သတင်းဆောင်းပါး သူတို့အာဘော်

ခေါင်အရင်မိုးမလား ကြမ်းအရင်ခင်းမလား


နေထက်ထက်အောင်
ဇန်န၀ါရီ ၂၀၊ ၂၀၁၃
တက္ကသိုလ် ပညာရေးအရင်ပြင်မလား၊အခြေခံပညာရေး အရင်ပြင်မလားလို့ မေးချင်တာပါ။ အမှန်ကတော့ တစ်ပြိုင်နက်ထဲပြင်ရမှာပါ။လောလောဆယ်တော့ ကြမ်းအရင်မိုးကြည့်ကြရအောင်ပါ။ စိတ်ကူးနဲ့ပေါ့။ ပညာရေးဆိုတာကို မျက်စောင်းတောင် ထိုးမကြည့်နိုင်တဲ့ ကလေး ငယ်လေးတွေကို ဝေးဝေးသွား ရှာစရာမလိုအောင် မန္တလေး၊ရန်ကုန်မြို့ကြီး များတွင်ပင် အလွယ်တကူတွေ့နိုင်ပါသည်။ကျွန်မကဈေးချိုလို လူပေါင်းစုံ၊ အလွှာပေါင်းစုံ စည်ကားတဲ့နေရာမှာကြီးပြင်းခဲ့ရသလို ဝါသနာကြောင့် ရန်ကုန်မှာရော မန္တလေးမှာပါ လူမှုကူညီရေး အလုပ်တွေ အချိန်ပိုင်း ကူလုပ်ခဲ့ဖူးပါတယ်..ဒီလိုပဲ ကျောင်းတက်တော့လည်း မိတ္ထီလာမြို့အပြင်ဘက် ၉ မိုင်အကွာလောက်မှာ ၃ နှစ်နီးပါးနေ ခဲ့ရတော့ ပတ်ဝန်းကျင်က ဆင်းရဲသားတွေ၊ကျေးရွာသားတွေ၊ အကူညီလိုနေသူတွေ၊ဒုက္ခရောက်နေသူတွေ အများကြီးကိုတွေ့ခဲ့ရပါတယ်။ အဲဒီတော့ ကလေးတွေဘာ့ကြောင့်ကျောင်းမနေကြရသလဲ..? ဆိုတာကို (၃) မျိုးခွဲချင်ပါတယ်။

၁။ တချို့ကသိပ်ကိုဆင်းရဲပြီး ဆင်းရဲတွင်း နက် နေကြတာတွေကြောင့်ဖြစ်ပါတယ်။
၂။ တစ်ချို့က ကျောင်းထားမယ်ဆိုရင် ထားနိုင်ပါရဲ့နဲ့ကျောင်းမထားဘဲ ကလေးတွေကို ခိုင်းစားဖို့ရည်ရွယ်ချက်နဲ့ မွေးထားကြတဲ့မိဘတွေလည်းရှိပါတယ်။
၃။ တချို့ကတော့ ပညာဆိုတာကို တန်ဖိုးမရှိဘူးထင်လို့ ပညာရေးကို အားမပေးတဲ့မိဘတွေလည်းရှိကြပါတယ်။

ကျွန်မငယ်ငယ်တုန်းက ရပ်ကွက်ထဲမှာအမွေဆိုင်တွေစုနေကြတဲ့ အိမ်တန်းလျားတစ်ခုရှိပါတယ်။အဲဒီမိသားစုက စားနိုင်သောက်နိုင်ရှိပါတယ်။သားသမီးတွေရဲ့ပညာရေးကိုအားမပေးပါဘူး။တစ်လမ်းလုံးကလူချမ်းသာတွေမို့ သူတို့အခက်အခဲ ကြုံရင်တစ်အိမ်မဟုတ်တစ်အိမ်က ကူညီသင့်တယ်လို့ ခံယူထားကြသူတွေပါ။တကယ်လည်းတစ်ယောက်တစ်လက် ကူညီခဲ့ ကြတာပါပဲ။သူတို့မိသားစုမှာ ပညာရေးထူးချွန်တဲ့ ကလေးမလေးတစ်ယောက်ပေါ်ထွက်လာတော့ တစ်ရပ်ကွက်လုံးက ကလေးမလေးရဲ့ပညာရေးကို တစ်ယောက်တစ်လက်ဝိုင်းကူကြသလို ကလေးကိုပညာရေးဆုံးခမ်းတိုင်အောင် ထားဖို့ထိဝိုင်းပြော ပေးကြပြီး အထက်တန်းနဲ့တက္ကသိုလ်ထိပါတာဝန်ယူပေးကြမယ်လို့နှုတ်ကတိတွေပေးပြီးသားပါ။ အတန်းပိုင်ဆရာမကဆို စာအုပ်တွေ၊ခဲတံတွေထိထောက်ပံ့ပေးခဲ့ပေမယ့် ခိုင်းစားရမယ့်အရွယ်ရောက်ပြီဆိုပြီး ကျောင်းမ သွားခိုင်းတော့ဘဲ တောက်တို မယ်ရအကုန်ခိုင်းပါတယ်။အဲတော့၁၅နှစ်လောက်နဲ့အိမ်ထောင်ကျပြီးသူတို့လည်းအားမကိုးလိုက်ရပါဘူး။

ခုတော့ဘယ်ရောက်ကုန်  ပြီလည်းမသိတော့ပါဘူး။

၈၄ လမ်းမပေါ်ကမှာ အလွန်နာမည်ကြီးတဲ့ဝက်သားတုတ်ထိုးဆိုင်ရှိပါတယ်။ တအားရောင်းကောင်းပြီး တစ်မိသားစု လုံးရွှေတွေညွတ်နေ အောင် ဝတ်နိုင်ပါတယ်။ဘယ်သားသမီးမှ၎တန်းထက်ပိုပြီး  ကျောင်းမထားပေးပါဘူး။ တတ်နိုင်သမျှ အလုပ်သမားမခေါ်ပဲ ကလေးတွေကိုပဲ ခိုင်းပါတယ်။ ကောင်လေးတွေကလည်းကိုရီးယား မင်းသားရှုံး တဲ့ ဒီဇိုင်းလေးတွေနဲ့ပါ။ ဒါဆိုရင် သူတို့တွေရဲ့မိသားစုဘဝက ချမ်းသာနေကြပြီ၊ တိုးတက်နေကြပြီလို့ ပြောလို့ရပါသလား? နိုင်ငံတစ်ခုမှာ GDP တက်တာလောက်ကို Economics Development ဖြစ်တယ်လို့ ပြောလို့မရ တော့သလိုပဲ.. ဖြစ်နေပါတယ်။ ၃၈ လမ်းပေါ်က အကြော်ရောင်းတဲ့ ဦးလေးကြီးမိသားစုကတော့ ခပ်နွမ်းနွမ်းပဲနေထိုင် ခြိုးခြံပြီးသားသမီးတွေကို ပညာချည်း သင်ပေးခဲ့ပါတယ်။ အခုဆို အိမ်ပိုင်တစ်လုံးလည်းရထားပါပြီ။ သမီးအကြီးကဆရာဝန်မဖြစ်နေပါပြီ။ သားကလည်းဘွဲ့တစ် ခုရထားပါတယ်။ နှစ်ယောက်စလုံး အလုပ်မသွားခင် အကြော်ကူကြော်ပေးကြပါတယ်။ပြီးမှ ကိုယ့်အလုပ်ကိုသွားကြတာပါ။ ရောင်းကောင်း လွန်းလို့ ရွာကမိန်းကလေး ဝန်ထမ်းတွေခေါ်ထားရတာ ၇ယောက်လောက်ရှိပါတယ်။ ရွှေဝတ်နိုင်နိုင်၊မဝတ်နိုင်နိုင် သူတို့မိသားစုကို Economic Development ဖြစ်တဲ့မိသားစုလို့ သက်မှတ်လို့ရမယ်ထင်ပါတယ်။သေချာပေါက်ဆင်းရဲတွင်းသံသရာကနေ ထွက်မြောက်သွား ခြင်းပါပဲ။

ကဲ..ဒီတော့ဘယ်လိုပေါ်လစီနဲ့တက်ကနစ်တွေသုံးပြီး ကျောင်းနေခွင့်မရတဲ့ကလေးတွေကို ကျောင်းထဲရောက် လာအောင်လုပ်ကြမလဲ..?တစ်အိမ်တက်ဆင်းပညာပေးနေတာက ကြာလွန်းပြီး အလုပ်မဖြစ်ပါဘူး။ပညာပေးတဲ့လူတွေပြန်သွား တော့လည်း ခွေးမြီးကောက် ကျည်တောက်ချွတ်လိုက်သလိုပါပဲ။ဒီတော့ အလျင်အမြန် အကောင်အထည်ဖေါ်သင့်တဲ့ လုပ်ငန်းစဉ်အကြောင်းကိုပြောချင်ပါတယ်။

၁။ နိုင်ငံတော်က မသင်မနေရပညာရေးစနစ်ပြဌာန်းပြီး ကျောင်းပရဝုဏ်ထဲ ရောက်မလာတဲ့ကလေးတွေအတွက် မိဘတွေကို အရေးယူရပါ မယ်။
၂။ တကယ်ကိုမတတ်နိုင်တဲ့အခြေအနေ ဖြစ်နေရင်အလုံးစုံ ပညာရေးထောက်ပံ့မှုတွေပေးရပါမယ်။
၃။ ဒီကြားထဲကမှ ကလေးတွေကို ကျောင်းမထားရင် ဘယ်လိုဆင်ခြေပေးပေး အရေးယူရပါမယ်။
၎။ ဒီလောက်ကလေးနဲ့မိဘတွေကို တရားစွဲနေရင်လည်း တရားရုံးတွေမချောင်တော့ပါဘူး။ ထောင်ချရရင်လည်း မတရားပါဘူး။ ဒီတော့ လူလယ်ကောင်မှာ ကြိမ်ဒဏ်ချမှတ်သတိပေးခြင်းတွေ၊ ကလေးကိုကျောင်းမလွှတ်ဘဲ ခိုင်းစားတဲ့အတွက် ရတဲ့နေ့တွက်လုပ်ခထက် ပိုတဲ့ငွေ ပမာဏကို ဒဏ်ငွေအဖြစ်ပေးဆောင်စေဖြင်းတွေကို ပူးတွဲအပြစ်ပေးသင့်ပါတယ်။ ဒီအခြေအနေမှာ ငိုပြလည်း မသနားမိဖို့အရေးကြီးပါတယ်။

ဂျပန်နိုင်ငံက မူလတန်းကလေးတွေကို ကြိုက်ကြိုက်၊မကြိုက်မကြိုက် မနက်တိုင်းနွားနို့မသောက်မနေရစနစ်နဲ့ နိုင်ငံတော်ရဲ့စားရိတ်ဖြင့် ထောက်ပံ့ပြီး သောက်သုံးခိုင်းခဲ့ပါတယ်။နှစ်၂၀ကြာတဲ့အခါမှာ ဂျပန်ကျန်းမာရေးဝန်ကြီးက ငပုတွေလို့ အခေါ်ခံနေရတဲ့ သူတို့နိုင်ငံရဲ့သမိုင်းကြောင်းကို နွားနို့တခွက်နဲ့ပြောင်းလဲပစ်ခဲ့ပါပြီလို့ပြောတာကို မှတ်သားခဲ့ဖူးပါတယ်။ ဘာမှမလုပ်တဲ့နိုင်ငံတွေ ကတော့ နှစ်၂၀ မကလို့နှစ်၄၀ကြာလည်း ဘာမှပြောင်းလဲမလာကြပါဘူး။ကျောင်းသားအရွယ်တွေ စာသင်ခွင့်ရရေးကိစ္စပြီးရင် သင်ကြားရေးကဏ္ဍပိုင်းက ဆရာဆရာမများအကြောင်း ပြောပါမယ်။

စာအသင်အပြကောင်းတဲ့ သူတွေရှိသလို စာသင်မကောင်းတဲ့သူတွေလည်းရှိပါတယ်။ အရည်အချင်းရှိသော ဆရာ၊ ဆရာမများကို ထိန်းသိမ်းထားနိုင်ဖို့ လိုပါတယ်။ လစာတိုးပေးဆို ပြန်ရင်လည်း တခြားသော ဝန်ကြီးဌာနတွေက ဝန်ထမ်းတွေကို ချန်ခဲ့လို့မရပါဘူး။ အားလုံးကို တိုးပေးပြန်ရင်လည်း တစ်နိုင်ငံ လုံးရဲ့Macroeconomic တွေ GDP တွေနဲ့Inflation Rate  တွေအများကြီးကိုထည့်တွက်ရမှာပါ။

ဒီတော့ဆရာ၊ဆရာမများကို တရားဝင်ကျူရှင်သင်ခွင့်ပေးသင့်ပါတယ်။ဒီအဆိုကိုကန့်ကွက်မယ့်သူတွေ၊ လက်မခံနိုင်တဲ့လူတွေရှိကြမှာပါပဲ။ဒါဆိုရင်မေးခွန်းတစ်ချို့မေးပါမယ်။သင်ကြားရေးပိုင်းမှာဆရာအချိုးနဲ့ဆရာမအချိုးဘာလို့အကွာကြီးကွာနေတာလဲ..?။ကျောင်းဆရာအလုပ်ကမိသားစုတစ်ခုကိုမပြောနဲ့တစ်ကိုယ်စာတောင်မရပ်တည်နိုင် လို့များလား..?။ကျူရှင်သင်ခွင့်ပိတ်ထားတဲ့ယနေ့အချိန်မှာကျောင်းဆရာမတွေတကယ်ပဲကျူရှင်မသင်ကြဘူးလား..?၊ တိုးတိုး တစ်မျိုးကျယ်ကျယ်တစ်ဖုံ ခိုးသင်နေကြတာပါပဲ။ဒါဆိုရင် ကလေးတွေကရော အတန်းပိုင်ကျူရှင် မတက်ဘဲ နေကြသလား..?။ကျူရှင်ခိုးပြတဲ့ ဆရာဆရာမ များကိုအရေးယူခြင်းမပြုဘဲ” သိသာသိစေ ၊မမြင်စေနဲ့ ဆိုသလို လုပ်ကြ။”ဆိုတဲ့သဘောမျိုးသက်ရောက်မနေဘူးလား..?။ဒါဆိုရင် မြန်မာနိုင်ငံက ဥပဒေဆိုတာ၊စည်းကမ်းတွေဆိုတာ လိုက်နာဖို့ချထားတာလား..?၊သူများတွေကြားကောင်းအောင်ချမှတ် ပေးထားတာတွေလား..?။ ကိုယ်တတ်ထားတဲ့ ပညာနဲ့ အချိန်ပိုအလုပ်လုပ်တဲ့ကိစ္စကို ပြစ်မှုတစ်ခုလို့ သတ်မှတ်ပြီးအရေးယူ အပြစ်ပေးရင်ရော သင့်တော် တယ်လို့ ထင်ပါသလား..?။အစိုးရဝန်ထမ်း ဆရာဝန်တွေကြတော့ဆေးရုံဂျူတီချိန်ပြင်ပမှာ ဆေးခန်းထပ်ထိုင် ခွင့်လည်းရှိကြတယ်။ အထူးကု ဆေးခန်းတွေအများကြီးကိုလည်းပတ်ပြေးပြီးကုနေကြတယ်။သူတို့ကြတော့ရုံးချိန်ပြင်ပမှာ ပိုက်ဆံရှာ ခွင့်ပေးပြီးတော့ ကျောင်းဆရာဆရာမတွေက ကျောင်းချိန်ပြင်ပမှာကိုယ်တတ်ထားတဲ့ ပညာနဲ့အပိုဝင် ငွေရှာတာကို အရေးယူမယ်၊ ကန့်သတ်ပိတ်ပင်မယ်ဆိုတာဟာတရားမျှတပါသလား…?အဲဒါ ရာဇဝတ်မှုလား..?ဖမ်း ဆီးထောင်ချ အရေးယူ တာတွေ လုပ်ရင်ရောသင့်တော်ပါသလား…?

ကျူရှင်သင်ခွင့်တရားဝင်ပေးမယ်ဆိုရင် နောက်ဆက်တွဲ ကွန်ထရိုးကတော့ထည့်ရပါမယ်။ ကျူရှင်ဖိုး မတတ်နိုင်တဲ့ကလေးများ၊အတန်းပိုင်ထက် အသင်အပြ ကောင်းတဲ့ကျူရှင်ပဲတက်ချင်တဲ့ ကလေးများနှင့်လာဘ်လာဘ မပေးနိုင်သော ကလေးများကိုကျူရှင်တက်အောင်အတင်းအကျပ်ဖိအားပေး၊ အညှိုးထားရိုက်နှက်သောဆရာ၊ဆရာမများကိုတော့ သက်သေ ခိုင်လုံရင်အညှာတာမရှိ ပြင်းထန်တဲ့ပြစ်ဒဏ် ပေးသင့်ပါတယ်။ဘာ့ကြောင့်တုန်းဆိုရင် ကိုယ့်ကျောင်းသူကျောင်းသား ကလေးငယ်လေးတွေအပေါ်ကို ဆရာစိတ်မထားနိုင်ပဲ အကျင့်စာရိတ္တ မကောင်းတဲ့လူတွေကို အနန္တဂိုဏ်းဝင်ဖြစ်မယ့်နေရာမှာ မထားဘဲဖယ်ရှားပစ်သင့်လို့ပါပဲ။ဆရာဆရာမတွေကို ဝင်ငွေတိုးတက်ဖို့အ တွက် တရားဝင်ကျူရှင်သင်ခွင့်ပေးခြင်းဟာ အရည်အချင်းပြည့်ဝတဲ့ လူတော်တွေကို သင်ကြားရေးလောကအတွက်ထိန်းသိမ်းထားနိုင်သလို ကျောင်းသားငယ်များအပေါ် ဆရာစိတ်မရှိသူများကိုပါ ပညာရေးအဝန်းအဝိုင်းကနေ ဖယ်ရှားပြစ်ဖို့အခွင့်အရေးကြီးပါ ရရှိပါလိမ့်မယ်။

နောက်ထပ်ရလာနိုင်တဲ့ အခွင့်အလမ်းကြီးကတော့ ကျောင်းဆရာ၊ဆရာမများသည် တပည့်များကိုယ့်ဆီ ကျူရှင်တက်ချင်လာအောင်အသင် အပြကောင်းဖို့၊ပေါင်းသင်းဆက်ဆံရေးကောင်းဖို့နှင့်အခြားသောလိုအပ်ချက်များကိုပါ ဖြည့်ဆည်းဖို့ကြိုးစားလာနိုင်ပါတယ်။ဒီလိုတွေသာကိုယ့်အရည်အချင်းကိုယ် ဖြည့်နိုင်လာတဲ့ဦးရေများလာရင်လည်း တိုင်းပြည်ရဲ့ ပညာရေး ကဏ္ဍဟာ မျှော်လင့်ထားသည်ထက်ပိုပြီး မြန်မြန်ဆန်ဆန်ကောင်းမွန်တိုးတက်လာတာကိုမြင်ရမှာဖြစ်ပါတယ်။ဒီလို ကျူရှင်သင်ခွင့်တရားဝင်ပေးခြင်းဆိုတာကို အကောင်အထည်ဖော်ခြင်းဟာ ပညာရေးကဏ္ဍကို ထူးပြီးဒုက္ခရောက်စရာ အကြောင်းမမြင်ပါဘူး။မဟုတ်လည်း အားလုံးသော ဆရာ၊ဆရာမတွေ ကျူရှင်ကိုပေါ်တင်သင်နေကြတာမဟုတ်ဘူးလား..? ဘာပဲဖြစ်ဖြစ် ပညာရေးကဏ္ဍတိုးတက်အောင် လျှောက်ရမယ့်လမ်းကြောင်းတစ်ခုကိုတော့ ရွေးချယ် ကြရတော့မှာပါ။

ပညာရေးကို အရှိန်နဲ့မြှင့်တင်ပေးခြင်းဟာ နိုင်ငံတော်သမ္မတကြီးလုပ်ဆောင်နေတဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးလုပ်ငန်းကြီးရဲ့ Long Term Plan ကိုပါ တိုက်ရိုက်အကျိုးကျေးဇူးဖြစ်ထွန်းစေမှာသေချာပါတယ်။ဘာဖြစ်လို့လဲ ဆိုရင် ဆင်းရဲခြင်းသံသရာက လွတ်မြောက်နိုင်တဲ့ တစ်ခုတည်းသော ထွက်ပေါက်ကျဉ်းကျဉ်းလေးဟာ ပညာဆိုတဲ့ထွက်ပေါက် ငယ်လေးသာဖြစ်တယ်လို့ကျွန်မတကယ်ယုံကြည်သလို ကမ္ဘာအနှံ့ကပညာရှင်တွေကလည်းယုံကြည်ကြ လို့ပါပဲ။

နောက်ထပ် သတိထားရမယ့်အချက် တစ်ခုက ပုဂ္ဂလိကပညာရေးကျောင်းတွေကိစ္စပါ။ တစ်ချို့၉တန်း၊ ၁၀ တန်းသင်တဲ့ကျောင်းတွေဆိုရင် တစ်နှစ်စာပညာသင် စားရိတ်ကို ၄၈ သိန်းနှင့်အထက် ပေးသွင်းရတယ်လို့ ကြားရပါတယ်။ ဒီလောက်တောင်တောင်းတယ် ဆိုတော့ သူတို့ကဘယ်လိုServices တွေပေးကြသလဲ..။ပြီးတော့ အဲဒီဘော်ဒါကျောင်းများက သူတို့အပေါ်မှီခိုနေရတဲ့ သူတို့ရဲ့ ဝန်ထမ်းတွေနှင့် သင်ကြားရေးဘက်က ဆရာ၊ဆရာမများကိုရော လစာဘယ်နှုန်းလောက် ပေးကြသလဲ..။ တခြားဝန်ထမ်းတွေ ကိုရော ဘယ်လိုလစာမျိုး ပေးကြသလဲ..။ ဒါတွေကို ဘယ်လိုမူတွေ ဘောင်တွေချပြီး ကွပ်ကဲကြမလဲ..။ ဝန်ထမ်းတွေကို တော့သာမန်မဖြစ်စလောက်လစာလေးတွေပေးပြီး ကျောင်းတည်ထောင်သူတွေက အိပ်ထဲချည်းမညှာမတာ ထည့်ယူနေကြတာ တွေနဲ့ ပတ်သတ်တဲ့ စည်းကမ်းတွေကိုလည်း အသေးစိတ် ရေးဆွဲ ချမှတ်သင့်ပါတယ်။

ဤနေရာမှ တဆင့် ပြန်လည်ကူးယူဖော်ပြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

One thought on “ခေါင်အရင်မိုးမလား ကြမ်းအရင်ခင်းမလား
  1. ခေါင်အရင်မိုးမလား ကြမ်းအရင်ခင်းမလား မေးမနေနဲ့  ဆရာမကြီး ရေ၊ အိမ်ပန်နက်တိုင် ကိုကခြစားနေတာ။ ကျောင်းဆရာ
    တွေတော့အချိန်ပိုင်း ကျူရှင်သင်ခွင့်မပေးဘဲ၊ ဆရာဝန်တွေတော့ အပြင်ဆေးခန်းထိုင်ခွင့်ပေးတယ်ဆိုတဲ့ အချက်ကတော့၊
    အိမ်ကြက်ခြင်းအိုးမဲသုတ်ပြီးပြန်ခွတ်အောင် အာဏာရင်စံနစ်ကလုပ်ထားတာဘဲ။ ကျနော်တို့  အာဏာရှင်ကို မုန်းလွန်းလို့ 
    ဖြစ်တဲ့နည်း တပ်နိုင်တဲ့ဘက်က အမြစ်ဖြုတ်နေတဲ့အချိန်မှာ ဘာပြုလို့ အထက်ပါအချက် ၁၊ ၂၊ ၃၊ ၄ တွေဟာ အာဏာရှင် အဆင့်ဆင့်က ကျလာတဲ့ အမိန့် မျိုးတွေလိုဖြစ်မနေဘူးလား ? ။ ဒါလောက်အရေးကြီး မူဝါဒတွေကို ဆရာမကြီးတစ်ယောက်ထဲက မူချတာထက် တပြည်လုံးက ပညာရှင်များ စုပေါင်းပြီး အဖြေရှာပေးဘို့ တိုက်တွန်းရင် မကောင်းဘူးလား ? ။

Comments are closed.