အိမ် (Aung Din)

အိမ်
အောင်ဒင်၊ ဇန်န၀ါရီ ၂၁
လူငါးယောက် နဲ့
ကြောင် ၃ကောင်၊ ခွေး တစ်ကောင် နေလောက်ရုံ
အမိုး၊ အကာ နဲ့ ကြမ်းခင်းတော့ရှိရဲ့
တံခါးတွေက မလုံခြုံ
လေတိုက်ရင် ယိမ်းရိုင်လို့
မိုးသဲရင် နှင်းရိုက်ရင်ဖြင့် ချမ်းလို့တုန်
ဘဝရဲ့ အစိတ်အပိုင်းတစ်ရပ် ငါတို့ ဖြတ်သန်းခဲ့ကြပုံ….။
လောကဓံ လှိုင်းလုံးတွေကလဲ
အမုန်းကြီးကြီးနဲ့ အကြိမ်ကြိမ်တိုက်ခတ်
ဒီအိမ်အိုလေးထဲမှာ တို့မိသားစု
ပြိုကွဲကြ၊ ရန်ဖြစ်ကြ၊ စိတ်ကောက်ကြ၊ ပြန်ချစ်ကြ
ဘဝရဲ့ သင်္ခန်းစာတွေ အထပ်ထပ်ရခဲ့ကြပုံ….။
ဘယ်သူပြောလဲ
အိမ်ဆိုတာ အမိုးအကာရှိဖို့လိုတယ်
အခန်းတွေ ဖွဲ့စည်းထားရမယ်
ပြူတင်းပေါက်တွေရှိရမယ်
လူ့ဘဝ သက်တောင့်သက်သာဖြစ်စေမည့်
အသုံးအဆောင်ပစ္စည်းတွေ တပ်ဆင်ထားရမယ်
အလင်းရောင်နဲ့ အပူအအေးမျှတရမယ်…. လို့
ဘယ်လိုပဲ ပြည့်စုံနေပလေ့စေ
မိသားစုဆိုတာမရှိရင် “အိမ်”မခေါ်ထိုက်ပါဘူးကွယ်….။
အခုတော့
နှစ်ယောက်က လူ့ဘဝကို အပြီးတိုင်ခွဲခွါ
ကျန်သုံးယောက်က တစ်ယောက် တစ်နေရာစီမှာ
ခွေးကလေးနဲ့ ကြောင်ကလေးတွေလဲ မရှိတော့ပါ
အိမ်ကလေးလဲ အဝေးတစ်နေရာမှာ
မိသားစု ဆိုတာလဲ
ပျောက်ဆုံးသွားတဲ့ ဘဝရဲ့အစိတ်အပိုင်း တစ်ခုမျှသာ….. ။
ဇန်နဝါရီ ၂၀၊ ၂၀၁၃

2 thoughts on “အိမ် (Aung Din)

Comments are closed.