တူမောင်ညို သူတို့အာဘော်

ဒီချုပ် နှင့် ဒေါ်အောင်ဆန်းစုကြည် သို့ ပန်ကြားချက် (Tu Maung Nyo)

ဒီချုပ် နှင့် ဒေါ်အောင်ဆန်းစုကြည် သို့ ပန်ကြားချက်

တူမောင်ညို၊ ဇန်နဝါရီလ ၁၄၊ ၂၀၁၃

          ကချင်ပြည်နယ်ထဲက စစ်ပွဲကိစ္စတွေနဲ့ပတ်သက်ပြီး “ဝင်ရောက်ဖြေရှင်းနိုင်တဲ့အခြေအနေရှိပါသလား” ဆိုသည့် မေးခွန်းကို (RFA) သတင်းဌာနက ပုံမှန်အစီအစဉ်တစ်ခုမှာမေးတော့ ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က “အစိုးရဘက်က လုံးဝ ဖိတ်ခေါ်ခြင်း မရှိပါဘူး”  လို့ဖြေသွားတာ နားထောင်လိုက်ရပါသည်။  ယင်းအမေးအဖြေကို ဒီလှိုင်းစာစောင် အတွဲ၂၊ အမှတ် (၁) ၊ စာမျက်နှာ ၂၃ တွင် အပြည့်အစုံ ဖေါ်ပြထားပါသည်။  

          (ဗိုလ်)ဦးသိန်းစိန်အစိုးရကမဖိတ်ခေါ်သည်ကို ဒီအတိုင်းလက်ပိုက်ကြည့်နေတော့မှာလား။

မဖိတ်ခေါ်သေးသမျှ ယခုလို ရေငုံနှုတ်ပိတ်နေတော့မှာလား။

          ခွင့်မပြုသဖြင့်/ခွင့်မပြုသေးသဖြင့် ဝင်ရောက်နိုင်ခြင်းမရှိဘူး၊ ပြောဆိုနိုင်ခြင်းမရှိပါဟု ပြောဆိုနေသည်မှာ လုံးဝသဘာဝမကျပါ။ နိုင်ငံရေးပါတီတစ်ခုသည် ၊ နိုင်ငံရေးခေါင်းဆောင်တစ်ဦးသည်၊ ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် ဖိတ်ခေါ်ချက်ရှိမှသာ/ ခွင့်ပြုချက်ရရှိမှသာ ပြည်သူ့အရေး/နိုင်ငံ့အရေးကိစ္စများတွင် ပြောဆိုခွင့်/ပါဝင်ဖြေရှင်းလုပ်ဆောင်နိုင်ခွင့်ရမည်လော။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တာဝန်သိမှုဖြင့် ဝင်ရောက်ပြောဆိုခဲ့ဖူးသော သာဓကတွေရှိခဲ့ဖူးပါသည်။

တရားဝင်ပါတီအဖြစ် မှတ်ပုံမတင်မီကတစ်ကြိမ်နဲ့ပါတီမှတ်ပုံတင်၊ ကြားဖြတ်ရွေးကောက်ပွဲ ပြီးနောက် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းရေးကော်မတီဥက္ကဋ္ဌတစ်ဦးအနေဖြင့် တစ်ကြိမ် သဘောထားအမြင်ထုတ်ပြန်ခဲ့ဖူးပါသည်။

၁။ ဒုတိယအကြိမ်ပါတီမှတ်ပုံတင်ခြင်းမပြုမီ ၂၀၁၁ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်စွဲဖြင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လက်မှတ် ရေးထိုးပြီး “သမ္မတဦးသိန်းစိန်၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည် တပ်မတော် (SSA)” တို့ထံလိပ်မူပြီး  “အိတ်ဖွင့်ပေးစာ” တစ်စောင်ပေးပို့ခဲ့ပါသည်။  

ဒီချုပ်ပါတီသည် ၂၀၁၂ ဇန်နဝါရီလ ၅ ရက်နေ့ တွင် မှတ်ပုံတင်အမှတ် ၄၇ ဖြင့် တရားဝင်နိုင်ငံရေးပါတီဖြစ်လာပါသည်။  

၂။ ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်စွဲဖြင့် “ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော ပဋိပက္ခနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်အချို့နှင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းရေးကော်မတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်တို့၏သဘောထားထုတ် ပြန်ကြေညာချက် ” ထုတ်ပြန်ခဲ့ဖူးပါသည်။

“အိတ်ဖွင့်ပေးစာ”နှင့်“ထုတ်ပြန်ကြေညာချက်” သည် ဒီချုပ်ပါတီ အနေဖြင့်ထုတ်ပြန်ခဲ့ခြင်းမဟုတ်ပါ

“အိတ်ဖွင့်ပေးစာ”သည်ပုဂ္ဂိုလ်ရေးတစ်ဦးချင်းဆန်ဆန်ထုတ်ပြန်ခဲ့တာဖြစ်ပြီး။“ထုတ်ပြန်ကြေညာချက်”မှာလွှတ်တော် ကော်မတီ တစ်ရပ်၏ဥက္ကဋ္ဌတစ်ဦးအနေဖြင့် ထုတ်ပြန်ခဲ့ခြင်းသာဖြစ်သည်။

ကချင်တိုင်းရင်းသားများ အပါအဝင် တိုင်းရင်းသားပြည်သူများမှာ  “ဒီချုပ် ”နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ထံမှ သဘောထား အမြင်နှင့် ပြောစကားကို လိုလား၊အားထား၊အလေးထား နားစွင့်နေကြပါသည်။
 သို့သော်လည်း မည်သည့်အသံကိုမျှမကြားရ၊ ဒီချုပ်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့သည် ရက်စက်သော တိတ်ဆိတ်ခြင်း ကို ဆောင်မြဲတိုင်းဆောင်နေပါသည်။  
ယခုအခါ ကချင်ပြည်နယ်တွင်းဖြစ်ပွားနေသော စစ်ပွဲသည် ပို၍ပို၍ ရက်စက်ပြင်းထန်လာနေပါသည်။ အပြစ်မဲ့အရပ်သားများ ထိခိုက် သေကြေဒဏ်ရာရမှုမြင့်မားလာနေပါသည်။ နှစ်ဖက်အကျအဆုံးနှင့်သုံ့ပန်းများလည်းရာဂဏန်း၊ ဆယ်ဂဏန်းပမာဏမျှရှိလာနေပါ သည်။ စစ်တပ်အနေဖြင့် မြေပြင်၊ ဝေဟင်မှနေ၍ မီးကုန်ယမ်းကုန်စစ်ဆင်နေသည်ကို ကြားသိနေရပါသည်။ ရဟတ်ယာဉ်တစ်စင်း ပျက် ကျပြီး၊ ရဟတ်ယာဉ်ပေါ်ပါသော အရာရှိ၂ ဦးနှင့် တပ်ကြပ်တစ်ဦး သေကျခဲ့ရပါသည်။ (KIA)မှတံတားနှင့် မီးရထားလမ်းဖောက်ခွဲဖျက်ဆီး မှုသတင်းများသတင်းစာများတွင်ဖတ်နေရပါသည်။
သမ္မတ (ဗိုလ်) ဦးသိန်းစိန်၏ စစ်တပ်သို့ ပေးပို့သော ညွန်ကြားချက်သည် မည်သည့်အကျိုးသက်ရောက်မှုမျှမရှိချေ။ အကျိုး သက်ရောက် မှုမရှိကြောင်း စစ်တပ်၏ မြေပြင်ဝေဟင်ထိုးစစ်ဆင်နေသည့်ဖြစ်ရပ်များက သက်သေပင်။ 
သို့အတွက် “ဒီချုပ်” အနေဖြင့်သော်လည်းကောင်း၊ ဒီမိုကရေစီခေါင်းဆောင်တစ်ဦးအနေဖြင့်သော်လည်းကောင်း ကချင်ပြည် နယ်မှ တိုင်းရင်းသားပြည်သူများအတိဒုက္ခ လက်ငင်းကြုံတွေ့နေရမှုမှယာယီအားဖြင့်ဖြစ်စေ၊ စိတ်သက်သာရာ ရစိမ့်သောငှာ ကြေညာချက် တစ်ရပ် သို့မဟုတ် သဘောထားအမြင်တစ်ခု ထုတ်ဖေါ်၍ပြောဆိုစေချင်သောဆန္ဒ တိုင်းရင်းသားပြည်သူများတွင် အပြည့်အဝ ကိုယ်စီကိုယ်ငှ ရှိနေကြပါတယ်။ နွေးထွေးသော ဖေးမကူညီမှုကို စောင့်စားမျှော်လင့်နေကြပါသည်။

၂၀၀၈အခြေခံဥပဒေဘောင်ထဲက နိုင်ငံရေးပါတီတစ်ခု၏ အခြေအနေ၊ အထင်ကရနိုင်ငံရေးပါတီခေါင်းဆောင်တစ်ဦး၏ နိုင်ငံ ရေး မှာပါဝင်ဆောင်ရွက်နိုင်မှု၊ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ၏ပြောရေးဆိုခွင့်သည်ကြပ်တည်းကျဉ်းမြောင်းလွန်းလှပါသည်။

ဖိတ်ခေါ်ချက်ရှိမှ နိုင်ငံရေးတွင်ပါဝင်လုပ်ရမည့်ဘဝ၊ ပြောဆိုနိုင်မည့်ဘဝ ဖြစ်နေပါသည်။

          (ဗိုလ်)ဦးသိန်းစိန်အစိုးရက ဖိတ်ခေါ်မှ ဝင်ရောက်လုပ်ပိုင်ခွင့်ရှိသောနိုင်ငံရေးကို ကျနော်တို့ ပြတ်ပြတ်သားသား ဆန့်ကျင် ကန့် ကွက်ပါသည်။ (ဗိုလ်)ဦးသိန်းစိန်အစိုးရက ဖိတ်ခေါ်မှ ပြောရေးဆိုခွင့်ရှိသော ဒီမိုကရေစီအခွင့်အရေးကို ကျနော်တို့ ဝေဖန်ပြစ်တင်ရှုံ့ချ ပါသည်။

          တရားဝင်နိုင်ငံရေးပါတီတစ်ခုသည် တစ်နိုင်ငံလုံးနဲ့သက်ဆိုင်တဲ့မည်သည့်အရေးကိစ္စမှာမဆို မိမိပါတီရပ်တည်ချက်နဲ့ သဘော ထားအမြင်ကို လွတ်လပ်စွာ၊ ပွင့်လင်းစွာ၊ ပြောရေးဆိုပိုင်ခွင့်၊ လုပ်ကိုင်ဆောင်ရွက်နိုင်ခွင့်  အပြည့်အဝရှိရပါမည်။  တိုင်းရင်းသား ပြည်သူ များ၏မျက်နှာမှလွဲ၍ မည်သူ့မျက်နှာကိုထောက်ထားနေကြရမည်နည်း။ မည်သူ့ခွင့်ပြုချက်၊ ဖိတ်ခေါ်ချက် ကိုစောင့်စားနေကြရမည်နည်း။

          နိုင်ငံရေးပါတီတစ်ရပ်သည် နိုင်ငံရေးလုပ်ငန်းများတွင် လွတ်လပ်စွာ၊ အမှီခိုကင်းစွာ ပြောဆိုနိုင်ရမည်၊ လုပ်ဆောင်နိုင်ရမည်။ ပြောဆိုရဲရမည်၊ ပြောဆိုဝံ့ရပါမည်။

          နိုင်ငံရေးပါတီခေါင်းဆောင်တစ်ဦးသည် သူ၏ အမြင်နဲ့သဘောထားကို လွတ်လပ်အမှီခိုကင်းစွာပြောဆိုနိုင်ရမည်။ လုပ်ဆောင် နိုင်ရမည်။ ပြောဆိုရဲရမည်၊ ပြောဆိုဝံ့ရပါမည်။

ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် သူ၏ အမြင်နဲ့သဘောထားကို လွတ်လပ်စွာအမှီခိုကင်းစွာပြောဆိုနိုင်ရမည်၊ လုပ်ဆောင်နိုင်ရမည်။ ပြောဆိုရဲရမည်၊ ပြောဆိုဝံ့ရပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဒီချုပ် နှင့် ဒေါ်အောင်ဆန်းစုကြည် သို့ ပန်ကြားချက် (Tu Maung Nyo)
  1. Daw Su’s current situation has no power to stop civil war between chief Army-Min Aung Hlaing & Bojoke-Gun Mao of K.I.A but Bo Than Shwe had supper power to stop it and so,you should urge Bo Than Shwe to stop it!

Comments are closed.