြို တင်ကာကွယ်ရာ၊ အသိဥာဏ်ဖြန့်ဝေရာ၊ ထိန်းသိမ်းစောင့်ရှောက်ရာ၊ ဖေးမကူညီရာ၊ စတဲ့နေရာတွေမှာ တတပ်တအား ပူးပေါင်းကာပါဝင်ရင်းဖြင့် ကိုယ့်အချိန်တွေကိုသုံးဖို့ လိုပေလိမ့်မယ်လို့ တွေးမိပါတယ်။ ဒီလိုသာ အချိန်တွေကိုသုံးကာ နေထိုင်သွားမယ်ဆို အိုနာသေတရားရဲ့ လက်ကြမ်းတစ်စုံ ကိုယ့်ဆီကို အလျင်အမြန် ကျရောက်လာခဲ့လျင်တောင်။ ။

သရုပ်ဖော်ပန်းချီအား ဤနေရာမှ ရယူပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts