ကဗျာ ကမာပုလဲ

ဒီ … ငါးများ

ကမာပုလဲ
ဇန်န၀ါရီ ၉၊ ၂၀၁၂
ဒီငါးတွေဟာ ဂန္ထ၀င်ခေတ်ကတည်းက သမိုင်းကျေခဲ့တဲ့ ငါးတွေ
ဒီငါးတွေဟာ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဆိုတဲ့
ကာလသုံးပါးစလုံးမှာ အဘိဓမ္မာပြည့်စုံခဲ့တဲ့ ငါးတွေ
ဒီငါးတွေဟာ …။

ဒီငါးတွေဟာ ပင်လယ်သမုဒ္ဒရာရဲ့ ငါးတွေ
ဒီငါးတွေဟာ မြစ်ထဲ ချောင်းထဲလဲ သက်ရှင်နေထိုင်ခဲ့
ဒီငါးတွေဟာ …။

ဒီငါးတွေဟာ ရာဇ၀င်ကို သူတို့ပေးဆပ်မှုနဲ့ တိုက်ခိုက်ရှင်သန်နေခဲ့
ဒီငါးတွေဟာ ခေတ်အဆက်ဆက် မညံ့ခဲ့ကြဘူး
ဒီငါးတွေဟာ ရေရဲ့အတိမ်အနက်ကိုလည်းသိခဲ့
ဒီငါးတွေဟာ ပြောင်းလဲတတ်တဲ့တရားကိုလည်း သိတယ်
ဒီငါးတွေဟာ …။

ဒီငါးတွေဟာ လိုအပ်ရင် အုပ်စုဖွဲ့လို့ စည်းလုံးညီညွှတ်ခဲ့
ဒီငါးတွေဟာ လိုအပ်တဲ့အခါ တကောင်တည်းလည်း ရှင်သန်နိုင်ခဲ့တယ်
ဒီငါးတွေဟာ …။

ဒီငါးတွေဟာ
ရာသီကိုသိတယ်
အခြေအနေကိုသိတယ်
သစ္စာတရားတို့ တည်မြဲတယ်။

ဒီငါးတွေဟာ အရောင်မပြောင်းဘူး
သွေးမကျဲဘူး
ဒီငါးတွေဟာ သူတို့အချစ်အတွက်
တိုက်ပွဲဝင် အသက်ကိုစတေးဖို့လည်း ပိုင်းဖြတ်ပြီးဖြစ်တယ်။

ဒီငါးတွေ အလုပ်လုပ်ပုံ … ကျွမ်းကျင်ပုံက
ရေနဲ့ ငါးနဲ့ တသားတည်း …။

ဒီငါးတွေဟာ သူတို့ခေတ်ကို သူတို့တည်ဆောက်နေမြဲ
ဘယ်တော့မှ မခမ်းခြောက်နိုင်တဲ့ ရေထဲမှာ။    ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts