သရော်စာ

ဖွတ်ကလေး၊ ခရိုနီ (သို့မဟုတ်) ခိုနီနှင့် သူကြီးဆွယ်တာ လေလံအောင်ခြင်း

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

အီကြာအော်
ဇန်န၀ါရီ ၈၊ ၂၀၁၃
 “ဆရာအော်က ကျွန်တော့ကို ဒါလေးတောင် မသထာဘူးလားဗျာ” ….ဟု

ဖွတ်ကလေးက အီကြာအော်၏ မရှိမဲ့ရှိမဲ့ ဆွယ်တာအဟောင်း တစ်ထည်ကို တောင်းသဖြင့် အီကြာအော်က အကြောက်အကန် ငြင်းလေတော့သည်။

“ဟေ့ကောင် ဖွတ်ကလေး…. ငါ့မှာ ဒါလေးပဲ ချမ်းသာတာ၊ ငါ့အမေက ငါငယ်ငယ်ကတည်းက ထိုးပေးထားတဲ့ ဆွယ်တာကွ၊ မပေးရေးချ မပေးနိုင်ဘူး”

“လုပ်ပါဆရာအော်ရယ် ကျွန်တော်တို့ ဈေးကောင်းရချင်ရမှာဗျ”

“မင်းက ဘာလို့ ငါ့ဆွယ်တာအဟောင်းကို လာတောင်းနေရတာလည်း”

“လေလံတင်မို့လေ ဆရာရဲ့ ”

“ကျွန်တော်တို့လည်း သူဌေးဖြစ်နိုင်တယ်လေ၊ တလောက သူကြီးရဲ့  ဆွယ်တာကို လေလံအောင်တာ သိန်း ၄၀၀ ကျော်တောင်ရတယ်” ဟု ဖွတ်ကလေးက အားရပါးရ ပြောတော့လည်။

“မင်းကတော့ ခက်နေပါပြီကွာ၊ သူကြီးက ငါတို့နဲ့တော့ တူမလား”

“ဒါနဲ့ သူကြီးဆွယ်တာကို ဘယ်သူများ အဲဒီလောက် ဈေးကြီးပေးပြီး ၀ယ်သွားတာလည်း”

“ဦးခိုနီကြီးလို့ ပြောတာပဲ”

ခက်သေးရွာသားများကား နံမည်ပြောင်ပေးရာတွင် အလွန်တော်သူများပင်ဖြစ်သည်။ ဦးရွှေသွေးကား ခက်သေးရွာလူကြီးများနှင့်ပေါင်းကာ ရွာရှိ သစ်ပင်များ၊ လယ်ကွက်များ နှင့် တောင်ရိုးများကို ရောင်စားရင်း ကြီးပွားကာ သူဌေးကြီးဖြစ်နေသူတစ်ဦးဖြစ်သည်။ သူ့ကို ခက်သေးရွာသားများက ခေတ်မီစွာဖြင့် “ခရိုနီ”ဆိုသော ဘွဲ့နှင့် ထိုက်တန်သော “ဦးခိုနီကြီး”ဟု အမည်ပြောင် ပေးထားကြသည်။ သူ့ကဲ့သို့ပင် ခိုနီဘွဲ့ရထားသော တခြား သူဌေးများလည်း ရှိကြသည်။

“ခိုနီကြီး…… ဟုတ်လားကွ”

“တလောက ပျက်ကျတဲ့ လေယာဉ်ကလည်း သူပိုင်တာ မဟုတ်လား”

“ဟုတ်တယ်လေ ဆရာအော်ရဲ့ ၊ သူတို့မဟုတ်ရင် ဘယ်သူက ၀ယ်နိုင်မှာလည်း”

“အင်းလေ ဟုတ်ချင်လည်း ဟုတ်မှာပေါ့”

“အဲဒါဆိုရင် ဦးခိုနီကြီးက သူကြီး စိတ်ပြေသွားအောင်များ လုပ်တာလား ဖွတ်ကလေးရဲ့ ”

“ဘယ်လို စိတ်ပြေအောင်လည်း ဆရာအော်”

“တလောက မကွေးရပ်ကွက် မြသလွန် ဘုရားပေါ်မှာ သူကြီးကနေ ရွာက မြေတွေ၊ ယာတွေ၊ တောတွေကို ဦးခိုနီတို့ ဗရမ်းဘတာ ရောင်းစားပြစ်လို့ စိတ်ဆိုးပြီးပြောတာလေ”

“အော်၊ ဟို…….. “မိမဆုံးမ ဖမဆုံးမသားတွေ”လို့……… ပြောသွားတာကို ပြောနေတာလား”

“မင်းကလည်းကွာ…..သူကြီးက နှုတ်သီးကောင်း လျှာပါးဆိုပေမဲ့ အဲဒီလို ဒဲ့ဒိုးကြီးတော့ ဆဲမသွားပါဘူးကွာ”

“ဒီလိုလူမျိုးတွေဟာ……ဘယ်လိုမိဘတွေက ပေါက်ဖွားလာကြတာလည်း …..လို့ ပြောသွားတာပါ”

“အဓိပ္ဗာယ်က အတူတူမဟုတ်ဘူးလား ဆရာအော်ရဲ့ ” ဟု…… ဖွတ်ကလေးက အဓွန့်တက်လိုက်သည်။ ပြီးလျှင်သူက ဆက်၍….

“ပြီးတော့….. ဦးခိုနီတို့ တတွေက တက်မပေးဘူးပြောတယ်”

အီကြာအော်ကမယုံကြည်နိုင်စွာဖြင့်

“တက်မပေးတာ ဟုတ်ပါ့မလားကွာ၊ ရွာလူကြီးတွေက ရာထူးရပြီးရင် ဆင်းမပေးချင်တာတော့ ငါသိတယ်”

ခက်သေးရွာမှ ရွာလူကြီးများကား ရာထူးနေရာ တစ်ခုရလျှင် မျက်နှာကြက်ကို တောက်တဲ့ ကပ်သကဲ့သို့ ရရာနေရာကို တွယ်ကပ်ထားလေ့ ရှိသည်။ ခွာချလို့ကို မရချင်တော့။ ပင်စင်ယူရမည့် အရွယ်ကို ၁၀ နှစ်မက ကျော်နေသည်ကိုလည်း ပေကပ်ပြီး နေလေ့ရှိကြသည်။ ထို့ကြောင့် ခက်သေးရွာတွင် “မသေမချင်း အိတ်က်စ်တင်းရှင်း” ဟူ၍ပင် ခေတ်စားခဲ့လေသည်။ ရွာသူကြီးချုပ် ဘဘကြီးဆိုလျှင် ခက်သေးရွာကို သံယောဇဉ်ကြီးလွန်းသဖြင့် လေဖြတ်ထားသည်ကိုပင် တုတ်ကောက် တကိုင်ကိုင်ဖြင့် တယိုင်ယိုင်ဖြစ်နေသည်ကိုတောင်မမှုပဲ လိုအပ်သည် များကို ညွှန်ကြားရှာသည်။ သူ၏ ဇနီးအမည်မှာ ဒေါ်ပိုင်ပိုင်ဖြစ်၍ “ပိုင်ပိုင်နှင့် ယိုင်ယိုင်” ဟု အမည်ပေးထားကြသည်။ အတော် ခက်သော ခက်သေးရွာသားများပေတကား။

“ဟို…. အမြတ်ခွန် မပေးတာကို ပြောတာပါ ဆရာရဲ့ ” ဟု ဖွတ်ကလေးကပြန်ပြောလိုက်သည်။

“ဟာ… မင်းကလည်း တက်က်စ် (Tax) လို့ပြောပါကွာ”

“အဲဒါတော့ ငါလည်းရှောင်ချင်သကွ”

ခက်သေးရွာသားတို့ကား အမြတ်ခွန် ရှောင်ရာတွင် တခြားရွာများ မယှဉ်နိုင်အောင်ပင် ချန်ပီယံများ ဖြစ်ကြသည်။ ထိုအထဲတွင် အီကြာအော်လည်း ပါသည်။

“အေးလေ အခု သူကြီးဆွယ်တာကို လေလံနဲ့ ရောင်းလို့ရတဲ့ငွေကို် ပညာရေးအတွက် သုံးမယ်ဆိုတော့လည်း “သာဓု” ခေါ်ရမပေါ့ကွာ၊ တို့ရွာသား အချင်းချင်းတွေ မဟုတ်လား”

အီကြာအော်လည်း လေနည်းနည်းတော့ ပျော့သွားသည်။ ညောင်မြစ်တူးလျှင် ပုတ်သင်ဥက ပေါ်တတ်သည် မဟုတ်လား။

“သူကြီးလည်း အသက်ကထောက်နေပြီ၊ သနားပါတယ်ကွာ၊ ပညာရေး၊ ကျန်းမာရေးနဲ့ တရားစီရင်ရေးတွေ သူ့ခေါင်းပေါ်မှာချည်းပဲ”

“ငါးတကာယိုတဲ့ချေး ပုစွန်ဆိတ်ခေါင်းစု” ဆိုတဲ့အတိုင်းပဲ၊ သူကြီးအစား ငါတော့ ခေါင်းလေးတယ်ကွာ”

“ပုစွန်ဆိတ်ခေါင်း…စု” ဆိုတော့ဆရာအော်က သူကြီးခေါင်းကို ပုစွန်ဆိတ်ခေါင်းလို့ ပြောတာလား”

“ဟေ့ကောင် ဖွတ်ကလေး….. မင်းကလည်း မီဒီယာတွေလိုပဲ ကိုယ်လိုချင်တဲ့ စာလုံးပဲ ယူသုံးတာကိုးကွ၊ သူကြီးထိ ဓားကြည့်ဆိုတဲ့ တို့ရွာကမောင်တွေ ငါကြောက်ပါတယ်ကွာ”

“ဒါနဲ့ ရွာလူကြီးတွေက ပညာရေး၊ ကျန်းမာရေးနဲ့ တရားစီရင်ရေးတွေ သူတို့ရော မလုပ်ဘူးလားဗျ”

“အင်း….. သူတို့က အရင်တုန်းက အထက်လူကြီးကိုပဲ ဖော်လံဖားပြီး ဖော်လို လိုက်ခဲ့တာ၊ လိုအပ်သည်များကိုပဲ ညွှန်ကြားနေကျလေ၊ အခုလို ရွာကပွင့်လင်းလာတော့ လိုအပ်တာတွေက အများကြီးဆိုတာမြင်ပြီး မညွှန်ကြားတတ်တော့ဘူးကွ”

“တကယ်မတတ်ပဲ လူကြီးလုပ်ရတာ တကယ်တော့ သနားစရာ ကောင်းပါတယ်ကွာ”

“အခုခေတ်မှာ အရင်ခေတ်ကလို မချောင်တော့ဘူး၊ အရင်တုန်းကတော့ အထက် လူကြီးကိုပဲ လွှဲချလိုက်ရုံပဲ၊ အသာလေးမှိန်းစားလို့ ရတယ်လေ”

“အေးကွာ….. မင်းက ရွာလူကြီးတွေဆီမှာ ဆွယ်တာ သွားတောင်းပါလား၊ သူတို့ဆီမှာ အများကြီး ပိုနေမှာပေါ့”

“ဟာ….မဖြစ်ပါဘူး ဆရာအော်ရာ၊ သူတို့ဆွယ်တာတွေက ဖားစော်၊ ခိုစော်တွေ မွှန်နေမှာပေါ့”

ခက်သေးရွာမှ ရွာလူကြီးများမှာ ဖော်လံဖားသူများ၊ ခရိုနီ ခေါ် ခိုနီများနှင့် ပေါင်းကာ စားကြသူများ ဖြစ်သောကြောင့် ဖားစော်၊ ခိုစော် နံနေသူများဟု ရွာသားများက ဆိုကြသည်။

“အဲဒီတော့လည်း ခိုစော်နံ ပြန်လိုက်ပါဦး ပေါ့ ဖွတ်ကလေးရာ”

“ရွာလူကြီးတွေကလည်း ဒီလောက်တောင် အနံ့ တထောင်းထောင်း တွက်နေရင်တော့ ရေချိုးသင့်ပြီပေါ့”

“အေးလေ၊ တို့ ခက်သေးရွာကလည်း ဘွဲ့ရတဲ့သူကသာ များတာ ပညာတတ်သူကရှားတော့ ယိုသူမရှက် မြင်သူရှက်ပေါ့ကွာ”

“ကျွန်တော်တောင် ဆရာအော်ပြောတာနဲ့ ရွာလူကြီးတွေ တန်းစီပြီး ယိုနေကြတာ မျက်စေ့ထဲမှာ အတိုင်းသား မြင်သွားတယ်”

“ဟေ့ကောင်…… ဖွတ်ကလေး၊ ငါက တင်စားပြီးပြောတာ မင်းက အတင်းလိုက်ပြီး ပုံမဖော်နဲ့လေကွာ”

“မင်းလည်း လေလံကို လက်လျော့လိုက်ပါတော့ ဖွတ်ကလေးရာ၊ ငါ့ဆွယ်တာက သူကြီးဆွယ်တာလို သိန်း ၄၀၀ မပြောနဲ့ ကျပ် ၄၀၀ တောင်ရမှာ မဟုတ်ဘူး၊ ပြီးတော့ ငါ့အမေရဲ့  လက်ရာလေးမို့ ငါတော့ နှမျောတယ်ကွာ”

“ငါ့ဆွယ်တာတော့ နံစရာဆိုလို့ ချွေးစော်ပဲရှိတယ်”

“အခု ရာသီဥတုကလည်း ဆောင်းတွင်းရောက်လို့ အေးလာပြီ၊ မီးကလည်း မှန်မှန် မလာတော့ဘူး”

“အင်းလေ…ကျွန်တော်လည်း သူကြီးတစ်ယောက် ဆွယ်တာလေလံအောင်တာ ကြားရတာနဲ့ အရမ်းကို အားကျသွားလို့ပါ”

“အေးကွာ…ဖားတုလို့ ခရုခုန် အိုင်ပျက်ရုံ ရှိမယ် ဆိုတဲ့ စကားလိုပဲ…သူကြီးတုလို့ ဖွတ်ကလေးခုန်တာ အကျမတော်ရင် ဖင်ညှောင့်ရိုးသာ ကျိုးလိမ့်မယ်ကွ”

“ဒါဆိုရင်လည်း မခုန်တော့ပါဘူး ဆရာအော်ရာ” ဟု ဖွတ်ကလေးလည်း လက်လျော့သွားပြီး ဖင်ညှောင့်ရိုးကို တစမ်းစမ်းဖြင့် အုမ မတောင့်၍ သီလ မစောင့်နိုင်ရှာသော သူ့ခမျာမှာ အလုပ်ရှိရာ ယုန်ကန်ဆေးရုံကြီးဘက်သို့သာ ခြေဦးလှည့်ရရှာ လေတော့သတည်း။ ။

နှစ်သစ်တွင် ခက်သေးရွာသားများ ပညာရေးတိုးတက်၍ ကျန်းမာကြပါစေ….

သဗ္ဗေသတ္တာ ကမ္မသကာ

သရုပ်ဖော် – ကာတွန်းစောငို


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts