မှတ်စုမှတ်တမ်း အုန်းနိုင်

ရေးခဲ့မိသော မှတ်တမ်းများ (၆)

အုန်းနိုင်
ဒီဇင်ဘာ ၂၁၊ ၂၀၁၂

● ဦးအောင်ကြီးရဲ့ဇာတိမြို့က  ဆောင်ရွက်ပုံ
ဒီသတင်းတွေထွက်ပြီးတဲ့နောက်မှာ  ကျနော်တို့မြို့မှာ ဒီကိစ္စကို အလေးအနက်ဆွေးနွေးပါတယ်။ ကျနော်တို့မြို့က မြို့စွဲဒေသစွဲ အတော ကြီးပါတယ်။ ဒီ့အပြင် ကျနော်တို့မြို့နယ်ကော်မတီထဲမှာကို ဦးအောင်ကြီးရဲ့ဆွေမျိုးနှစ်ယောက်ရှိနေတယ်။ နောက်ပြီး အဖွဲ့ဝင်တွေထဲမှာရော အဖွဲ့ကို ထောက်ခံနေသူတွေထဲမှာရော သူ့ဆွေမျိုးတွေ။ သူနဲ့မကင်းတဲ့သူတွေအများကြီးရှိပါတယ်။ ဗိုလ်အောင်ကြီး ကောင်းစားချိန်တုန်းက သူ့ညီ ဦးအောင်လေးနဲ့ ဦးထွန်းရင်တို့က ပေါင်းတည်မြို့နယ်ရဲ့ဆန်လုပ်ငန်းအစုစုကိုသာမက ရန်ကုန်နဲ့ပြည်မြို့ကြားဒေသက ဆန်စပါး ရောင်းဝယ်ရေး၊ ကြိတ်ခွဲရေးနဲ့ နိုင်ငံခြားတင်ပို့ရေးတွေအထိ လက်ဝါးကြီးအုပ်လုပ်ခဲ့ကြတော့  ဒီလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်ခဲ့သူတွေ လည်း ပေါင်းတည်မှာအများကြီးပါ။ ဗိုလ်အောင်ကြီးအပြုတ်မှာ သူတို့ဆောက်ခဲ့တဲ့ တန်တရာဆန်စက်တွေ၊ ဖွဲနုဆီစက်တွေ၊ ပြည်သူပိုင်သိမ်း ပြီး “မစစ်ခြောက်နှစ် ” အထိန်းသိမ်းခံရသူတွေလည်း အများကြီးပါ။ ဒီတော့ ဗိုလ်အောင်ကြီးကိစ္စကို ပေါ့ပေါ့ဆဆမကိုင်တွယ်ရဲပါဘူး။ ရေ ဒီယိုကသတင်းတွေကြားပြီး  အဲဒီအတိုင်းလိုက်လုပ်ကြတာပေါ့ကို့  လုပ်လို့မဖြစ်ပါ။ ကော်မတီအစည်းအဝေးထိုင်ပါတယ်။ ဒီကိစ္စအတွက်  ရန်ကုန်ဆင်းပြီး ဖြစ်ခဲ့ပျက်ခဲ့တာနဲ့ပတ်သက်တဲ့သူတွေနဲ့တွေ့ပြီး စုံစမ်းကြမယ်။ အကုန်သွားကြမလား။ ကိုယ်စားလှယ်လွှတ်မလားဆိုတော့  အားလုံးကပဲ  ကျနော်နဲ့ အခြားကော်မတီဝင် ဦးအေးသန်းတို့ပဲသွားပါလို့  အဆုံးအဖြတ်ပေးပါတယ်။

ဒါကြောင့် ဒီဇင်ဘာ (၅) ရက်နေ့ ညရထားနဲ့ ရန်ကုန်ကိုဆင်းကြပါတယ်။ ရန်ကုန်ရုံးရောက်ပြီး  တွေ့တဲ့လူတွေရော၊ သူတို့ပြောတာတွေ ရောကို  သေသေချာချာနားထောင်၊ ခပ်မြန်မြန် အတိုချုပ်ပြန်ရေး  လုပ်ရပါတယ်။

ပထမဆုံး  ဗိုလ်မှူးကြီးလှမော်ဆီကို သွားတွေ့ပါတယ်။ ကျနော်တို့က ပေါင်းတည်ကပါဆိုတော့  ဦးလှမော်က  ဦးအောင်ကြီးရဲ့လုပ်ရပ်တွေ ကိုရှင်းပြပါတယ်။ (၂၅.၁၁.၈၈) နေ့စွဲနဲ့ ဦးအောင်ကြီးက ဒေါ်အောင်ဆန်းစုကြည်ဆီကို လူလွှတ်ပြီးစာပေးတယ်။ ၂၆ ရက်နေ့မှာ ဒေါ်အောင် ဆန်းစုကြည်ထံစာရတယ်။ စာထဲမှာ ဦးဝင်းတင်၊ ဦးအောင်လွင်၊ ဒေါ်မြင့်မြင့်ခင်၊ ဦးထွန်းတင်၊ ဦးချမ်းအေး၊ ဦးကိုယု၊ ဦးမိုးသူ၊ ဦးတင်ရွှေတို့ ကို ကွန်မြူနစ်ယောင်းတွေ၊ကွန်မြူနစ်လိုလားသူဟောင်းတွေဖြစ်လိုအဖွဲ့ချုပ်က အနားယူခိုင်းဖို့ပြောထားပါတယ်။ ဒီစာကို ဒေါ်အောင်ဆန်း စုကြည်ထံပေးချိန်မှာ တခါထဲ နိုင်ငံခြားသတင်းဌာနများကိုလဲ ဦးအောင်ကြီးက  ဖြန့်ဝေခဲ့ပါတယ်။ ဒါ့ကြောင့် ဦးအောင်ကြီးကို အဖွဲ့ချုပ်ရုံးကို  လာပါလို့ ဖိတ်ခေါ်ပေမယ့်မလာခဲ့ပါဘူး။ သူ့အုပ်စုနဲ့ ပါတီတခုဖွဲ့ဖို့စိုင်းပြင်းပြီး သူ့အိမ်မှာပဲ အစည်းအဝေးတွေလုပ်နေပါတယ်။

(၂.၁၂.၈၈)နေ့မှာ စီအီးစီ (ဗဟိုအလုပ်အမှုဆောင်) အစည်းအဝေးပြုလုပ်ပါတယ်။ အစည်းအဝေးမှာ ဦးဝင်းတင်ရဲ့တင်ပြချက် (အသံသွင်း ထားတာကိုပြန်ကူးထားတဲ့ စာတမ်းကိုပေးဖတ်ပါတယ်။) မှာ သူတို့သတင်းစာပညာရှင်များအနေနဲ့ ကျောင်းသားများသွေးမြေကျ တိုက်ပွဲကို မကြည့်ရက်လို့ပါလာခဲ့ရပြီး ဒီမိုကရေစီရရှိရေးးကို ဆက်လက်လုပ်ဆောင်နေရာမှာ အခြေအနေအရပ်ရပ်အရ လည်ပင်းကြိုးကွင်းစွပ်ပြီး လုပ်နေရခိုက်မှာ ယခုတော့ မိမိတို့ဥက္ကဌက  ကွင်းတကွင်းထပ်စွပ်လာပြန်လို့ အလွန်စိတ်ထိခိုက်မိပါတယ်။ မိမိတို့ကို  ဥက္ကဌစွပ်စွဲသလို  မှန် ကန်ပါက  မိမိတို့အားထုတ်ပယ်ပြီး၊  ဥက္ကဌစွပ်စွဲချက်မမှန်ကန်ပါက  ဥက္ကဌအား ထုတ်ပစ်ပေးပါလို့ တောင်းဆိုထားပါတယ်။

ဦးအောင်ကြီးအုပ်စုဝင် ဦးကြည်မောင်က အဖွဲချုပ်ရဲ့ဦးစီးအဖွဲ့အတွင်းကိစ္စမို့ သိက္ခာရှိရှိလုပ်ကြပါရန် အကြံပြုပါတယ်။ စီအီးစီ(ဗဟိုအလုပ် အမှုဆောင်) တင်မကပဲ၊ စီစီ(ဗဟိုကော်မတီ) လေးဆယ့်နှစ်ဦးစလုံးပါတဲ့ အစည်းအဝေးမှာ ဥက္ကဌက  သူစွပ်စွဲထားတဲပုဂ္ဂိုလ်(ရှစ်)ဦးအပေါ် စနစ်တကျစွဲချက်တင်ပါ။ စွပ်စွဲခံရသူရှစ်ဦးကိုလည်း တဦးချင်းချေပခွင့်ပြုပါ။ ဒီနောက်တော့ စီစီ(၄၂)ဦး စလုံးလျှို့ဝှက်မဲပေးပြီး  ဥက္ကဌဘက် က မဲများရင်အဖွဲ့ဝင်ရှစ်ဦးကသိက္ခာရှိရှိ နှုတ်ထွက်ပေးပါ။ ဥက္ကဌဘက်ကရှုံးရင်လည်း ဥက္ကဌကသိက္ခာရှိရှိနှုတ်ထွက်ပေးပါလို့ တင်ပြပါတယ်။ (အသံသွင်းချက်မှ  ပြန်ကူးထားသည်ကို ပေးဖတ်ပါတယ်)

ဒါကြောင့် နောက်တနေ့(၃.၁၂.၈၈)မှာ စီစီ စုံညီအစည်းအဝေးလုပ်ဖို့ ဆုံးဖြတ်ပါတယ်။ အစည်းအဝေးလုပ်ထုံးလုပ်နည်းပုံစံကိုလည်း  ဥက္ကဌ က စွဲချက်တင်တာကို တစ်နာရီထက်မများစေပဲ ပြုလုပ်ရန်။ စွပ်စွဲခံ ရှစ်ဦးကလည်း  တစ်ဦးကို (၁၀) မိနစ် (၁၅) မိနစ်ထက်မများစေပဲ  စုစု ပေါင်း နှစ်နာရီထက်မများစေဘဲ ချေပရန်ဆုံးဖြတ်ပါတယ်။

(၃.၁၂.၈၈) နေ့မှာ အဲဒီအစီအစဉ်အတိုင်းပဲ ပြုလုပ်ပါတယ်။ ဥက္ကဌက စွဲချက်တင်ရာမှာ တဦးချင်းအပြုအမူများကိုမတင်ဘဲ။ ယခု အဖြစ်အ ပျက်ဟာ ၁၉၄၆ ခုနှစ်က ဖ.ဆ.ပ.လအဖွဲ့အတွင်း ဗိုလ်ချုပ်အောင်ဆန်းက ကွန်မြူနစ်ပါတီကို ထုတ်ပြစ်တဲ့အနေအထားနဲ့ တူနေပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းလုပ်သလို လုပ်ရမှာဖြစ်ပြီး မျိုးချစ်ရဲဘော်ဟောင်းများအနေနဲ့ လွတ်လပ်ရေးသက်တမ်းတလျှောက်  ကွန်မြူ နစ်ကို တိုက်ခဲ့သူများဖြစ်လို့ အခုလဲတိုက်ရမှာဖြစ်တယ်လို့ တင်ပြပါတယ်။ (ဗိုလ်အောင်ကြီး တင်ပြချက်စာတမ်းမိတ္တူကို ပေးဖတ်လို့ အ ကျဉ်းချုပ်မှတ်လိုက်ပါတယ်)

ရှစ်ဦးက ခြေပရှင်းလင်းရာမှာ နှစ်ဦးကတော့ သူတို့ဟာ တချိန်ကကွန်မြူနစ်ဖြစ်ခဲ့ဖူးသော်လည်း ယခုအခါ ကွန်မြူနစ်ပါတီနဲ့ အဆက်အသွယ်
မရှိတော့ပါ။ ဒီမိုကရေစီကိုယုံကြည်လို့ ဒီအဖွဲ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အုပ်စုမှာ ပါဝင်ခဲ့တာပါလို့ပဲ ရှင်းပါတယ်။ ကျန်တဲ့ငါးဦးကတော့ သူတို့ဟာ ကျောင်းသားဘ၀က ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ဖူးတာကလွဲလို့ ကွန်မြူနစ်ပါတီနဲ့ ဘယ်လိုမှအဆက်အသွယ် မရှိပါ ဘူးလို့ပဲ ပြောကြပါတယ်။ ဦးအောင်လွင်ကတော့ ရှမ်းပြည်ဖက်ကို ခရီးလွန်နေလို့မချေပနိုင်ပါ။ စီစီအဖွဲ့ဝင် (၄၁)ဦး တက်ရောက်တာမို့ လျှို့ ၀ှက်မဲပေးတဲ့စနစ်နဲ့ မဲခွဲလိုက်တဲ့အခါမှာ (၂၈)မဲ (၁၃)မဲနဲ့ ဦးအောင်ကြီးရှုံးသွားပါတယ်။ အစည်းအဝေးအတည်ပြုချက်အရ ဦးအောင်ကြီး နှုတ်ထွက်သွားပါတယ်။ ဦးအောင်ကြီးအဖွဲ့မှ ဦးကြည်မောင်က ဥက္ကဌစွပ်စွဲချက်တွေမခိုင်မာလို ဥက္ကဌကိုဆန့်ကျင်မဲပေးပြီး အဖွဲ့ချုပ်မှာ ဆက်လက်တာဝန်ထမ်းဆောင် ကျန်ခဲပါတယ်။ ဦးအောင်ကြီးရဲ့ အဖွဲ့ဝင်(၁၃)ဦးလည်း  ဦးအောင်ကြီးနဲ့အတူ နှုတ်ထွက်သွားကြပါတယ်။

ဦးအောင်ကြီးက ဘီဘီစီကို  သတင်းပေးရာမှာကွန်မြူနစ်လိုလားသူများနဲ့ ကွန်မြူနစ်ဆန့်ကျင်သူများရဲ့တိုက်ပွဲမှာ ကွန်မြူနစ်လိုလားသူတွေ ဘက်က အနိုင်ရသွားတာဖြစ်တယ်လို့သုံးသပ်ပြီး မိမိတို့ မျိုးချစ်ရဲဘော်ဟောင်းများကိုပါ ကွန်မြူနစ်ကိုတိုက်ခဲ့သူများဖြစ်ပါလျှက်နဲ့ ကွန်မြူ နစ်လိုလားသူများဘက်ကို ပါသွားသူများလို့ စွပ်စွဲခဲ့ပါတယ်။ ဒီကိစ္စကို မိမိတို့ မျိုးချစ်ရဲဘော်ဟောင်းများကလည်း ထပ်ပြီးရှင်းလင်းချက်ထုတ် ပါမယ်။ (ရှင်းလင်းချက်မူကြမ်းကို ပေးဖတ်ပါတယ်) ဥက္ကဌက ကွန်မြူနစ်လိုလားသူများလို့ စွပ်စွဲစေကာမူ တိတိကျကျမစွပ်စွဲနိုင်ပဲ မိမိတို့ အဖွဲ့တွင် မည်သည့်အယူအဆပင်ရှိစေကာမူ (မိမိတို့လည်း အချို့မှာ မ.ဆ.လ၀င်ဟောင်းများဖြစ်ပြီး ဦးအောင်ကြီးလည်း မ.ဆ.လ ဟောင်း ဖြစ်ရုံမက တချိန်က မာက်စ်ဝါဒကိုလက်ခံခဲ့တာပါဘဲ။ မိမိတို့လည်း ဂျပန်တော်လှန်ရေးခေတ်ဦးက မာ့က်စ်ဝါဒလက်ခံခဲ့ကြသူတွေ ချည်းပါ ဘဲ။) ယခု ဒီမိုကရေစီတိုက်ပွဲကို ယုံကြည်သူများဝင်ရောက်နိုင်သည်လို့ လမ်းဖွင့်ဖိတ်ခေါ်ခဲ့ပြီးဖြစ်သလို လူတိုင်း အရင်ကဘာဖြစ်ခဲ့ဖြစ်ခဲ့ ၀င်နိုင်ခွင့် ရှိပါတယ်။ မိမိတို့ မျိုးချစ်ရဲဘော်ဟောင်းများက ကြိုတင်ညှိနှိုင်းထားခြင်းမရှိပဲ (၁၄) မဲစလုံးဥက္ကဌကို ဆန့်ကျင်မဲပေးခဲ့တာပါလို့  ဗိုလ်မှူးကြီးဟောင်းလှမော်က ရှင်းပြပါတယ်။

နောက် ဒေါ်မြင့်မြင့်ခင်နဲ့ တွေ့ပါတယ်။ ဗိုလ်မှူးကြီးဟောင်းလှမော်စားပွဲမှာ ရှင်းပြနေကတည်းက သူက နောက်ကစားပွဲမှာရှိနေတော့ “ရှင်တို့ကို  ဦးလှမော်ရှင်းပြပြီးပြီပဲ။ အဲဒီအတိုင်းဘဲ။ ကျမက သူများကို စစ်ဆေးလာခဲ့တာ။ ခုမှပဲ တရားခံဖြစ်တော့တယ်” ဒေါ်မြင့်မြင့်ခင်နဲ့က  တက္ကသိုလ်ကတည်းက သူက ကျောင်းသူကြီး၊ ကျနော်ကပထမနှစ်၊ ဒုတိယနှစ်။ သူ့မောင်ကိုသိန်းထွန်းနဲ့မှ အတူတူဆိုတော့ သူက ရီကာ မောကာပဲပြောပါတယ်။

“ကျောင်းတုံးက ရှင်တို့လို တပ်ဦးမှာလုပ်ခဲ့တာ။ ကွန်မြူနစ်နဲ့ နီးစပ်တာဆိုလို့ မောင်လေးတယောက်တောခိုသွားတာပဲ။ သူကလည်း  ဟိုမှာ အရေးယူခံရလို့သေပြီ။ ကျောင်းကထွက်တော့ ရှေ့နေလုပ်တယ်။ ဘားကောင်စီမှာလုပ်နေတုံး ကျောင်းသားအရေးအခင်းတွေ ဖြစ်လာ တယ်။ ကိုယ့်ရှေ့မှာတင် ကျောင်းသားတွေအစုလိုက်အပြုံလိုက် အသတ်ခံနေရတာကိုမြင်နေရချိန်မှာ သံဃာ့နာယကဆရာတော် များက  တယ်လီဗီးရှင်းကနေ ပြည်သူကလည်း အေးချမ်းစွာတင်ပြကြပါ။ မင်းကလည်းမင်းကျင့်တရားနဲ့အညီ အုပ်ချုပ်ပါဆိုတဲ့ မေတ္တာရပ်ခံချက် ထွက်တော့ ကျမတို့ဘားကောင်စီကလည်း မေတ္တာရပ်ခံချက်တခုရေးပြီးသံဃ နာယကဆရာတောကြီးတွေဆီ အဲဒီမေတ္တာရပ်ခံချက်တွေပို့တာတွေလုပ်နေတုံး ဒေါ်အောင်ဆန်းစုကြည်ကလည်း ဘားကောင်စီကိုရောက်လာတယ်။ ဗိုလ်ချုပ်အောင်ဆန်းသမီးတယောက်အနေနဲ့ ဒီ လှုပ်ရှားမှုကြီးမှာ သူလည်းပါမယ်လို့ဆွေးနွေးတာနဲ့ ကျမတိုတွေဆက်မိသွားပြီး တတ်သိပညာရှင်များအုပ်စုအနေနဲ့ ဒီအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ရောက်လာတာပါ။ ဒါကြောင့် ဦးအောင်ကြီးရဲ့ ဘာမဟုတ်တဲ့ စွပ်စွဲချက်ကို  တရားခံလိုဖြေရှင်းမနေချင်ပါဘူး။ ဒါပေမယ့် ဒေါ် အောင်ဆန်းစုကြည်က မဖြေရှင်းချင်ရင်တောင် ကိုယ့်အကြောင်းလောက်တော့ ပြောပြပါဆိုလို့ ပြောခဲ့တာပဲ။ ရှင်တို့မိတ်ဆွေကြီး  ကိုတင်ရွှေ  ကတော့ ဖြေရှင်းနေရင်းစိတ်မထိန်းနိုင်ပဲဆို့သွားလို့။ သူများအလှည့်ပြီးမှ ဆက်ဖြေရှင်းရတယ်” ဆိုတာတွေကို ပြောပြပါတယ်။

ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေခွင့်တောင်းထားလိုက်ပါတယ်။ နေ့လည် (၂) နာရီလောက်မှာ ဦးအေးသန်းရယ်၊ သမီးနှင်းနှင်းယု ရယ်၊ ကျနော်ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို အပေါ်ထပ်ခန်းမှာသွားတွေ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က  ဥက္ကဌတဦး၊ လူကြီးတဦး  အပေါ်အလွန်အကျွံဖြစ်မှာစိုးလို့ အသေးစိတ်တော့မပြောလိုတော့ပါဘူး။ ဒါနဲ့ပတ်သက်ပြီး ရှင်းလင်းချက်တွေ   နောက်တော့ထွက်လာမှာပါ။  အခုပြောနိုင်တဲ့ အဓိကအချက်ကတော့ ခိုင်လုံတဲ့ပြစ်ချက်မရှိပဲ ဥက္ကဌကမလိုလားရုံနဲ့ကျမကတော့ ထုတ်မပစ်နိုင်ဘူးဆိုတော့ ဒီကိစ္စကို  ဥက္ကဌက တိုက်ပွဲလုပ်ပြီးဖွင့်ချ တိုက်တာပါ။ ကျမတို့ကလည်း ဒီမိုကရေစီအစဉ်အလာတရပ်ကို ထူထောင်လိုက်နိုင်တာပေါ့။ ပေါင်းတည်သား တွေဆိုတော့ ပုဂ္ဂိုလ်ရေးယုံကြည်သူများရှိရင် ထွက်လိုက ထွက်နိုင်ပါတယ်။ ဒီမိုကရေစီကိုယုံကြည်ရင် ဆက်လုပ်ကြဖိုပါဘဲ။ ဦးအောင်ကြီးက ဥက္ကဌအနေနဲ့တင်ထွက်တာမဟုတ်ပါဘူး။ အဖွဲချုပ်ကကို ထွက်သွားတာပါ။ (ခေါင်းဆောင်ကြီးသုံးယောက် တွဲရိုက်ထားတဲ့ wall  sheet ပိုစ တာဓါတ်ပုံကြီးထဲက ဦးအောင်ကြီးပုံကို ဖယ်လိုက်ရတော့မှာပေါ့လို ကျနော်က  ဖြတ်ပြောတော့) သူ့ပုံကိုဖယ်ပစ်လိုက်။ ညှပ်ထုတ်ပစ်လိုက်  လို့ ပြောပြီး။ ဦးအောင်ကြီးဘက်ကိုပါလို့ အဖွဲ့ကထွက်မယ်ဆိုရင်  သူတို့ရဲ့လျှောက်လွှာတွေကိုပြန်မပေးနဲ့။ နှုတ်ထွက်လွှာကိုပဲလက်ခံထားလိုက်ပါ။ ဦးအောင်ကြီး နောက်ထပ်လုပ်နေတဲ့လုပ်ရပ်တွေကြောင့် ထပ်ပြီးဖြေရှင်းရဦးမယ်။ စောင့်နိုင်ရင် နှစ်ရက်လောက်ကြာရင် ဖြေရှင်း ချက်ထွက်မယ်လို့ ပြောပြပါတယ်။

ညနေ (၄)နာရီလောက်ကျတော့ ရုံးထဲကလက်ဘက်ရည်ဆိုင်မှာ ဦးတင်ဦးနဲ့တွေ့ပါတယ်။ ဒီမှာပဲပြောတာပေါ့ဆိုလို့ လက်ဘက်ရည် သောက်ရင်းနဲ့ပဲ ပြောဖြစ်ပါတယ်။” ပေါင်းတည်ကဆိုတော့ ဥက္ကဌမြို့ကပဲ။ ပုဂ္ဂိုလ်အရ ဒေသအရ ကြိုက်သလိုဆုံးဖြတ်နိုင်ပါတယ်။ ကျနော် က ဥက္ကဌကို စစ်တပ်ဝါစဉ်အရ ကိုယ့်ထက်ဝါကြီးသူမို့ လေးစားပါတယ်။ အခုကိစ္စကတော့ သူတဦးထဲရဲ့ထင်မြင်ယူဆချက်တွေကို အာ ဏာရှင်ဆန်ဆန်လက်ခံခိုင်းလာတာမို့ ကျနော်တို့က လက်မခံနိုင်တာပါ။ ခင်ဗျားတို့လဲ မြို့ပြန်ရောက်ပြီး အဖွဲ့ချုပ်နဲ့ပဲဆက်လုပ်မယ် ဆိုရင် လည်းဒီကိစ္စအတွက်  ပဋိပက္ခမရှိစေဘဲ  ဒီမိုကရေစီကျကျ  ဥက္ကဌဘက်ပါသွားသူများကိုလည်း ပါသွားပါစေလို့ သဘောထားကြီးကြီးထားပါလို့ ပြောပါတယ်။

နောက်တနေ့  ဦးအောင်ကြီးနဲ့ သွားတွေ့ဖို့ဦးအေးသန်းကို  ရွှေဘုံသာလမ်းက ဦးသောင်းလွင်အိမ်မှာ ဆုံဖို့ ချိန်းလိုက်ပါတယ်။ ဦးသောင်းလွင် ကလည်း ပေါင်းတည်သားပါ။ ရန်ကုန်မြို့က ပေါင်းတည်အသင်းရဲ့ အရေးပါသူတဦးပါပဲ။ နောက်တနေ့ ဦးသောင်းလွင်အိမ်ကိုရောက်တော့  ဦးသောင်းလွင်က ဆီးပြောပါတယ်။ ဦးလှဖေက သူပေါင်းတည်ကိုသွားမယ်။ ဦးအောင်ကြီးက ပေါင်းတည်က မောင်အေး (ဦးအေး..ပါလီမန် အတွင်းဝန်ဟောင်း) ဆီကိုသွားလို့ပြောတော့ ကိုအေးက အခုဘာမှမလုပ်တော့ဘူး။ ပေါင်းတည်မှာ အုန်းနိုင်တို့လုပ်နေတာ။ ကျနော်သိ တယ်။ သွားခေါ်ပေးမယ်လို့ ပြောထားတယ်။ ဒီရက်ပိုင်းအတွင်း အုန်းနိုင်ကြီးတို့ ရန်ကုန်ရောက်ရင် လွဲသွားမှာစိုးလို့ သူ့ဆီဖုန်းဆက်ဖို့  ပြော ထားတယ်လို့ ပြောပါတယ်။ ပြောပြောဆိုဆို ဦးသောင်းလွင်က  ဦးလှဖေဆီကို ဖုန်းဆက်ပါတယ်။ ပြီးတော့မှ ကျနော်တို့ဖက်ကိုလှည့်ပြီး “  ဒီလိုဆို  အဆင်ပြေတာပေါ့။ ကိုသောင်းလွင်ပဲ  အုန်းနိုင်ကြီးတို့ ကို  ဦးအောင်ကြီး အိမ်ကို ပို့ လိုက်ပါ” လို့ သူ့ကို  တာဝန်ပေးလိုက်တယ်လို့ ပြောပါတယ်။

စမ်းချောင်းပဒုမ္မာကွင်းကို မျက်နှာလှည့်ဆောက်ထားတဲ့ သုံးထပ်တိုက်သစ်ကြီးမှာဝင်ပြီး ပေါင်းတည်က  ဦးအုန်းနိုင်နဲ့  ဦးအေးသန်းလာတယ် လို့ သတင်းပေးလိုက်တော့ အပြင်က အခန်းတခုမှာ စောင့်ပါလို့ လူတယောက်က ခရီးဦးကြိုပြုပါတယ်။ ဦးလှဖေက ကြိုပြီးဖုန်းဆက်ထားဟန် တူပါတယ်။ ဦးသောင်းလွင်ကလည်း သူ့တာဝန်ပြီးပြီမို့ ပြန်ပါတယ်။ အိမ်ထဲမှာလူဝင်လူထွက်များနေတာရယ် အထဲကစကားပြောသံတွေ ကြားရတာအရ အိမ်မှာရုံးဖွင့်ထားပုံရပါတယ်။

လူတယောက်က ဦးအောင်ကြီးရဲ့ကြေညာချက်သုံးစောင်ကိုပေးထားလို့ ဖတ်နေတုံးဦးအောင်ကြီး ရောက်လာပါတယ်။ ကျနော်တို့နှစ် ယောက်က  မတ်တပ်ရပ်ပြီးနှုတ်ဆက်တော့ ထိုင် ထိုင်လို့ပြောပြီး သူကတော့မထိုင်ပါဘူး။ ကျနော်တို့နဲ့ မျက်နှာချင်းဆိုင်ရပ်လို့ ပြောပါတယ်။ ကြားမှာစားပွဲတလုံးပဲခြားပါတယ်။” မင်းတို့ ပေါင်းတည်က  ဘယ်သူ့သားလည်း။ ဘယ်သူ့အနွယ်လည်းလို့ မေးလို့ ကျနော်တို့နှစ်ယောက် စလုံး ဘုရားငါးဆူရွာဇာတိတွေပါလို့ ဖြေပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘာမှထပ်မပြောတော့ပဲ သူပြောစရာရှိတာတွေကို တခါတည်း  တဆက် တည်းပြောတော့တာပါပဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts