ရသဆောင်းပါးစုံ

ဗိုင်းရပ်စ်

မြတ်သောခေတ်
ဒီဇင်ဘာ ၁၆၊ ၂၀၁၃

မြတ်သောခေတ် ရေးသားသည့် ဤ၀တ္ထုတိုမှာ ပြီးခဲ့သည့်လထုတ် ရွှေအမြုတေ မဂ္ဂဇင်းတွင် ပါရှိခဲ့သော ၀တ္ထုတို ဖြစ်သည်။ဤ၀တ္ထုတိုနှင့် ပတ်သက်ပြီး  အလင်းတန်းဂျာနယ်တွင် ဝေဖန်သုံးသပ်ချက်ဆောင်းပါးတပုဒ်ကို တွေ့ရသည်။  

ဝေဖန်သုံးသပ်ချက်

စာမျက်နှာ ၁ စာမျက်နှာ ၂ 

————————————————————-

ရှေ့တည့်တည့်ရှိ မော်နီတာကို ငေးစိုက်၍ ကြည့် နေသော ရောဘတ် စိတ်တို့ ဂနာ မငြိမ် ဖြစ်နေ၏။

ချောမော လှပ၍ စွဲမက်ဖွယ် ခန္ဓာကိုယ် အချိုးအဆစ် နှင့် သူ မတူအောင် လှချင်တိုင်း လှနေသော မိန်းမပျိုလေးတစ်ဦးကလည်း မော်နီတာ ဖန်သားပြင်က တစ်ဆင့် ရောဘတ်ကို ခပ်တွေတွေ ပြန်ကြည့်နေသယောင် ထင်ရသည်။ ထိုမိန်းမပျိုကား တခြား မဟုတ်။

ကမ္ဘာတစ်ဝန်းက မီဒီယာအုပ်စု အလယ်သို့ ကွန်ပျူတာ သိပံ္ပ ပညာရှင် ရောဘတ်၏ အံ့မခန်း စိန်ခေါ်မှုတစ်ရပ်အတွက် အဓိက တရားခံမလေး မေရီပင် ဖြစ်သည်။ ပြည့်ပြည့်စုံစုံ ဆိုရသော် လူသား ဗေဒ လက္ခဏာ အချို့ တရိပ်ရိပ်ဆောင်ကာ ရှိန်ဟုန် မြင့်မြင့် စီးဆင်းဖို့ရာ စမ်းသပ် တီထွင် ပြင်ဆင်ထားသော လူသား စက်ရုပ်မလေး မေရီ။ နုငယ် ပျိုပျစ်သော မျက်နှာ အစပ်အပေါက်၊ သွယ်ရှင်းသော လည်တိုင်၊ ယစ်မူးချင်စဖွယ် အမို့အမောက်၊ အကွေ့အကောက်တို့နှင့် ယှက်သိုင်း တွဲစပ်ထားသော အသံတိတ် ပန်းချီကား တစ်ချပ်နှယ်။ ထို့ပြင် အနာဂတ်၌ ပုရိသ အပေါင်း၏ နှလုံးအိမ်အား ဆွဲကိုင် လှုပ်ရမ်း မတတ် ညှို့ယူ ဖမ်းစား နိုင်သည် သာမက စံပြ အိမ်ရှင်မကောင်းတစ်ယောက် ဖြစ်လာဖို့အထိ အလားအလာ ကောင်းမွန် နေပြန်သည် ဆိုလျှင် မငြင်း နိုင်။ ရောဘတ်သည် မှော်ဆရာတစ်ဦးမဟုတ်။

အဆင့်မြင့် ကွန်ပျူတာ သိပံ္ပပညာရှင်ကြီး တစ်ဦး အနေ ဖြင့်တော့ လက်ခံထားကြသည်။ သို့ဖြစ်၍ မေရီ၏ ခန္ဓာ၌ ၀ိညာဉ်တို့ ပူးကပ် မနေခဲ့။ သိပံ္ပ စွမ်းပကား၏ ကြောက်ခမန်းလိလိ နည်းပညာ အချို့သာ စီးမျော ခိုဝင်တွယ်ကပ် နေနေလိမ့်မည်။ ခေတ်သစ်တော်လေး၀၀င် လူသား စက်ရုပ်မလေး မေရီအဖြစ် ကမ္ဘာနှင့်ချီ ရင်ပေါင်တန်းဖို့ရာ ရှေးရှု၍ အစဉ်အလာကျသော စံနှုန်းများအား ရောဘတ် စုစည်း ရှာဖွေ နေရ၏။ သာမန်ကာလျှံကာ တန်းတင်၍ ရရုံလောက်နှင့် သူ့ ရလဒ်ကို အဆုံး မသတ်နိုင်။

မေရီနှင့်အတူ လူပုံ အလယ်တွင် မော်ကြွားလိုသည်အထိ စိတ်ဆန္ဒ ဇောထက်သန်နေခဲ့၏။ သည်ထက်ပို၍ ဆိုရလျှင် အမှောင်ကမ္ဘာထဲ ရွှေလက်တွဲကာ တူစုံဖက် အပျော်ကျူးဖို့ရာအထိ ရမ္မက်ဇောကပ်နေသည်။ သို့ဖြစ်၍ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားသည်မှာ လပေါင်းရာသီ အတော်လွန်ခဲ့ပြီ။ နေ့နေ့ ညည စုတ်စုတ် နစ်နစ် ဇွဲခတ်လာလို့လည်း မျှော်လင့်ချက်၏ ကိုးဆယ် ရာခိုင်နှုန်းခန့်မှာ ပြည့်တင်းလု နီးပါး ရှိနေခဲ့ပြီ ဖြစ်သည်။

ထိုစဉ် စည်းချက် မှန်မှန် ခြေလှမ်းရှပ် သံတစ်သံက ရောဘတ်၏ ပျံ့လွင့် နေသော အာရုံကို အခန်းဝ တံခါးဘက်ဆီသို့ လှမ်းပို့သည်။
သဘာဝ မဆန်သော တစ်ပြေး ညီခြေ လှမ်းအဖိ အဖော့။
ဆယ်ပေ ပတ်လည် အခန်းကျဉ်း ထဲရှိ ခပ်မှိန်မှိန် ဖြာကျနေသော ၀ါ ကြန့်ကြန့် အလင်းအောက်က မေရီ၏ ကိုယ်ယောင်ကိုယ်ဝါသည် လူသား တစ်ဦးနှင့် ခွဲ မရအောင် တူနေသည်။
စီလီကွန်များဖြင့် ဖွဲ့စည်း တည် ဆောက်ထားသော မေရီ့ ကိုယ်ခန္ဓာ အသွေးအရောင်သည် လူသား၏ အရေပြားနှင့် ချွတ်စွပ် တူနေသည်ကို ရောဘတ် သတိပြုမိ၏။
အစားထိုးရွေးချယ်မှု မှန်ကန်ကြောင်း ညီမ ဖြစ်သူ မော်လီ၏ ချီးမွမ်းစကားကို ရောဘတ် သာသာထိုးထိုးလေး လက်ခံလိုက်သည်။
မေရီ့ထံက အငွေ့တ ထောင်း ထောင်း ထနေသော ကော်ဖီခွက်ကို ရောဘတ် လှမ်းယူသည်။
နေ့တစ် နေ့၏ ပုံမှန် လုပ်ငန်းဆောင်တာများအား မေရီ အသား ကျနေပြီ ဖြစ်ကြောင်း ရောဘတ် မျက်မြင် ကိုယ်တွေ့။
တစ်ခါတစ်ရံ ညီမဖြစ်သူ မော်လီ၏ အ၀တ်အထည်များ ၀တ်ဆင်ထားသည့် မေရီကပင် မော်လီ့ထက်ပို၍ အချိုးညီပြေ ပြစ်နေတတ်သည်ကို ရောဘတ် အသိဆုံး။
မေရီ့အတွက် လိုအပ်မယ်လို့ ယူဆရသော မိန်းမ အသုံးအဆောင် တိုတို ထွာထွာလေးကအစ မော်လီ ကိုယ်တိုင် မငြိုမငြင် ဖြည့်ဆည်းပေးနေကျ။ သို့သော်လည်း မေရီကိုယ်၌က လိုလား တပ်မက်သည့်ဟန် လျော့ပါးနေ တတ်သည်ကို ညီမဖြစ်သူ မော်လီက ရယ်ကာ မောကာ အရွှန်း ဖောက်တတ်သည်။ ရောဘတ်၏ စွမ်းဆောင် ကွန့် မြူးမှုအပေါ် ဆုံးခန်းတိုင် အောင် မပြည့်မီ သေးသလို ရောဘတ်အား သတိပေး နေသည့်နှယ်။

အတော် အသင့်ပြီး ပြည့် စုံနေပြီ ဖြစ်သော လူသားစက် ရုပ်မလေး မေရီသည် စကား အင်မတန် နည်းခြင်း၊ အအိပ် အနေ မမက်မောခြင်း၊ အရယ် အပြုံး ပါးရှားခြင်း၊ လမ်း လျှောက် သည့်ဟန် မပျော့ပြောင်းခြင်း၊ လှလို ပလိုစိတ် ၌ အာသာငမ်း ငမ်းမ တက်ခြင်း နှင့် အဖုံဖုံသော စိတ်ခံစားချက် ယေဘုယျ အချုပ် လက္ခဏာများ ကုန်ခမ်း ပပျောက်  နေသေးသည်ကို ရောဘတ် မချင့် မရဲဖြစ် နေသည်။

အဆိုးဝါးဆုံး အချက်က ညီမလေး မော်လီကို ဆက်ဆံသလို ရောဘတ်အား ဆက်ဆံ နေသည့် အချက်။

ဆိပ်ဖလူး ပန်းရနံ့တို့ သင်းအီ နေတတ်သော မြို့ပြင်စပ်က ဆိုင်လေးသည် ရောဘတ် နှင့် မေရီတို့ နှစ်ဦး ညနေခင်း ကားမောင်းလည်ပတ်ရာမှ အချိန်မှန်မှန် ထိုင်ဖြစ်သော စားသောက်ဆိုင်ကလေး။

“မေရီ ညစာ တစ်ခါ တည်း စားသွားမလား”
“၀ိုင် ခပ်ပြင်းပြင်းလေး တစ်ခွက် လောက် သောက်ချင် နေ သလိုပဲ”
အစား အသောက်များ လွယ်လင့်တကူ သုံးဆောင် စွန့်ထုတ် နိုင်ရန် စီလီကွန်များဖြင့် အစားထိုး မွမ်းမံထားသော မေရီသည် ထိုသို့ နှင်နှင် ရောင့်ရဲတတ်သည်က အများသား။ ထိုအချိန်မျိုး၌ ရောဘတ်က-
“အိုခေ၊ အိုခေ ကိုယ် ဒါကို မေ့သွားတာ။ ကား မောင်းနေတုန်းတောင် ကိုယ့်စိတ်ထဲ ၀ိုင်ပြင်းပြင်းလေး တစ်ခွက်လောက် တောင့်တမိ သေးတယ်။ အခု ကိုယ့် ဆန္ဒကို မေရီက သတိပေးသလို ဖြစ်သွားတာပေါ့။ အင်းလေ ကိုယ့်အတွက် တော့ မေရီဟာ ဘုရားပေးတဲ့ ဆုလာဘ် တစ်ခုပဲ ထင်ပါရဲ့”

ဘာသာ စကားနှင့် အထိုက် အလျောက်ရေလည် ကျွမ်းဝင် နေပြီ ဖြစ်သော မေရီကို မမှိတ်မသုန် စိုက်ကြည့်ရင်း သွေးတိုးစမ်းရတာက ကြုံရင် ကြုံသလို။ အခါခါ အထပ်ထပ်။ အမြဲလိုလို မေရီ စိတ်ခံစားလှုံ့ဆော်မှု ပမာဏကို ရောဘတ် မျက်ခြည်ပြတ် မခံခဲ့။ အလားတူ တစ်ဖက်က ကျောက်ရုပ်သာသာ တုံ့ပြန် နှိုးဆော်မှုအဆင့်ကနေ ပြောင်းလဲ မလာသေးတာကိုလည်း လက်မခံချင်လို့ မရ။ မေရီ့ ဦးခေါင်းအတွင်းက အာရုံ လှုံ့ဆော် ခံစားမှု အပေါ် တပ်ဆင် အသုံးချထားသော ဆော့ဖ်ဝဲ၏ နည်းပညာ အားနည်းချက်မှန်းလည်း ရောဘတ် ရိပ်မိသည်။ သို့သော် ရောဘတ်ကိုယ်တိုင်က တစ်ကိုယ်တော် လမ်းစ ဖောက်ချင်သူ။

ရာနှုန်းပြည့် မဝေးတော့သည့်ခရီးကို သူ တစ်ကိုယ်တည်း ဆက်လျှောက်ချင်သူ။ အောင်မြင်မှုကို မျှဝေ ခံစားလိုသည့်စိတ် ခေါင်းပါးနေတာမျိုးလည်း မဟုတ်ပြန်။ လူသား စက်ရုပ်မလေး မေရီနှင့် အတူ ယှဉ်တွဲကာ ချစ်ကြိုး တင်းလိုသည်အထိ ရောဘတ် စိတ်ကူး အိပ်မက်တို့ မဆံ့ ရင်ကန်ဖြစ်နေသည်က ပိုလိမ့်မည်ထင်၏။ ထို့ကြောင့်ပင်…။
“မောရစ်နဲ့ ညှိနှိုင်းဆွေး နွေးရမယ့် အချိန်ကျ ပြီလို့ ကိုကို မယူဆ နိုင်သေးဘူးလား။ ကိုကိုသာ ခေါင်းတစ်ချက်ညိတ်လိုက်စမ်းပါ။ မော်လီ့ သူငယ်ချင်းကို မော်လီ အချိန်မရွေး လှမ်းခေါ်လိုက်ရုံပဲ။ မော်လီ့ သူငယ်ချင်း မောရစ်က အတတ်ပညာပိုင်းဆိုင်ရာပဲ နာမည် ထွက်တာပါ။ သူတစ်ပါး အောင်မြင်မှုကို အညွှန့် ခူးစားတတ်တယ်လို့တော့ မော်လီ တစ်ခါမှ မကြားဖူးပါဘူး”

“တော်စမ်း၊ မော်လီ ငါ လုပ်တဲ့ အလုပ်ကို နင် ဘယ်လောက် နားလည်လို့ ၀င်စွက် ဖက်နေရတာလဲ။ နင့်မီးဖိုချောင်ထဲသာ အစပ်အဟပ် မတည့်တည့်အောင် နင်စီမံလို့ ရချင်ရမယ်။ ငါ ကိုင်တွယ်နေရတာက တစ်ချက်ကလေး တိမ်းစောင်းသွားတာနဲ့ တစ်ကပြန်စတဲ့ အလုပ်မျိုး၊ အေး မောရစ်ဆီက အကူအညီကို မျက်စိမှိတ် ငြင်းနေတယ်လို့ နင် ထင်နေတာကတော့ ငါလည်း မရှင်းပြတတ်ဘူး”

“ကိုကို ပြောပုံက မော်လီ့ သူငယ်ချင်း မောရစ်ကပဲ အရည် အချင်းမရှိ သလိုလို ဖြစ်နေပြီး မသကာ ဦးနှောက်တစ်လုံးထက်စာရင် ဦးနှောက်နှစ်လုံး ပေါင်းပြီး အလုပ်လုပ်တာက အမှားကို ပိုထိန်းသိမ်း နိုင်မယ်လို့ ကိုကို လှည့်တွေး ကြည့်ပါလား”

“ကျွတ် သွားစမ်းပါဟာ၊ စကား အပိုတွေ မပြောစမ်းပါနဲ့။ ဒီမယ် မော်လီ နင့်ကိုငါ အရှင်းဆုံး ပြောမယ်။ မေရီနဲ့ ပတ်သက်ရင် ညီမ အရင်းဖြစ်တဲ့ နင့်ကိုတောင် ဘာတစ်ခုမှ အသိပေး ချင်ခဲ့တာမဟုတ်ဘူး။ ဒီတော့ နင့် လုပ်ရပ် နင့်စေတနာကို ကျေးဇူးပြုပြီး ရပ်တန်းက ရပ်ပါတော့”

ရောဘတ်ထံက ပြောင်း လဲမှု ခပ်သည်းသည်းကြောင့် မော်လီ ရုတ်တရက် နှုတ်ဆိတ်သွားသေးသည်။ ပြီးမှ တစ်စုံ တစ်ရာကို သတိရသွားသည့်ဟန်ဖြင့်

“ခုချိန်မှာ ကိုကို့ဘက်က မေရီနဲ့ ပတ်သက်ပြီး သိုသိုသိပ်သိပ် ရှိချင်တာကို မော်လီ နားလည်တယ်။ ဒါပေမဲ့ ကိုကို တင်းကျပ် ထားတဲ့ စည်းကမ်းကို ကိုကို ကိုယ်တိုင် ချိုးဖောက်နေတာကျတော့ အပြစ် မဖြစ်ဘူးပေါ့ ဟုတ်လား”
“ကဲ နင်မသိအောင် ငါ ဘာတွေ ချိုးဖောက် နေသလဲ၊ ပြောစမ်းပါဦး”

“မေရီ မနက် မနက်ခြံထဲ ဆင်းပြီး သတင်းစာ ဆင်းဆင်း ယူနေတာ ကိုကို အမိန့် မပါဘူးပေါ့”
“ဟား ဟား ဟား ဟား နင့်ကို ငါ့ညီမလို့ ပြောရမှာတောင် ရှက်လာပြီ မော်လီရယ်၊ ဆယ်ပေလောက်မြင့်တဲ့ အုတ်တံတိုင်းနဲ့ ခြံတံခါး အလုံပိတ်ကနေ မေရီ့ကို တစ်ယောက်ယောက်မြင်သွားဖို့ ဆိုတာ ချင့်ချင့် ချိန်ချိန်လည်း စဉ်းစားပါဦး”

“ဒီလောက်တော့ မော်လီလည်း တွေးတတ် တာပေါ့ ကိုကိုရယ်၊ မော်လီ ပြောတာက သတင်းစာ လာပို့ရင်း မတော် တဆ မေရီကို မြင် သွားရင် ဘယ်လို လုပ်မလဲ”
“ပုံကြီး မချဲ့ချင် စမ်းပါနဲ့ မော်လီရယ်၊ သတင်းစာပစ် ထည့်ရတဲ့ အပေါက် လေးက လက်တစ်ထွာတောင် ကျယ်တာ မဟုတ်ဘူး။ အေး မလွှဲသာ မရှောင်သာလို့ သတင်းစာ ပို့တဲ့ ငချွတ်လောက် မြင်သွားတာတော့ ငါလည်း ဂရုမစိုက်ဘူး။ ပြီးတော့ မေရီ့အတွက်လည်း ပုံမှန် အလေ့ အကျင့်လေးက ရှိနေမှ ဖြစ်မှာ”
“သိပြီးသား သိပြီးသား ကိုကိုတို့ နှစ်ယောက် စလုံး အဲဒီ ဆယ်ပေပတ်လည် အခန်းလေးထဲမှာပဲ တစ်သက်လုံးနေပေတော့”
သည်လိုနှင့်…။

အပတ်တကုတ် မနေမနား အခန်း အောင်းကာ တီထွင် ကြံဆ နည်းလမ်း ရှာနေသော ရောဘတ်၏ အခန်းကျဉ်းထဲမှ စူးစူးဝါးဝါး အော်သံကြောင့် မော်လီ တဟုန်ထိုး ပြေးဝင်သွားသည်။

“ကိုကို ကိုကို ကိုကို ဘာဖြစ် တာလဲ၊ တံခါး အမြန် ဖွင့်ပါဦး”
“ကိုကိုတော့ ၀ီရိယ အကျိုး ခံစားရပြီ မော်လီရေ၊ ကိုကိုတို့ အချိန် အပိုင်းအခြားတစ်ခု စောင့်ကြည့်လို့မှ အမှား ကင်းပြီဆိုရင် လူသိရှင်ကြား ချပြရုံပဲ၊ သာမန် နည်းပညာ မဟုတ်တဲ့အတွက် တစ်ကမ္ဘာလုံးက ပညာရှင်တွေအားလုံး  အလယ်မှာ ကိုကိုတော့ လက်မထောင်နိုင်ပြီ၊ ကိုကို့ရဲ့အောင်မြင်မှုကို ညီမလေး ၀မ်းမသာဘူးလား”

“ဘယ်လို ပြောလိုက်တာလဲ ကိုကိုရယ်၊ မော်လီ ၀မ်းသာတာပေါ့”
“တကယ်တော့ ဒါဟာ လိင်ပိုင်း ဆိုင်ရာ အာရုံ ခံစားမှု ဧရိယာကို အလို အလျောက် နှိုးဆော်ပေးမယ့် အဆင့်မြင့် ဆော့ဖ်ဝဲ တစ်ခုပဲ။ တခြားစိတ် ခံစားချက် အသေးအမွှားလေးကအစ သူ့အလိုအလျောက် ထိန်းချုပ်နေမှာ ဆိုတော့ ပြီး ပြည့်စုံတဲ့ ရလဒ်ဖြစ်ဖို့ ရာနှုန်းပြည့် သေချာနေပြီ။ မေရီ့ကို ကြည့်ပါဦး၊ ဘာတွေ ပြောင်းလဲသွားလဲလို့”

ရှက်သွေး ဖြာလုမတတ် ခံစားမှု အရိပ်အယောင်အား မဖုံးနိုင် မဖိနိုင် ဖြစ်ကာ သွယ်လျသော လက်ချောင်းလေးများကိုပင် ဆုပ်နယ် ပွတ်သပ်နေသည့် လူသား စက်ရုပ်မလေး မေရီ့ကို မြင်တွေ့သူတိုင်း မော်လီ အံ့သြ တုန်လှုပ် သွားသည်ထက် မလျော့မှာ သေချာ၏။ မော်လီကိုယ်တိုင် ဖျတ်ခနဲ ပေါ်လာသော ခံစားမှုအား မအောင့်အည်း နိုင်တော့ဘဲ …

“ခုချိန်က စပြီး မော်လီ့ အတွက် ချစ်ဖို့ကောင်းတဲ့ ညီမလေးတစ်ယောက် အပိုင် ရသွားပြီနော်”
“ညီမလေး ပြောတာ မှန်သင့် သလောက် မှန်သား ပဲ။ ဒါပေမဲ့ မပြည့်စုံသေးဘူး ထင်တယ်”
“ဘာလဲ ကိုကိုရဲ့”
“ချစ်စရာ သိပ်ကောင်း တဲ့ ယောင်းမ ချောချောလေးဆိုရင် ပိုမပြည့်စုံ သွားဘူးလား”
“ဟ…ဟား… ရတယ်…ရတယ်၊ ကိုကို့ သဘော၊ ကိုကို့ သဘော၊ နေဦး ဒါဆိုရင် မော်လီကိုလည်း ကိုကို အခွင့်အရေး တစ်ခု ပေးရမယ်၊ ဘယ်လိုလဲ”

မေရီက မခိုးမခန့် ပုံစံ တမင်ဖမ်းကာ မေးစေ့ကို လက်ဖြင့် အသာ အယာပွတ် ရင်းက မေးနေ၏။
“အင်း ဆိုစမ်းပါဦး၊ ငါ့ ညီမက ဘာအခွင့် အရေးများ ယူချင်လို့လဲ”
“ပါးပါးလေးပါ ကိုကိုရာ၊ မော်လီ့ သူငယ်ချင်း မောရစ်ကို မေရီနဲ့ ဆုံပေး ရုံလေး ပဲ၊ ဘယ်လိုလဲ ဖြစ်တယ် မဟုတ်လား ဆရာကြီး”

“ဒီကိစ္စကို ကိုယ်တိုင် ဆုံးဖြတ်ထား ပြီးသားပါ။ ဒါပေမဲ့ ကိုကို့ကို အချိန်နည်း နည်းတော့ ပေး”
“ကိုကို့ နည်းနည်း ဘယ် လောက်တောင် စောင့်ရမှာလဲ”
ရောဘတ်က လက်ညှိုး လေးထောင်ရင်း ပြန်အဖြေ ပေးနေ၏။
“တစ်လ”

“ဟား…ဟား… ဟား…ဟား…”
“ကြည့်…ဒါက မော်လီ့ ကိုကိုကို မောရစ်က လှောင်တာပေါ့လေ”
“မဟုတ်ဘူး၊ မဟုတ် ဘူး၊ ကိုရောဘတ်ကြီး ပြောတဲ့ ယောင်းမဆိုတာကို သဘော ကျလွန်းလို့ပါကွာ ဟား… ဟား…”
မောရစ် ပြောလည်း ပြောချင် စရာမို့ ပြောရင်းတန်းလန်းက ရယ်ချင် စိတ်မကင်း သေးဟန်ရှိသော မောရစ်ကို မော်လီက ချစ်စဖွယ် မျက်စောင်းတစ်ခု လှမ်းထိုးရင်း

“ဟုတ်တော့ ဟုတ် တယ် မောရစ်ရဲ့၊ ကိုကို အကဲ ပိုလောက်အောင်ကို မေရီ တော်တော် ပြောင်းလဲသွားတာ၊ မော်လီတို့မောင်နှမက မေရီလေးရဲ့ အရင် ပုံစံကိုပါ ထိတွေ့ ထားရတော့ အရမ်း သိသာတာပဲ သိလား”
“ဟုတ်လား၊ မော်လီ ပြောတာနဲ့ ကိုယ်တောင် မော်လီတို့ အိမ်မြန်မြန် ရောက်ချင်လာပြီ”
မောရစ်က ပြောလည်း ပြော၊ ခပ်မှန်မှန် မောင်းလာသော မာစီဒီးစ်ကားလေးကိုလည်း အရှိန်ထပ်မြှင့်နေ၏။

“တကယ် မောရစ်ရယ်၊ အစစ အရာရာ ပြောင်းလဲသွားတာများ မော်လီတော့ လက်ဖျားခါတယ်။ ခုဆိုရင် အိပ်ရာက ကိုကို မနှိုးမချင်း မေရီ မထတော့ဘူး။ နိုးလာလို့ ကိုယ်လက် သန့်စင် ပြီးရင်လည်း မှန်တင်ခုံ ရှေ့မှာ ဖင်ဂျွတ်စွဲမတတ် ထိုင်နေတော့တာပဲ။ နောက်ဆုံး သူစိတ်တိုင်းကျ ခြယ်လို့ သလို့ ပြီးပြီ ဆိုတော့မှ ကိုကိုနဲ့ အတူ ကော်ဖီသောက်ရင်း ပြောလိုက်တဲ့ စကားဆိုတာ အမြှုပ်တောင် ထွက်မလား ထင်ရတယ် မောရစ် ရေ”

“ကိုရောဘတ်ကြီးတစ်ယောက် သဘောတွေကျနေမှာပဲ”
“ဘာပြော ကောင်းမလဲ မောရစ်ရယ်။ သေချာတာပေါ့။ နောက်ပြီး ခြံထဲမှာ သတင်းစာကို ထိုင်ခုံ တစ်လုံးနဲ့ အကျအန ထိုင်ဖတ်နေပုံများ မောရစ်ကို မြင်စေ့ချင်တယ်”
“တယ်ဟုတ်ပါလား။ မေရီက သတင်းစာကိုတောင် စိတ်လို လက်ရ ဖတ်တတ်နေပြီကိုး”
“ဘယ်ကလာ မောရစ်ရယ်။ ဘယ်သူ့ စနက်ရှိမလဲ။ ကိုကိုလေ ကိုကိုပေါ့။ သတင်းစာကိုတောင် မေရီ ဖတ်ပြတော့မှ နားထဲဝင်တယ် ထင်နေတာ”

“အဟား ကိုရောဘတ်ကတော့ စံပဲဟေ့”
“နောက် ရှိသေးတယ်။  ရှိသေးတယ်။ အခုဆို မော်လီ့ဖို့ တစ်ခုခု ၀ယ်တိုင်း မေရီ့ အတွက်ပါ မကျန်စေရဘူး။ ဟိုတစ်ယောက်ကလည်း သူ့အတွက်များ ပါမလာရင် ကိုကို့ကို နှစ်ရက်လောက် စိတ်ကောက်နေတော့တာ”
မော်လီ၏ လေယူလေသိမ်း အတက် အကျက ရောဘတ်၏ အောင်မြင်မှု အပေါ် ဂုဏ်ယူဝံ့ကြွားလိုသည်ထက်၊ လူသား စက်ရုပ်မလေး မေရီ၏ ကြောက်ခမန်းလိလိ မယုံ နိုင်စရာ တိုးတက် ခေတ်မီနေပုံအား ပို၍ ထင်းခနဲ လင်းခနဲဖြစ်အောင် ပံ့ပိုးနေသည်ဟု မောရစ်က ထင်သည်။
ပညာသည် အချင်းချင်း အနီးကပ်စူးစမ်း လေ့လာချင်စိတ်က မောရစ်အား လီဗာကိုသာ ဖိနင်းခိုင်းရသည်။

“လာကြဦး၊ လာကြဦး မင်းတို့ နှစ်ယောက် ရောက်လာတာနဲ့ အတော်ပဲ။ ငါ တစ်ယောက်တည်း ဘာလုပ်လို့ ဘာကိုင် ရမှန်းကို မသိ တော့ဘူး”
အရူးမီးဝိုင်း သလို ရေးကြီး သုတ်ပြာနဲ့ မဆိုင်း မတွ လှမ်းပြောသော ရောဘတ်၏ ပုံစံက ရေချိုးပြီး ထွက်လာစ ခန္ဓာကိုယ် အပေါ်ပိုင်း ဗလာကျင်း အတိုင်းသာ ရှိသေး၏။  ရုတ်တရက်ကြီး ဘာစမေးလို့ မေးရမှန်း မသိအောင် ကြောင်အမ်းအမ်း ဖြစ်နေသော သူတို့ နှစ်ယောက်ကို ရောဘတ်ကပင် မျက်ကလူး ဆန်ပျာဖြင့်-
“ဒီမှာ မေရီ မရှိတော့ဘူး။ မေရီ့ကို လုံးဝမတွေ့ တော့ဘူး။ မေရီတစ်ယောက်တည်း ဘယ်များ ထွက်သွားပြီလဲ မသိဘူး”
မောရစ် ကြည့်ရတာ ကြောင်စီစီ နိုင်နေသလို ရှိသော်လည်း မော်လီကတော့-
“ဟာ ကိုကိုတို့က လုပ်ပြန်ပြီ။ ဒီအချိန်ဆို မေရီ ပန်းရုံထဲ ရောက်နေမှာပေါ့။ နာရီလည်း သေသေချာချာ ကြည့်ပါဦး”
ရောဘတ်က စုတ်တစ် ချက်သပ်ရင်းမှ ရင်ခေါင်းသံ ကြီးဖြင့် ပြန်ပြောသည်။
“ဘယ်ကလာ မဟုတ်ဘူး၊ မဟုတ်ဘူး၊ လုံးဝ မဟုတ်ဘူး။ ကိုကို တစ်အိမ်လုံး တစ်ခြံလုံးကို ဒေါင်း တောက်အောင် ရှာထားပြီး ပြီ။ ဘယ်နေရာမှ မတွေ့ဘူး။ ကိုကို ရေချိုးခန်းထဲ ၀င်ခါနီးတောင် ဧည့်ခန်းမှာ စာထိုင် ဖတ်နေသေးတယ်။ ဟာ ဒုက္ခပါပဲ။ အန္တရာယ် တစ်ခုခုများ ဖြစ်လို့ကတော့ ကိုကို ရင်ကျိုးလိမ့်မယ်”
အခြေအနေကို အနည်းငယ် ရိပ်စားမိပြီ ဖြစ်သော မောရစ်က သူနှင့်နီးစပ်သည့်  အချက်ကို ၀င်ထောက်သည်။

“ကိုရောဘတ် မေရီ့ကို ဗိုင်းရပ်စ်ကော မှန်မှန်စစ် ဖြစ်ရဲ့လား”
“နေမလား မောရစ်ရယ်၊ ဒီအရေး တွေကို ကိုယ်ကြိုမြင်လို့ ဗိုင်းရပ်စ်ကိုက်တာနဲ့ နှစ်ဆယ့်လေးနာရီအတွင်း သတိပေးတဲ့ ဆော့ဖ်ဝဲတစ်ခု အင်စတော လုပ်ထား ခဲ့ပြီးသား။ ဟုတ်ပြီ ဟုတ်ပြီ ဗိုင်းရပ်စ်ကိုက်တာ သေချာရင်တော့ နောက် ကျောဘက် အချက်ပြမီးက နှစ်ဆယ့်လေးနာရီ မကျော်ခင် လင်းကို လင်းနေလိမ့်မယ်”

“ဒါဆိုရင်လည်း အချိန် ရှိတုန်း ခပ်မြန်မြန် လိုက်ရှာရအောင်”
ရောဘတ် အ၀တ်အစား ခပ်သွက်သွက်လဲကာ အဆင်သင့် စောင့်နေသော မောရစ်၏ ကားပေါ်သို့ ၀ုန်းခနဲ တက်ထိုင်သည်။ မော်လီက အကျိုးအကြောင်း ထူးတာနဲ့ အိမ်ကနေ ဖုန်းလှမ်း ဆက်မည်ဆိုကာ ကျန်ရစ်ခဲ့လေ၏။
ထိုသို့ နေရာ အနှံအား အချိန်တစ်လ ကြာကြာ အားကြိုး မာန်တက် လိုက်လံ ရှာဖွေ စုံစမ်း သော်လည်း အကြောင်းထူး ပုံမထောက်၍ ရောဘတ် အားပျော့ စိတ်လျှော့ချင်လာ၏။ ထိုထက်ပို၍ ရောဘတ်တို့ ဘက်က လူသား စက်ရုပ်မလေး မေရီ၏ နောက်ကျောဘက်က တစ်စုံတစ်ရာ ၀ိသေသအား သဲလွန်စ တစ်ရပ်အနေဖြင့် “နောက်မီးလင်းနေတဲ့ ကောင်မလေး တစ်ယောက်ကိုများ တွေ့မိသေးလား”ဟု ထုတ်ထုတ် မေးသည့် အခါ အမေးခံရသူ အပေါင်း၏ စိတ်မနှံ့သူ တစ်ယောက်လို ယုံမှတ်မှားကာ စိုက်စိုက်၍ ကြည့်သွား ကြသော တန်ပြန် မျက်လုံးတို့၏ ဒဏ်မှ ရင်မဆိုင်ဝံ့တော့တာက ပိုလိမ့်မည် ထင်ပါသည်။

တိုက်ဆိုင်မှု တစ်ခုဟု အသံလွှင့်ရအောင် တိုက်ပဲ တိုက်ဆိုင်နိုင်လွန်းသည့် မသိုးမသန့် သတင်းလေး တစ်ခုကလည်း ရောဘတ်၏ အိမ်အပြန် ခရီးတွင် အသင့် စောင့်ဆိုင်း နေခဲ့သည်။
လူသား စက်ရုပ်မလေး မေရီ ပျောက်ချင်းမလှ ပျောက်ဆုံး သွားခဲ့သော နောက်တစ်နေ့ နံနက်မှ စတင်ကာ ရောဘတ်၏ အိမ်သို့ အချိန် မှန်မှန် သတင်းစာ လာပို့လေ့ ရှိသော လူငယ်ချွတ်တားလေးသည်လည်း အစအနပင် ရှာမရအောင် ကိုယ်ရောင်ဖျောက် သွားခဲ့သည် ဟု…။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts