ဇန်န၀ါရီ ၅၊ ၂၀၁၃
● မြန်မာပြည်မှ ဟယ်လင်
ဒုတိယကမ္ဘာစစ်ကြီးအတွင်းက မြန်မာနိုင်ငံ ရှမ်းပြည်နယ်ရှိ တောင်ကြီးမြို့ ဆေးရုံတွင် သူနာပြု ဆရာမအုပ်အဖြစ် လုပ်ကိုင်ခဲ့သော သူနာပြုဆရာမ ဟယ်လင်ရော့ဒရစ် (Helen Rodriguez) ကို အရှေ့တောင်အာရှ မဟာမိတ်စစ်သေနာပတိ လော့ဒ်မောင့်ဘက်တန်၏ ဇနီးက ‘ဟယ်လင်အော့ဖ်ဘားမား’ (Helen of Burma) ဟု မှည့်ခေါ်ခဲ့သည်။ အခြားသူများကလည်း သူ့ကို ‘ဟယ်လင်ဘော့ဖ်ဘားမား’ ဟူ၍ပင် ခေါ်ကြသလို စာများလည်း ရေးကြသည်။
ဟယ်လင်ရော့ဒရစ်ကို ဖခင်ပေါ်တူဂီလူမျိုး ခွဲစိတ်ကုဆရာဝန်ကြီး လင်းဘတ်ကင်နယ်ရော့ဒရစ် နှင့် မိခင် စကော့လူမျိုး သူနာပြုဆရာမ တို့မှ ၁၉၁၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံ ချင်းတောင်တန်း၌ ဖွားမြင်ခဲ့သည်။ ဖခင်သည် စကော့တလန်ပြည် အီဒင်ဘာရာဆေးတက္ကသိုလ်မှ MRCP ဘွဲ့ယူရန်အတွက် အီဒင်ဘာရာမြို့သို့ ရောက်ရှိ ပညာသင်ကြားခဲ့ရာမှ သူနာပြုဆရာမလုပ်နေသော သူ၏မိခင်နှင့် တွေ့ဆုံချစ်ကြိုက်ခဲ့သည်ဟု ဆိုသည်။ သူ၏ ဖခင်သည် မိခင်ဖြစ်သူအား လက်ထပ်ခွင့်တောင်းသောအခါ ယင်း၏ မိခင်ဘက်မှ မိဘများက သဘောတူကြ၏။ စကော့လူမျိုးတို့က မိမိတို့သားသမီးများနှင့် သူစိမ်းတရံများ လက်ထပ်ခြင်းကို သဘောမတူကြပေ။ သို့သော် ၄င်း၏ ဖခင်သည် ဇွဲမလျော့ဘဲ ဆေးပညာကို အပတ်တကုတ် ကြိုးစားမှုကြောင့် ပညာသင်ဆုရရှိကာ L.R.C.P, Ph.D ဘွဲ့များ ဖြေဆိုရခဲ့ပြီးနောက် အီဒင်ဘာရာသို့ ပြန်လည်ရောက်ရှိလာသည်။ ဖခင်သည် ဆေးပညာကိုသာ ကြိုးစားသည်မဟုတ်။ မိန်းမပိုးရာတွင်လည်း ဇွဲနဘဲကြီးသူဖြစ်သောကြောင့် နောက်ဆုံး မိခင်ဘက်မှ မိဘများက လက်ထပ်ခွင့်ပေးခဲ့သည်။ ဤသို့ဖြင့် ဆေးပညာပါရဂူဘွဲ့ရရှိပြီးနောက် ၄င်း၏ဖခင်သည် မြန်မာနိုင်ငံ ချင်းတောင်တန်းရှိ ကျန်းမာရေးဌာနတွင် အလုပ်ရခဲ့သည်။ ချင်းတောင်တန်းတွင် ဆေးဝန်ထမ်းအဖြစ် ထမ်းရွက်နေစဉ်အတွင်း ဟယ်လင်ဒရော့အား ဖွားမြင်ခဲ့ခြင်း ဖြစ်သည်။ ၁၉၁၄ ခုနှစ်တွင် ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားလာသောအခါ ၄င်း၏ ဖခင်သည် မက်ဆိုပိုတေးမီးယား စစ်မြေပြင်နှင့် အာဖဂန် စစ်မြေပြင်တို့၌ စစ်မှုထမ်းခဲ့ရသည်။
ပထမကမ္ဘာစစ်ပြီးဆုံးပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကာ နယ်ခြားတောင်တန်းဒေသ၌ အမှုထမ်းခဲ့သည်။ ထို့နောက် တောင်ကြီးဆေးရုံ၌ ခရိုင်ဆရာဝန်ကြီး ရာထူးတိုးမြှင့်ခန့်ထားခြင်း ခံရသည်။ သို့ဖြင့် ဟယ်လင်သည် ဖခင်ပြောင်းရွှေ့လုပ်ကိုင်သော တောင်ကြီးမြို့တွင် ကြီးပြင်းခဲ့သည်။ တောင်ကြီးတွင် သူတို့မိသားစုသည် မြေ ၈ ဧက ၀ယ်ကာ အိမ်ကြီးတစ်လုံးကို စိတ်ကူးရသမျှ တန်ဆာဆင်ကာ ၂ နှစ်တိုင် အချိန်ယူဆောက်လုပ်ခဲ့သည်။ အိမ်ပြီးသွားသောအခါ မိခင်၏ ဇာတိဖြစ်သော ‘ဂရိတ်မိုး’ မြို့၏ နာမည်ကို ပေးခဲ့ကြသည်။ အိမ်ရှိခြံဝင်းအတွင်း၌လည်း နွား၊ မြင်း၊ ဆိတ်စသောတိရစ္ဆာန်များနှင့် ငန်း၊ ဘဲ၊ ကြက်များ၊ စားပင်ပန်းပင်များ စိုက်ပျိုးမွေးမြူကြသည်။
ယင်းနောက် ဟယ်လင်အရွယ်ရောက်သောအခါ အိန္ဒိယနိုင်ငံ ဒါဂျီလင်မြို့သို့ ပို့၍ ပညာသင်ကြားစေသည်။ ထို့နောက် ရန်ကုန်မြို့ ဒပ်ဖရင်ဆေးရုံ (ဗဟိုအမျိုးသမီးဆေးရုံ) တွင် သူနာပြုဆရာမအဖြစ် စတင်ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ ရန်ကုန်ဆေးရုံကြီးတွင် အလုပ်သင်သူနာပြုဆရာမအဖြစ် လုပ်ကိုင်ခဲ့စဉ်က ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည်နှင့် သခင်ကျော်စိန်၏ ဇနီး ဒေါ်မိမိကြီးတို့၏ လက်ထောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးသည်။ ၁၉၄၁ ခုနှစ် သြဂုတ်လတွင် တောင်ကြီးဆေးရုံသို့ သူနာပြုဆရာမအဖြစ် ပြောင်းရွှေ့လုပ်ကိုင်ခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း တောင်ကြီးမြို့ ဆေးရုံတွင် လူနာများအား သက်စွန့်ကြိုးပမ်းပြုစုစောင့်ရှောက်ခဲ့ခြင်းအတွက် ဗြိတိသျှအစိုးရက ဟယ်လင်ရော့ဒရစ်ကို အရပ်ဖက်ဝန်ထမ်းများအား ချီးမြှင့်သည့် အမြင့်ဆုံးသော ဂျော့ခ်ျဆုတံဆိပ်ကို ချီးမြှင့်၍ ဂုဏ်ပြုခဲ့သည်။
သူသည် စစ်ကြီးပြီးနောက် သူနာပြုဆရာမတစ်ဦး၏ စစ်အတွင်းအတွေ့အကြုံများအကြောင်းကို ရေးသားထားသည့် Helen of Burma (မြန်မာပြည်မှ ဟယ်လင်)အမည်ရှိ စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ စာအုပ်တွင် သူ၏ တောင်ကြီးဆေးရုံတွင် အမှုထမ်းရွက်ခဲ့သော အကြောင်းအရာများနှင့် စစ်အတွင်း တွေ့ကြုံခဲ့ရသော ဒုက္ခသုက္ခများကို အများဆုံး ရေးဖွဲ့ထားသည်။
ဒုတိယကမ္ဘာစစ်ကြီး ဖြစ်နေချိန်တွင် တောင်ကြီးမြို့သည် စက်သေနတ်နှင့် ဗုံးဒဏ်ကို ခံရသည်။ ဈေးနှင့်လူနေထူထပ်သော ရပ်ကွက်များသာမက ဆေးရုံ၊ ကျောင်းတို့ကိုပါ ဗုံးထိမှန်ခဲ့သည်။ လူပေါင်းများစွာသေဆုံး၍ မြောက်မြားစွာ ထိခိုက်ဒဏ်ရာရခဲ့ကြသည်။ ဆေးရုံအုပ်၊ ဆရာဝန်ကြီးများလည်း သွေးပျက်ပြီး ဆေးမကုသနိုင်တော့ချေ။ သူနာပြုအုပ်ဟယ်လင်ခေါင်းဆောင်သော ကယ်ဆယ်ရေးနှင့် ပြုစုကုသရေးကို ဆောင်ရွက်ပေးခဲ့ရသည်။ သုံးလေးရက်ခန့် မအိပ်မနေ လုပ်ကိုင်ဆောင်ရွက်ခဲ့ရသည်။ ပထမတွင် လက်ထောက်ဆရာဝန်နှစ်ဦး၊ သူနာပြုဆရာမလေးဦး၊ နောက်ပိုင်းတွင် စစ်သား ၆ ဦးတို့၏ အကူအညီဖြင့် လူနာများကို ပြုစုကုသသည်။ လူသေများကိုလည်း မြှုပ်နှံသင်္ဂြိုဟ်ပေးရသေးသည်။ ဆေးရုံလူနာဆောင်အနီးတွင် ကျနေသော မပေါက်ကွဲသေးသည့် ဗုံးကိုလည်း ဖခင်ဖြစ်သူ လစဉ်မှာယူဖတ်ရှုသော အမေရိကန်သိပ္ပံ (Scientific America) မဂ္ဂဇင်းမှ ‘မပေါက်သေးသော ဗုံးတစ်လုံးအား ဖြူးစ်စနက်တံမည်သို့ ဖြုတ်ရမည်’ ဆောင်းပါးကို ဖတ်ရှု၍ စနက်တံဖြုတ်ပေးရသေးသည်။ ထိုမျှသာမက လူနာများကို ကျောတွင်သယ်ပိုး၍ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးရသည်။ ခြေထောက်တစ်ချောင်းလုံး ပုပ်ရွ၍ အော်နေရသော လူနာတစ်ဦးကို ကိုယ်တိုင် ခြေထောက်ဖြတ်ပေးရသေးသည်။ ဆေးရုံရှိ လူနာများအတွက် ဆေးစုဆောင်းပေးခြင်း၊ အစားအသောက် ရှာဖွေခြင်းများကို တဘက်မှ ဆောင်ရွက်ပေးရသေးသည်။ ဤသို့ အလုပ်၏ ဖိစီးမှုကြောင့် တခါတရံ မိမိကိုယ်တိုင် မကျန်းမာဖြစ်သော်လည်း အနားယူရန် စိတ်ကူးမျှပင် မထည့်ဘဲ ဇွဲလုံ့လ၊ ခိုင်မာသောစိတ်ဓာတ် သနားကြင်နာတတ်သော ကရုဏာတရားအပြည့်ဖြင့် တာဝန်ကို မလစ်ဟင်းရအောင် လုပ်ကိုင်ခဲ့သည့် သူ၏ မွန်မြတ်သော ဆောင်ရွက်ချက်ကို ကြားရသူတိုင်း လေးစားချီးကျူးကြ သည်။
ဂျပန်စစ်တပ်များ တောင်ကြီးမြို့အတွင်းသို့ ၀င်လာခါနီးတွင် ဆုတ်ခွာတော့မည် အင်္ဂလိပ်စစ်တပ်မှ စစ်ဗိုလ်များက သူနာပြုအုပ် ဟယ်လင်အား သူတို့နှင့် တပါတည်း အတူလိုက်ခဲ့ရန် ခေါ်သည်။ သူနာပြုအုပ် ဟယ်လင်က လူနာများ ဒီအတိုင်း ပစ်မနိုင်ဟုဆိုကာ လူနာများနှင့်အတူ တောင်ကြီးဆေးရုံ၌ပင် နေရစ်ခဲ့သည်။ ဆေးရုံတွင် လက်ထောက်ဆရာဝန်များလည်း ဂျပန်တပ်များ ၀င်လာသည် ကြားကတည်းက ထွက်ပြေးသွားသည်မှာ ကြာပြီဖြစ်၍ လူနာများကို ကြည့်ရှုမည့်သူ မရှိဖြစ်နေသည်။ ထို့ကြောင့် လာမည့်ဘေးရင်ဆိုင်ကာ လူနာများနှင့်အတူ နေခဲ့ရန် သူနာပြုအုပ် ဟယ်လင်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ နေခဲ့ခြင်းအတွက် ဒုက္ခအမျိုးမျိုးတွေ့ကြုံ၍ ကိုယ့်အသက်ပင် သေဆုံးသွားနိုင်ကြောင့် အင်္ဂလိပ်စစ်တပ်မှ ဗိုလ်မှူးကြီးက အကြိမ်ကြိမ် သတိပေးပြောကြားသည်။ သို့သော် သူမဆုံးဖြတ်ချက်ကို မည်သူမျှ မဟန့်တားနိုင်ခဲ့ချေ။ ဤသို့ ကြည့်ရှုမည့်သူတစ်ဦးမျှ မရှိသော လူနာများကို ဒီအတိုင်းပင် ထားပါက သေဆုံးသွားနိုင်သဖြင့် အတိဒုက္ခရောက်နေသော လူများနှင့်အတူ တောင်ကြီးဆေးရုံ၌ပင် ကျန်ရစ်နေခဲ့ခြင်းဖြစ်သည်။
တောင်ကြီးဆေးရုံတွင်နေသားတကျဖြစ်သောအခါ ဟယ်လင်သည် စစ်ဘေးဒုက္ခသည်ရှိရာ မေမြို့ (ပြင်ဦးလွင်) စစ်သုံ့ပန်းစခန်းသို့ ပြောင်းရွှေ့ခဲ့ရပြန်သည်။ ဟယ်လင်ရော့ဒရစ်သည် မေမြို့စစ်သုံ့ပန်စခန်းတွင် စစ်ဘေးဒုက္ခသည်များ၊ မိဘမဲ့ ကလေးများ၏ အုပ်ထိန်းသူအဖြစ် ဆောင်ရွက်ပေးရသေးသည်။
စစ်ကြီးပြီးနောက် အိန္ဒိယပြည်ရှိ မိဘများထံသို့ ပြန်သွားခဲ့သည်။ ထို့နောက် အိန္ဒိယပြည်လွတ်လပ်ရေးရပြီးနောက် အိန္ဒိယတောင်ပိုင်းဆေးရုံတစ်ခုတွင် သူနာပြုအုပ် ၀င်လုပ်ခဲ့ပြန်သည်။ အိန္ဒိယတွင် ဗစ်တိုးရီးယားခရော့ဆုတံဆိပ်ရှင် ‘ဗိုလ်မှူးကြီးလီယိုနတ်ချဲရှား’ (Col. Leonard Cheshire) နှင့် အရေးပေါ်လူနာတင်ယာဉ်လုပ်ငန်းကို တည်ထောင်ခဲ့သည်။ ထူးခြားသော သာသနာပြုဆေးပညာရှင်ဒေါက်တာအိုင်ဒါစကပ်ဒါ (Dr. Ida Scudder) နှင့်အတူ သူနာပြုလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ ထို့အပြင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မာသာထရီဇာနှင့်အတူ ကာလကတ္တားမြို့တွင်းရှိ ဆင်းရဲသားရပ်ကွက်များတွင် သူနာပြုလုပ်ငန်းများ လုပ်ကိုင်ခဲ့သေးသည်။
သို့ကလို စေတနာ၊ မေတ္တာ၊ ကရုဏာများဖြင့် သူနာပြုလုပ်ငန်းကို လုပ်ကိုင်ခဲ့သော သူနာပြုအုပ် ဟယ်လင်ရော့ဒရစ်သည် သူရေးသားခဲ့သော Helen of Burma စာအုပ်ကို အဆုံးသတ်မသွားနိုင်ခဲ့ပေ။ သူ၏ နောက်ဆုံးအတွေ့အကြုံများကို အသံသွင်းနေစဉ်မှာပင် ၁၉၈၃ ခုနှစ်တွင် စကော့တလန်မြို့၌ အပြင်းဖျား၍ နာရီအနည်းငယ်အကြာတွင် ကွယ်လွန်သွားခဲ့လေသည်။ သူ၏ အရိုးပြာများကို အိန္ဒိယပြည်သို့ သယ်ဆောင်ပြီး နှစ်ပေါင်းများစွာ စိတ်လက်ချမ်းသာစွာဖြင့် နေထိုင်ခဲ့သည့် ဆိုလ်ဟိမ်းမြို့အနီးတွင်ရှိသော ‘ကိုဒိတ်ကနယ်’ တောင်ပေါ်၌ ဖြန့်ကျဲပေးရန် သူက မေတ္တာရပ်ခံခဲ့သည်။ ဗာဂျင်းမေရီ ပလတ်စတာရုပ်တုကိုလည်း ရိုးစလင်းသို့ ပြန်လည်ပေးအပ်ရန်လည်း မှာကြားခဲ့သည်။
သူရေးသားခဲ့သော Helen of Burma စာအုပ်ကို ဦးမြင့်ဆွေ (ဖြူး) က ‘မြန်မာပြည်၏ဟယ်လင်’ အမည်ဖြင့် မြန်မာဘာသာသို့ ပြန်ဆို၍ ၁၉၈၇ ခုနှစ် ဇွန်လတွင် မာမာစာပေတိုက်မှ ပထမအကြိမ် ထုတ်ဝေခဲ့သည်။ အဆိုပါစာအုပ်ကို ၂၀၀၇ ခုနှစ် ဇွန်လတွင် နေရီရီစာပေတိုက်မှ ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေထားလေသည်။


Wouldn’t be nice if we can find a Myanmar woman who is like Helen. This westerners know how to make names and history. But we Myanmar lack such wisdom.