သူတို့အာဘော်

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးက ပထမ ဒုတိယ တတိယပါ

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးက ပထမ ဒုတိယ တတိယပါ

မောင်ခင်အေးတင့်(မဒေါက်)။ ဇန်န၀ါရီ ၁၂၊ ၂၀၁၃

ဗမာပြည်မြောက်ပိုင်း ကချင်ဒေသမှာ ကချင်လွတ်မြောက်ရေးတပ်နဲ့ ကြံ့ဖွတ်အစိုးရစစ်တပ်ရဲ့ တဖက်သတ် နယ်မြေကျူး ကျော်စစ် တိုက်ပွဲကြီးတွေ အပြင်းအထန် နေ့စဉ်ရက်ဆက် ဖြစ်ပွားနေပါတယ်။ အပစ်အခတ်ရပ်စဲရေး ၁၇-နှစ်ကြာကာလ အတွင်း ကေအိုင်အိုဟာ ၂၀၀၆မှာ အမျိုးသားညီလာခံ တက်ရောက်ပြီး ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံခဲ့တာ အပြင် ၂၀၁၀-ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ကချင်ပြည်နယ်တိုးတက်ရေးပါတီကို ဖွဲ့စည်းခဲ့ပေမဲ့ စစ်အစိုးရက မှတ်ပုံ တင်ခွင့်မပေးဘဲ နယ်ခြားစောင့်တပ်အဖြစ်သာ ဇွတ်ပြောင်းခိုင်းရာကစပြီး ၂၀၁၁ခု ဇွန်(၉)ရက်နေ့မှာ သေနတ်ပြန်ပေါက်ပြီး တဖြည်းဖြည်းနဲ့ အရှိန်ပြင်းလာခဲ့တာ အခုဆို ၁၉-လရှိသွားခဲ့ပါပြီ။ ၆-လအကြာ ဒီဇင်ဘာ(၁၀)ရက်နေ့မှာတော့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို စစ်ရေးတိုက်ပွဲတွေရပ်ဆိုင်းဖို့ ညွှန်ကြားခဲ့ပေမဲ့ တိုက်ပွဲကရပ်မသွားဘဲ ပိုဆိုးဝါးပြင်းထန်လာတဲ့အပြင် လတ်တလော အစိုးရတပ်ရဲ့ စစ်ရေးချေမှုန်းမှုပုံစံက ပြည်ပကျူးကျော်စစ်ကို ဆင်နွှဲသလိုမျိုး သမရိုးကျ ရဟတ်ယာဉ်၊ လေယာဉ်တွေအပြင် (ရုရှားလုပ်) ဒုံးကျည်တပ်ထားတဲ့ ဂျက်တိုက်လေယာဉ်ပျံတွေကိုပါ အကန့်အသတ်မဲ့ အသုံးပြုလာနေတာက ကချင်ဒေသတခုလုံးကို စိစိညက်ညက် ချေပစ် ပြီး အပြီးတိုင် သိမ်းပိုက်ပစ်မယ်ဆိုတဲ့ အနေအထားမျိုးပါ။  

ဒီဟာရဲ့ဖော်ပြချက်က ဘာလဲဆိုရင်  ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သမ္မတကြီး ဦးသိန်းစိန်ထက် အာဏာ ပိုရှိ တယ်၊ ဦးသိန်းစိန်ရဲ့ အမိန့်အာဏာဟာ တပ်မတော်ပေါ်မှာ မသက်ရောက်ဘူးဆိုတာပါပဲ။ စစ်ယူနီဖောင်းဝတ်တွေက လက်ရှိအစိုးရအဖွဲ့အပါအ၀င် အာဏာကြီးသုံးရပ်စလုံးကို ချုပ်ကိုင်လွှမ်းမိုးထားတုန်းပါ၊ မလွှတ်ပေးသေးပါဘူး။ အခုထိကို စစ်တပ်ကပဲ တိုင်းပြည်ကို အုပ်ချုပ်နေတာပါ၊  ရေကိုမရောရသေးတဲ့ စစ်အစိုးရပါပဲ။ ဒါဆို ရှင်းလောက်ပါပြီ။

ဦးသိန်းစိန်ရဲ့ ညွှန်ကြားချက်ထွက်ပြီးကာမှ တပ်မတော်ရဲ့ ကချင်ဒေသထိုးစစ်က နေ့ရယ်ညရယ် မခွဲခြားတော့ဘဲ နှစ်ထပ် ကွမ်းဒုက္ခသည်အဖြစ် ဗုံးခိုကျင်းတွေတူး နှစ်ပါးသွားနေကြရပါတယ်။ မြို့တွေရွာတွေပေါ်က ဖြတ်ပျံသွားတဲ့ အပြင်းစား လေယာဉ်တွေရဲ့ နားကွဲမတတ် အသံကြီးတွေက ကချင်တိုင်းရင်းသားပြည်သူလူထုကို ထိတ်လန့်ကြောက်ရွံ့ရုံတင်မက စိတ်ဒဏ်ရာအနာကိုပါ အဆစ်ပေးနေသလိုပါပဲ။ ပိုကြေကွဲဖို့ကောင်းတာက နေ့တဓူဝ လက်နက်ပေါက်ကွဲသံနဲ့ လေယာဉ် ပေါ်က ပစ်ခတ်ကျဲချသွားတဲ့ ဗုံးသံအမြောက်ဆံတွေရဲ့ ပေါက်ကွဲမြည်ဟည်းသံတွေက လူမမယ်ကလေးလေးတွေရဲ့ စိတ်ကို နက်နက်ရှိုင်းရှိုင်း စိတ်ဒဏ်ရာ အကြီးအကျယ် ဖြစ်စေတာပါ။   

၂၀၀၈ဖွဲ့စည်းပုံကိုကျော်ပြီး ၂၀၁၁ခုနှစ် မတ်လ(၃၀)ရက်နေ့က အငြိမ်းစားယူသွားပြီလို့ဆိုတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ် တိုင် ဗိုလ်မင်းအောင်လှိုင်ကို တပ်မတော်ဦးစီးချုပ်အဖြစ် အသေအချာရွေးချယ်ပြီး တိုက်ရိုက် တာဝန်လွှဲပေးခဲ့တာကိုက စစ် အုပ်စုတအုပ်လုံးရဲ့ အသက်ဝိညာဉ်ဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တသွေမတိမ်း နာခံဖော်ဆောင်မယ့် သန်းရွှေလေး ဖြစ်(နိုင်)နေတာမို့ပါ။

အကျိုးဆက်ကတော့ ကာချုပ်မင်းအောင်လှိုင်ဟာ လုပ်ပိုင်ခွင့်ရတာနဲ့ တပြိုင်နက် ဆရာ့ အကြိုက် အစွမ်းပြဖို့ စစ်ရေးထိုးစစ်အရှိန်ကို တရုပ်နယ်စပ် ကချင်ဒေသဘက်ကို မီးကုန်ယမ်းကုန် မြှားဦးလှည့်လိုက်ရာက မဆီမဆိုင် ဒေသခံတိုင်းရင်းသား ပြည်သူတွေ မြေဇာပင်ဖြစ်၊ ရွာတွေကိုစွန့် အိုးဆွဲခွက်ဆွဲ မိရာဆုပ်ပြီး အိုးပစ်အိမ်ပစ်နဲ့ ဒရောသောပါး ကျေးရွာတွေကနေ အသက်လု ထွက်ပြေးနေကြရတာပါပဲ။ လူမမယ်အရွယ်လေးတွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေ၊ မီးဖွားပြီးကာစ ရက်ပိုင်းသာသာ လူနီတာရဲလေးတွေနဲ့ အဘိုးအို၊ အဘွားအိုတွေပါမကျန် နောက်ကျတဲ့ ခြေ ထောက် သစ္စာဖောက်ဆိုသလို အသက်လုပြေးလွှားနေတဲ့ သတင်းဓါတ်ပုံတွေကို မီဒီယာတွေထဲမှာ အတိုင်းသား မြင်တွေ့ ကြားသိနေရတာက အင်မတန်မှကို စိတ်ထိခိုက်ကြေကွဲစရာ မြင်ကွင်းပါပဲ။

ဒါကိုကြည့်ရင် ၂၀၀၈-ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အပေါ်မှာ အာဏာရှင်စစ်ဗိုလ်ချုပ်ကြီးတွေ ရှိတယ်ဆိုတာ အရှင်းကြီးပါ။

အသေချာဆုံးကတော့ အရင် န၀တ-နအဖလက်ထက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အပေါင်းအပါ စစ်ဗိုလ်ချုပ်ကြီးတသိုက် ကျူးလွန်ထားတဲ့ ဥပဒေမဲ့ တရားလက်လွတ် ဖမ်းဆီးနှိပ်စက် ညှင်းပမ်းသတ်ဖြတ်မှု၊ အာဏာအလွဲသုံးစားမှု၊ ပြည်သူပိုင် သဘာဝသယံဇာတ တွင်းထွက်ပစ္စည်းတွေကို ထင်တိုင်းကြဲ ရောင်းစားဖြုန်းတီးမှု၊ အုပ်ချုပ်သူနဲ့ သဘောထားမတူညီ အယူ အဆမတိုက်ဆိုင် ကွဲလွဲသူ နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာကို နှစ်ရှည်ထောင်သွင်း အကျဉ်းချထားမှု အစရှိတဲ့ လူ့ အခွင့်အရေးချိုးဖောက်မှုတွေအပါ မူးယစ်ဆေးဝါး ရောင်းဝယ်ကုန်ကူးမှုတွေမှာ ပူးပေါင်းပါဝင်ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှု အမြောက်အများကို ဒီ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေက ခံတပ်အဖြစ် အကာအကွယ်ပေးထားတာကြောင့်ပါ။ ဒီအချက်ကို ဖုံးအုပ်နိုင်ဖို့ နိုင်ငံရေးကစားကွက်အဖြစ် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ ဆိုတာကို ရှေ့ထုတ် ပွဲတင်လာတာပါ။

ဦးသိန်းစိန်အစိုးရသက်တမ်း တနှစ်ကျော်အတွင်း ပြည်တွင်းစစ်ကိုတားဆီးဖို့ နေနေသာသာ အစိုးရကဦးစီးတဲ့ (စစ်တပ် ဦးပိုင်က) အရင်းရှင်လက်ဝါးကြီးအုပ်စနစ်ကို အသက်သွင်းနေပုံများ တတိုင်းတပြည်လုံးအနှံ့က တိုင်းရင်းသားပြည်သူလူထု ရဲ့ ဓါးမဦးချ ခုတ်ထွင်ရှင်းလင်း လုပ်ကိုင်လာခဲ့ကြတဲ့ လယ်မြေယာမြေ ဥယျာဉ်ခြံမြေတွေကိုသိမ်း၊ အမျိုးသားပြည်သူတရပ် လုံးရဲ့ ကိုယ့်ချွေးနည်းစာနဲ့ သမာအာဇီဝ ရှာဖွေစုဆောင်းထားတဲ့ ပစ္စည်းဥစ္စာတွေကို ပြည်ပအရင်းရှင်ကုမ္ပဏီကြီးတွေနဲ့ လက်ဝေခံခရိုနီတွေအတွက် အေးဓါးမြတိုက်ပေးနေတာ တပြည်လုံး စုတ်ပြတ်သတ်နေပါပြီ။ ဒါတွေကသာ ဦးသိန်းစိန် အစိုးရလက်ထက် အထင်ကရ အပြောင်းအလဲတွေလို့ ပြောရမှာပါ။ တကယ့် တိုင်းသားပြည်သူ အောက်ခြေလူတန်းစား အလွှာအသီးသီးရဲ့ အပြောင်းအလဲဆိုတာကတော့ နိုင်ငံတော်အစိုးရကိုယ်တိုင် ဦးစီးတဲ့ ကျေးဇာတ်ကျွန်ဇာတ်သွင်းပွဲကြီး ကြောင့် ရင်ဘတ်ထဲကလျှံထွက် ပေါက်ကွဲထွက်လာတဲ့ ဘ၀ရပ်တည်ရေး တောင်းပွဲတိုက်ပွဲတွေသာ ဖြစ်ပါတယ်။

ဒါ့ပြင် ခါတော်မီ အရောင်ပြောင်း ပုတ်သင်ညိုတွေကလည်း ဒီကနေ့ကာလမှာ အလျှိုအလျှို ထွက်ပေါ်လာလိုက်ကြတာ သူ့ ထက်ငါပါပဲ။ အရိုးအရင်းလေးစုပ်ရဖို့အရေး၊ ကမန်းကတန်း ခွေးကတက်နေရာလေး ရဖို့အရေး စစ်အမှောင်တိုက်ထဲ ရာစု ၀က်ကျော် တိရစ္ဆာန်လို ပိတ်လှောင်ခံထားရလို့ မွတ်သိပ်ဆာလောင် ငြီးတွားနေတဲ့ လူမည်ကာမတ္တ ဘ၀သန်းပေါင်းများစွာ ကို အရပ်သားအစိုးရတို့၊ ပြောင်းလဲနေပါပြီတို့၊ ဒီမိုကရေစီအသွင် ကူးပြောင်းနေပါပြီတို့ ဆိုတာတွေနဲ့ တစိပ်တအိတ်လုပ် ညာဝါးဖြီးဖြန်းပြီး အလုအယက် စစ်အရင်းရှင်ဗျူရိုကရက်ကြီးတွေကို မျက်နှာလိုမျက်နှာရ အပြိုင်အဆိုင် ဖားကြ အမြီးနှံ့ပြ နေကြလေရဲ့။ ဒီလို အမျိုးအစားတွေကိုတော့ ရှေ့ခရီးဆက်နိုင်ဖို့ ရန်ငါစည်းဖြတ်ပစ်ရမှာပါ။ အမျိုးသားပြည်သူအသီးသီး မှာတော့ ဘာမှန်းကိုမသိဘူးဆိုတာလို  ညာမှန်းကိုလည်း မသိကြပါဘူး။

ဒါတွေအားလုံးဟာ အစကတည်းက သန္ဓေမမှန်ခဲ့တဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားနည်းချက်တွေကြောင့်သာ ဖြစ်ပါ တယ်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ရည်မှန်း ချက်တွေအတွက် ထည့်သွင်းရေးဆွဲ ပြဋ္ဌာန်းထားတာ မပါပါဘူး။ ပြည်တွင်းစစ်ဖြစ်ရတဲ့ အဓိက အခြေခံအကြောင်းတရား တွေဖြစ်တဲ့ ဒီမိုကရေစီရေး ဆိတ်သုဉ်းနေမှု၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကင်းမဲ့နေမှု စတာတွေအတွက် ဒီ၂၀၀၈အခြေခံဥပဒေထဲမှာ  ပြဋ္ဌာန်းသတ်မှတ်ပေးထားတာမျိုး မရှိပါဘူး။ ဒီအချက်တွေမရှိလို့ ပြည်တွင်းစစ်က ဖြစ်ခဲ့ရတာ မို့ ဒီအချက်တွေမပါတဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေဟာလည်း ပြည်တွင်းစစ်ကို တားဆီးနိုင်မှာမဟုတ်သလို တိုင်းရင်းသား ပြည်သူတရပ်လုံးအတွက်လည်း ဘာအဓိပ္ပါယ်မှကို ရှိလိမ့်မှာမဟုတ်ပါဘူး။ ငြိမ်းချမ်းရေးဆိုတာကတော့ အဝေးကြီးမှာပါ။

ဒါကြောင့် ဒီ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ဒီမိုကရေစီနည်းလမ်းမကျတဲ့ ပုဒ်မတွေ၊ ပြဋ္ဌာန်းချက်တွေ၊ စည်းမျဉ်းစည်း ကမ်းတွေ အကုန်လုံးကို ဖြုတ်ပစ်မှသာ ဗမာပြည်ရဲ့ နိုင်ငံရေးပြဿနာကို အစပြုဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ် ဘဲ စစ်တပ်ကျောထောက်နောက်ခံပြု ဦးသိန်းစိန်အစိုးရလုပ်နေသလို ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းကော်မတီဖွဲ့ တိုင်းရင်းသားတွေနဲ့တွေ့၊ အပစ်အခတ်ရပ်စဲရေးလုပ်၊ ဒီမိုကရေစီအင်အားစုတွေနဲ့တွေ့၊ ငြိမ်းချမ်းရေးဆွေးနွေး အစရှိတာ တွေဟာ အနာနဲ့ဆေး တခြားဆိုသလို မီးစတဖက် ရေမှုတ်တဖက်ဗျူဟာနဲ့တော့ ဘာဆိုဘာမှ ဖြစ်လာစရာ မရှိပါဘူး။

ဒီ ၂၀၀၈ဖွဲ့စည်းပုံကို တစိပ်တပိုင်း ဆန်းစစ်ကြည့်ရင်လည်း …..

အခန်း(၃) ပုဒ်မ ၅၈အရ နိုင်ငံတော်သမ္မတဟာ နိုင်ငံတော်တ၀န်းလုံးမှာ နိုင်ငံသားအားလုံးရဲ့ အထွဋ်အထိပ်နေရာမှာ ရှိ သည်လို့ ပြဋ္ဌာန်းထားပေမဲ့လို့ တပ်မတော်အပေါ် အမိန့်အာဏာ သက်ရောက်ခွင့် မရှိပါဘူး။

အခန်း(၅) အုပ်ချုပ်ရေး (ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း) ပုဒ်မ ၂၃၂(ခ) (၂)-(၃)တို့မှာလည်း ကာကွယ် ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့ ခန့်အပ်ရာမှာလည်း ကာကွယ်ရေးဦးစီးချုပ်နဲ့ ညှိနှိုင်းဆောင်ရွက် ရမည် ဆိုတာကလည်း ကာကွယ်ရေးဦးချုပ်ကို လုပ်ပိုင်ခွင့်အာဏာ အပြည့်ပေးထားလိုက်တာပါပဲ။

ဒါ့ပြင် ၂၀၀၈အခြေခံဥပဒေ အခန်း(၅) ပုဒ်မ ၂၀၁-အရ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို  နိုင်ငံတော်သမ္မတ ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၁-ဦးနဲ့ ဖွဲ့စည်းသည်လို့ ပြဋ္ဌာန်းထားပြန်ပေမဲ့လို့ ဒီ ၁၁-ဦးမှာ ကြံ့ဖွတ်ပါတီဝင် အရပ်သားတယောက် ကလွဲလို့ ကျန်တဲ့ ၁၀-ဦးစလုံးက စစ်တပ်က ဗိုလ်ချုပ်ကြီးတွေသာ ဖြစ်တာမို့  တပ်မတော်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အဆုံးအဖြတ်ကသာ အခရာပါ။ ပြန်ကြည့်ရင် အခန်း(၃) ပုဒ်မ ၅၈ကို အခန်း(၅) ပုဒ်မ ၂၀၁နဲ့ ပြန်ချည် ထားလိုက်တာပါပဲ။

အခန်း-၇ တပ်မတော် ပုဒ်မ ၃၄၂အရ နိုင်ငံတော်သမ္မတက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ အဆိုပြု ထောက်ခံချက်နဲ့ ကာကွယ်ရေး ဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရမည်လို့ ဆိုထားပေမဲ့ လက်ရှိကာချုပ်ကို အနားယူသွားပြီ လို့ဆိုတဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကပဲ တိုက်ရိုက် တာဝန်လွှဲပေးခဲ့တာ အားလုံးအသိပါ။

၂၀၀၈အကြောင်း ပြောမယ်ဆိုရင်တော့ တထောင့်နဲ့ ၅(ည)ဆိုသလို ပြောလို့ကုန်မှာမဟုတ်ပါဘူး။

ဒီအခြေအနေတွေကို ချုပ်ကြည့်လိုက်ရင် သမ္မတကြီးနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ဟာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကနေ  အံမချော်သေးဘဲ ဇာတ်ညွှန်းဆရာအကြိုက် ပါဖောင်းမန့်ကောင်းကောင်းနဲ့ တိုင်မင်ကိုက် သရုပ်ဆောင်နေတာများလားလို့ တွေးဆနိုင်သလို တကျိတ်တည်း တာဏ်တည်းလည်း ဖြစ်နိုင်တယ်ဆိုတာကိုပါ။ အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်း ချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး စစ်စစ်မှန်မှန် ဖြစ်ပေါ်လာဖို့ဆိုရင် စစ်ကျွန်ဇာတ်သွင်းမယ့် ဒီ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေး ဒါမှမဟုတ် ပြင်ဆင်ရေးကသာ ဦးသိန်းစိန်အစိုးရ ဒီကနေ့ ဦးဆုံးလက်ငင်းလုပ်ရမယ့် ပထမ ဒုတိယ တတိယ လုပ်ငန်းစဉ်တွေသာ ဖြစ်ကြောင်းပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

One thought on “၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးက ပထမ ဒုတိယ တတိယပါ

Comments are closed.