ခေါင်းစီး တပ်ရန်မလို

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဇန်န၀ါရီ ၁၉၊ ၂၀၁၃

“တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည်”

မှန်ပါတယ် ကျေးဇူးရှင် ဘဘဦးသုခရဲ့ “တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည်” ဆိုသောစကားရပ်သည် လူမှုရေးသမားများ  တွင်သာမက ကမ္ဘာမြေပြင်ပေါ်ရှိ လူသားတိုင်းအတွက် အမှန ကန်ဆုံး အထိရောက်ဆုံးစကားဖြစ်ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂ဝဝ၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ ဘဘဦးသုခ မျိုးစေ့ချ ထူထောင်ခဲ့ရာ ယခု ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလကုန်အထိ လူသားများ၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး၊ စစ်ဘေး အစရှိသည့် လူမှုကယ်ဆယ်ရေး ကူညီဖေးမမှုလုပ်ငန်းများ ထမ်းရွက် လုပ်ဆောင်ခဲ့သည်မှာ (၁၂) နှစ်ကျော် ကာလရှိခဲ့ပါသည်။ ထိုသို့ လူမှုရေးသစ္စာတရားများ လူ့ကျင့်ဝတ်များ၊ လူ့သီလများ၊ အမှန်ကန်ဆုံး အမြင့်မြတ်ဆုံး စောင့်ထိန်းခဲ့သောကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် ကူညီဖေးမ၊ ပေးဆပ်မှုများ မြင့်မားလာသလို သဒ္ဒါတရား ထက်သန်စွာဖြင့်  လှူဒါန်းကြသော ပြည်တွင်းပြည်ပမှ မြန်မာပြည်သူလူထုတို့၏ အလှူငွေများ ဆေးဝါးသုံးပစ္စည်းများသည်လည်း မြင့်မားတိုး တက်လာခဲ့ပါသည်။

 

အမေရိကန်နိုင်ငံရှိ ဆန်ဖရန်စစ္စကိုရောက် မြန်မာများ (SanFrancisco BayArea Burmese Community Organizer)မှ လက်ပန်တန်းတောင် ကြေးနီစီမံကိန်းရှိ သပိတ်စခန်းဖြိုခွဲမှုတွင် ဒဏ်ရာရရှိခဲ့ သော သံဃာတော်များအား ပြည်တွင်းတွင် ဆေးဝါးကုသရန်အတွက် အလှူငွေ US$ 4000 အား ပေးပို့ လှူဒါန်းခဲ့သည်။

ထိုအခါ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ မန္တလေးမြို့ရှိ လက်ပန်တန်းတောင် ကြေးနီစီမံကိန်းရှိ သပိတ်စခန်းတွင် ဒဏ်ရာရခဲ့သော သံဃာတော်များအား ကူညီပေးနေသည့် လူမှုရေး အဖွဲ့အား မန္တလေးမြို့သို့ရောက်ရှိစဉ် ဆေးဝါးကုသမည့် သံဃာတော်များ၏ အခြေအနေအား စုံစမ်း မေးမြန်းရာ မရှိတော့ကြောင်း သိရှိခဲ့ရသည်။

ရန်ကုန်မြို့သို့ ဦးကျော်သူ ပြန်လည်ရောက်ရှိချိန် နာရေး ကူညီမှုအသင်း(ရန်ကုန်)သို့ ဆက်သွယ်အကူအညီတောင်းခံလာသော ကချင်ပြည်နယ် ဖားကန့်မြို့တွင် မှုလတန်းအရွယ် ကျောင်းသူလေးအား ကျောင်းဆင်းချိန်တွင် ကျောင်းကြိုပေးသော ကလေးငယ်လေး၏ ဖခင်ဖြစ်သူ ကချင်လူမျိုး ကိုခေါဘောမ် (ခ) ကိုယာကု သည် လက်နက်ကြီး ပေါက်ကွဲမှုဒါဏ်ကြောင့် ဗုံးဆံ ထိမှန်ကာ အရေးပေါ် ခွဲစိတ်ကုသရန်အတွက် ရန်ကုန်မြို့သို့ ဖားကန့်မြို့ ငြိမ်းချမ်းရေးအတွက် လူမှုရေး လုပ်ကိုင်နေသော ကိုခင်မောင်ဝင်းနှင့် ကိုရင်ထွေးတို့မှ ခေါ်ဆောင်ခဲ့ကာ ကြည့်မြင်တိုင် အရိုးအကြော ဆေးရုံသို့ တက်ရောက်ကုသနေသည်။

ကြည့်မြင်တိုင် အရိုးအကြောဆေးရုံတွင် ခွဲစိပ်ကုသရန်အတွက်  ဆရာတော် အရှင်ဇဝန (မေတ္တာရှင်)မှ အလှူငွေကျပ် ၆၅ဝဝဝဝိ/ (ခြောက်သိန်းငါးသောင်း) ကျပ်တိတိအား လှူဒါန်းခဲ့သည်။ သို့ရာတွင် ကိုခေါဘောမ် (ခ) ကိုယာကု ၏ ဒဏ်ရာသည် အလွန်ပြင်းထန်၍ အန္တရာယ် များနေသောကြောင့် ဆာကူရာဆေးရုံတွင် ထပ်မံခွဲစိပ်မှု ခံယူရတော့မည့်အခြေအနေ ဖြစ်ပေါ်နေသည်။

ကိုခေါဘောမ် (ခ) ကိုယာကု သည် ဖားကန့်မြို့နေ ရိုးသားသော ကချင်လူမျိုးတစ်ဦး ဖြစ်သည့်အပြင် လူမမယ် သမီးငယ်လေးအား ပညာသင်ကြားနိုင်ရန် ဘဝကိုရုန်းကန် နေရသူလည်းဖြစ်သည်။ သူ့အား ဖားကန့်မြို့ ငြိမ်းချမ်းရေးအတွက် လူမှုရေးအဖွဲ့မှ ဦးခင်မောင်ဝင်းနှင့် ကိုရင်ထွေး တို့မှ လူသားချင်းစာနာ စိတ်ဖြင့် လိုက်လံ ကူညီစောင့်ရှောက်နေရသည့် အခြေအနေတွင် ထပ်မံ၍အကြီးစား ခွဲစိပ်မှုနှင့် ဒဏ်ရာ အား CT (Scan) ရိုက်က်ရန် ငွေကြေးအခက်အခဲ ဖြစ်ပေါ်နေကြောင်းသိရှိရသည်။

ကြည့်မြင်တိုင် အရိုး၊ အကြောဆေးရုံ ပါမောက္ခ ဒေါက်တာခင်မောင်မြင့်နှင့် လက်ထောက်ဆရာဝန်ကြီး တို့မှလည်း ဒဏ်ရာရရှိခဲ့ သော ဝဲဘက်လက်အား ပေါင်မှသွေးကြောဖြင့် အစားထိုး အစွမ်းကုန်ကုသပေးခဲ့သည်။ ယခု ထပ်မံခွဲစိပ်မှု ပြုရန် ငွေကြေးအခက်အခဲအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အလှူငွေ ၁ဝဝဝဝဝဝိ/-(တစ်ဆယ်သိန်း) ကျပ်တိတိအား ၁၇.၁.၂ဝ၁၃ ရက်နေ့တွင် သွားရောက် လှူဒါန်းကူညီခဲ့သည်။ ထို့နောက် ကြည့်မြင်တိုင် အရိုး၊အကြော ဆေးရုံအုပ်ကြီးနှင့်တကွ ဆရာဝန်၊ ဆရာဝန်မကြီးများနှင့် တွေ့ဆုံခဲ့ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ပြသကြသော အရိုး၊အကြော ခွဲစိပ်ရမည့်လူနာများအား ကူညီမှုပေးနိုင်ရန်အတွက် ဆွေးနွေးတိုင်ပင်ခဲ့သည်။
 

 

တချိန်တည်း တွင် ၇.၁.၂ဝ၁၃ ရက်နေ့တွင် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ပြသခဲ့သော လူနာ မောင်အောင် မြတ်၏ မွေးရာပါ အဖု/အလုံး (Managocele) ရောဂါအား မြောက်ဥက္ကလာပဆေးရုံသို့ပို့ကာ ကုသခဲ့သော် လည်း အရေးပေါ် ခွဲစိပ်ကုသမှုပြုရန် ရန်ကင်းကလေးဆေးရုံကြီးသို့ ပြန်လည်၍ ပို့ဆောင်ခဲ့ရသောကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အလုပ်အမှုဆောင်များ၊ အသင်းသူ/သားများသည် မောင်အောင်မြတ်အား  သွားရောက်ကာ အားပေးကြည့်ရှုခဲ့သည်။

မောင်အောင်မြတ် ဖခင်သည် ကျန်စစ် သားအိမ်ရာ၊ အရှေ့ဒဂုံမြို့နယ်တွင် ဆိုက်ကားနင်း၍ အဠမတန်း ရောက်သည်အထိ ပညာသင်ကြားပေးခဲ့ သော ရိုးသားလှသော ဖခင်တစ်ဦးဖြစ်သည်။ မိခင်ဖြစ်သူသည် လွန်ခဲ့သော (၂) နှစ်ခန့်၌ ကွယ်လွန် ခဲ့သောကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သင်္ဂြိုလ်ပေးခဲ့ရသေးသည်။ ပညာသင်ကြားရန်အတွက် ဖခင်ဖြစ်သူမှာ အနှေးယာဉ်နင်း၍ စားဝတ်နေရေးအတွက် ရှာဖွေနေရသော ဖခင်တစ်ဦး ဖြစ်သဖြင့် သား မောင်အောင်မြတ်၏ ခွဲစိပ်မှုအားမတတ်နိုင်ချေ။ ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မောင်အောင် မြတ် ခွဲစိပ်ကုသမှုအတွက်၎င်း၊ CT (Scan) ရိုက်ရန်အတွက်၎င်း အလှူငွေ ၇၃၅၄၅ဝိ/ (ခုနှစ်သိန်းသုံး သောင်းငါးထောင်လေးရာ့ငါးဆယ်) ကျပ်တိတိအား လှူဒါန်းကူညီမှု ပြုလုပ်ခဲ့သည်။

 

   

 

ထိုကဲ့သို့သော လှူဒါန်းမှု အလှူငွေများသည် အများပြည်သူတို့မှ လှူဒါန်းထားသော အလှူငွေများ တို့ဖြင့်သာ အများပြည်သူအတွက် ကူညီဖေးမ ပေးခဲ့ခြင်းဖြစ်သည်။ ယင်းလှူဒါန်းမှုအတွက် အမေရိကန် နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့ရှိ မိုးမခဂျာနယ် ဝက်ဆိုဒ်အား ဦးစီးလုပ်ကိုင်နေသော စာရေးဆရာ လူမှုရေးသမားဖြစ်သူ မောင်ရစ် အား ဦးကျော်သူမှ လက်ပန်တန်းတောင် ကြေးနီစီမံကိန်းကိစ္စရပ်အတွက် လှူဒါန်း ထားသော အလှူငွေများထဲမှ သုံးစွဲခွင့်ပြုရန် အကြောင်းကြားထားပြီးလည်း ဖြစ်ပေသည်။

ထိုအချက် အလက်အား ပြည်ပမှ မြန်မာအလှူရှင်များအနေဖြင့် နားလည်သဘောပေါက်လိမ့်မည်ဟု ထင်မိပါသည်။ အလှူရှင်များအနေဖြင့် မည်သည့် ခေါင်းစည်းတပ်ထားသော အလှူငွေကောက်ခံပွဲ ဖြစ်စေကာမှု မိမိတို့၏ အလှူငွေများသည် တကယ်လိုအပ်သော နေရာဒေသ၊ အစစ်အမှန်လိုအပ်သော ဒုက္ခသည်များထံသို့ တကယ်ပေးဆပ်နေကြသော လူပုဂ္ဂိုလ် အသင်းအဖွဲ့တို့မှ အကျိုးရှိစွာ ရောက်ရှိသွားမည်ဆိုပါက မိမိတို့၏ လှူဒါန်းမှု ကုသိုလ်တော်ကြီးသည် အထမြောက် အောင်မြင်သွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

 

“ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်” ဟူသော ယောဆရာတော်ဘုရားကြီး၏ သြဝါဒ စကားသည် မှန်ကန်လှပေသည်။

အဘယ့်ကြောင့်ဆို ၁၇.၁.၂ဝ၁၃ နေ့လည် (၂းဝဝ) နာရီအချိန်တွင် လက်ပန်တန်းတောင် ကြေးနီစီမံကိန်း၏ သပိတ်စခန်းဖြိုခွဲမှုကြောင့် ဒဏ်ရာရခဲ့သော ဆရာတော်ကြီးများ ဆေးဝါးကုသရန် လှူဒါန်းလိုက်သော အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုရောက် မြန်မာများ (SanFrancisco BayArea Burmese Community Organizer)၏ လှူဒါန်းငွေအား အရေးပေါ်လိုအပ်နေသော ခွဲစိပ် အသက်ကယ်ပေးရမည့် လူနာ (၂) ဦးအား လွှဲပြောင်းကုသရန်အတွက် ဥက္ကဌ ဦးကျော်သူနှင့်အဖွဲ့သည် ကြည်မြင်တိုင် အရိုးအကြောဆေးရုံနှင့် ရန်ကင်းကလေးဆေးရုံတို့မှအပြန် နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ အမေရိကန်နိုင်ငံ နယူးယောက်မြို့နေ သူငယ်ချင်း ပန်းချီ မင်းကျော်ခိုင် ထံမှ ပါဆယ်ထုတ် တစ်ထုတ် အား လက်ခံရရှိခဲ့သည်။

ပါဆယ်ထုပ်အား ဖွင့်ဖောက်ကြည့်သောအခါ “ကိုကျော်သူ၊ ဒေါ်ရွှေဇီးကွက် . . . မီးလောင်ဒဏ်ရာရခဲ့ကြတဲ့ ရဟန်းတော်များအတွက် အမေရိကန်လုပ်ငန်းရှင်တစ်ယောက်နဲ့ သူ့ဇနီး မြန်မာ အမျိုးသမီးတို့က အမည်မဖော်လိုသူဆိုတဲ့ အမည်နဲ့ လှူလိုက်တဲ့ဆေးတွေပါ အဲဒီလိမ်းဆေးတွေကို သမားတော်တွေနဲ့ပြပြီး အသုံးပြုနိုင်ပါတယ်။ အားလုံးကို သတိရလျှက် … မင်းကျော်ခိုင် ”ဟူ၍ စာနှင့်တကွ မီးလောင်ဒဏ်ရာ ဝေဒနာရှင်များအား ကုသရန်အတွက် ဆေးဗူးကြီး (၄) ဗူးအား ဝမ်းသာအားရ လက်ခံရရှိ ခဲ့တော့သည်။

 

ထို့ကြောင့် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုရောက် မြန်မာများ (San Francisco Bay Area Burmese Community Organizer) အဖွဲ့၏ ဆန္ဒပြည့်ဝခဲ့စေသလို အရေးပေါ်ခွဲစိပ်ကုသရမည့် လူနာ (၂) ဦးအတွက် ဆန္ဒပြည့်ဝရတော့သည်။

ထို့ကြောင့် မည်သည့်လှူဒါန်းမှုများမဆို (လေဘေး၊ မီးဘေး၊ ရေဘေး၊ စစ်ဘေး၊ ပဋိပက္ခအရေး) ဟူ၍ အလှူရှင်များအနေဖြင့် ခေါင်းစီးတပ် ကဗျည်းထိုးရန် မလိုအပ်သည့်အပြင် မိမိတို့လှူဒါန်းသည့် အလှူပစ္စည်း အလှူငွေများအား စစ်မှန်သော လူမှုရေးအသင်းအဖွဲ့များ၊ သီလလုံခြုံ သော လူပုဂ္ဂိုလ်များထံမှတဆင့် ထိရောက်မှန်ကန်သော အလှူဒါနဖြစ်မြောက်ရန်အတွက်သာ သတိပြု ရမည်ဖြစ်ကြောင်း “ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်” ဟူသော စကားရပ်က သက်သေထူ ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ကျွန်တော်တို့ လူမှုရေးအသင်းအဖွဲ့ လူမှုရေးသမားများအနေဖြင့် တကယ်လိုအပ် သော ဒုက္ခသည်စခန်းများရှိ ပြည်သူလူထုထဲသို့ ထိရောက်တိကျသော အလှူငွေများအား လူသားချင်း စာနာစိတ်မွေးကာ ကူညီဖေးမလိုသော ဗြဟ္မစိုရ်တရားအား သစ္စာရှိစွာလက်ကိုင်ပြု၍ ဖေးမမှုများ ပြုလုပ်ရန် “တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည်” ဆိုသော စကားအား လက်ကိုင်ပြုကျင့်သုံးရန် လိုအပ် ပါတော့သည်။ ထို့ကြောင့် ကျွန်တော် ၂ဝ၁၃ ခုနှစ် နှစ်သစ်ကူး ဆုတောင်းစကားဆိုခဲ့သော စာပိုဒ်လေးအား နောက်ဆုံးတင်ပြအပ်ပါသည်။

ဖြစ်ချင်တာတွေလဲ
မဖြစ်တဲ့လောက
မဖြစ်ချင်တာတွေလည်း
ဖြစ်နေရတဲ့ လောကကြီးမှာ
ကျွန်တော် ဘာမှ
ဆုမတောင်းချင်ပါဘူး။

တစ်ခုဘဲ ပြောချင်ပါတယ်
တကယ်ဖြစ်ချင် တကယ်လုပ်
အဟုတ်ဖြစ်တယ် ဆိုတာပါဘဲ။

ကျော်သူ

(တလက်စတည်း အမေရိကန်နိုင်ငံရှိ ဆန်ဖရန်စစ္စကိုရောက် မြန်မာများ (SanFrancisco BayArea Burmese Community Organizer)အဖွဲ့၏ ဆန္ဒကိုလည်း ၁၈.၁.၂ဝ၁၃ ရက်နေ့ နေ့လည် (၃းဝဝ)နာရီ အချိန်တွင် ဖြည့်ဆည်းပေးခဲ့ပါသည်။ အကြောင်းမှာ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှ သူငယ်ချင်း ပန်းချီ မင်းကျော်ခိုင် ပို့လိုက်သည့် အမည်မဖော်လိုသော အလှူရှင်မိသားစု၏ လှူဒါန်းမှုပြုခဲ့သော မီးလောင်ဒဏ်ရာရရှိခဲ့သော သံဃာတော်များ အသုံးပြုရန်အတွက် ဆေးဗူးကြီး (၄) ဗူးအားလည်း လက်ပန် တန်းတောင် ကြေးနီစီမံကိန်းရှိ သပိတ်စခန်းတွင် ဒဏ်ရာရခဲ့သော သံဃာတော်များအား အထူးဂရုစိုက် ကုသပေးနေသော သီတဂူဆရာတော်ကြီးထံသို့ ဦးကျော်သူနှင့် အလုပ်အမှုဆောင်များ၊ အသင်းသား/သူ များမှ မြောက်ဒဂုံမြို့နယ်ရှိ သီတဂူဆရာတော်ကြီး၏ ကျောင်းတော်သို့ သွားရောက်၍ ဆရာတော် ဘုရားကြီး လက်ဝယ်သို့ ပေးအပ်လှူဒါန်းမှု ပြုခဲ့ပါသည်။)