သူတို့အာဘော် မောင်ရစ်

လက်ပံတောင်းသပိတ်အလွန် (ဦး)သိန်းစိန်ပြောတဲ့ မြန်မာနွေဦးကာလများ (Maung Yit)

အယ်ဒီတာ့လက်ရေး (၁၇)

လက်ပံတောင်းသပိတ်အလွန် (ဦး)သိန်းစိန်ပြောတဲ့ မြန်မာနွေဦးကာလများ

မောင်ရစ်၊ ဒီဇင်ဘာ ၁၆၊ ၂၀၁၂

လက်ပံတောင်းတောင် အကြမ်းဖက်မှုကို လက်ရှိအစိုးရက အကြိမ်ကြိမ် တောင်းပန်မှုတွေ ပြုလိုက်တယ်။ သံဃာတော်တွေဖက်ကလည်း လက်ခံတော်မူတယ် ဆိုတယ်။ သည်တော့ မြန်မာပြည်အရေးကိစ္စတွေဟာ ရှေ့ကို နောက်တလှမ်း ဆက်တိုးလို့ ရသွားပြီလို့ ဆိုရမှာပေါ့။ အရင်ကဆိုရင် သံဃာတော်တွေကို ဖမ်းဆီး ထောင်ချ ရိုက်နှက်၊ ဘုန်းကြီးကျောင်းတွေ ၀င်စီး၊ ချိတ်ပိတ်တာတွေကျုးလွန်ခဲ့တဲ့ ယခင်စစ်အစိုးရလိုမျိုး သတင်းအမှောင်ချတာ၊ ဖုံးဖိတာ၊ ကန့်သတ် ပိတ်ဆို့တာ၊ လိမ်ညာ လှည့်ဖျားတဲ့ သတင်းတွေ ထုတ်ပြန်ပြီး တလမ်းမောင်းလမ်းကြောင်းကနေ ဇွတ်တိုးတဲ့ အာဏာရှင်စရိုက်ခေါက်ရိုးကနေ အခုလိုမျိုး ရှေ့မျက်နှာ နောက်ထားပြီး တောင်းပန်တာ၊ မျက်နှာအောက်ချပြီး ရင်ဆိုင်တတ်လာတာကိုတော့ ကြံဖန် ချီးကျုးရမှာပေါ့။

(ဦး) သိန်းစိန်က သူတို့အစိုးရရဲ့ ကာလတွေကို အာရပ်နွေဦးလိုမျိုး မဟုတ်တဲ့ မြန်မာနွေဦးကာလတွေ ဖြစ်စေရမယ်လို့ လူထုကို ပြောကြားခဲ့တယ်။ အာရပ်နွေဦးမှာ လက်နက်ကိုင် အကြမ်းဖက်မှုတွေ၊ လူထုတွေ သေကြေပျက်စီးတာတွေ၊ ပြည်တွင်းစစ်တွေ၊ အစိုးရတွေ ရုပ်ဆိုးအကျည်းတန်စွာ ကျဆုံးရတာတွေ ဇာတ်ဝင်ခန်းတွေ ဖြစ်နေတော့ မြန်မာနွေဦးမှာ သွေးထွက် သံယို ရုပ်ဆိုးအကျည်းတန် ဇာတ်ဝင်ခန်းတွေကို အတတ်နိုင်ဆုံး ရှောင်ရှားနိုင်မယ်လို့ ပြောချင်တဲ့ ပုံပါပဲ။

ဧရာဝတီမြစ်ဆုံအလွန်၊ ကြားဖြတ်ရွေးကောက်ပွဲအလွန်ကာလတွေမှာ ပြည်တွင်း ပြည်ပက မြန်မာတွေနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းတွေကြားမှာ မြန်မာပြည်နဲ့ အရေးကိစ္စတွေအားလုံးဟာ ပျော်ရွှင် စိတ်ဝင်စားစရာတွေ အပြည့်ဖြစ်လာပါတယ်။ မြန်မာပြည်ဟာ  အပေါက်ဆိုး၊ ကြမ်းတမ်း မိုက်ရိုင်းတဲ့ အရိုင်းအစိုင်းကနေ “sexy” ဖြစ်လာတယ်။ လူတိုင်းက မြန်မာပြည်နဲ့ တွဲချင် သွားချင် လာချင် ဖြစ်လာတယ်လို့ ဆိုနိုင်ပါတယ်။ ရခိုင်ဒေသ အကြမ်းဖက်မှုများ၊ ကချင်ပြည်နယ် ပြည်တွင်းစစ်၊ လယ်သမား အလုပ်သမားများရဲ့ အရေးဆိုမှုတွေ၊ နယ်စပ်ဒေသ တိုင်းရင်းသား ဆွေးနွေးရေးတွေ ဘယ်လိုပဲ ရှိနေ ရှိနေ မြန်မာပြည်ဟာ နောက်ပြန်မလှည့်ပါဘူးလို့ လူတော်တော်များများက ဂါထာရွတ်သလို ရွတ်လာကြတဲ့ အချိန်ဖြစ်လာပါတယ်။

အခု နောက်ဆုံး ထိပ်တိုက်ရင်ဆိုင်မှုဖြစ်တဲ့ လက်ပံတောင်းတောင်သပိတ် အကြမ်းဖက်ဖြိုခွဲမှုမှာတော့ လက်ရှိအစိုးရဟာ ယခင်တုန်းက နည်းဗျူဟာတွေနဲ့ လူထုအုံကြွမှုကို ဖြိုခွဲရန် ကြိုးစားခဲ့သော်လည်း ရက်သတ္တပတ် ၂ ပတ်မပြည့်ခင်မှာပဲ သံဃာတော်တွေကို တိုက်ရိုက် တောင်းပန်တာ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ပိုင်ခွင့်တွေကို ကန့်သတ်ထားတာတွေ ဆောင်ရွက်လာရပါတော့တယ်။ သံဃာတော်တွေဖက်ကလည်း နောင်ဆို လမ်းမပေါ်ထွက် ဆန္ဒပြတာထက် သံဃာတော်တွေ စုဝေးပြီး ညီလာခံတွေလုပ်၊ လက်မှတ်ထိုးတောင်းဆိုတာတွေ လုပ်ကြရင် မကောင်းလားဆိုပြီး ဆရာတော်ကြီး ဦးဥာဏိသရက မိန့်ကြားတာကို မစိုးရိမ်ဆရာတော် ဦးဝီရသူက လက်ခံပါကြောင်း ဆွေးနွေးတာကို တွေ့ကြရပါတယ်။

မည်သို့ပင်ဖြစ်စေကာမူ ပြည်သူလူထုတွေ၊ ရဟန်းသံဃာတွေ၊ မြန်မာ့အရေးနိုးကြားလှုပ်ရှားသူ လူထုလူတန်းစားအသီးသီး ကိုယ်စားပြုသူ အစုအဖွဲ့တွေ အားလုံးက သည်တပွဲမှာ ညီညာဖျဖျထလာပြီး နေရာဒေသအသီးသီးကနေ အုံကြွကြတဲ့အတွက် သံဃာတော်တွေအရေးကိစ္စဟာ မြန်မာအစိုးရအတွက် ပျော့ပြောင်းတဲ့ အဖြေရှာနည်းကို ရွေးချယ်ဖို့ ဖိအားဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အဲသည်လိုမျိုး တိုးတက်ပြောင်းလဲမှုကို နမူနာယူပြီးတော့ ရှေ့လျောက် မြန်မာ့အရေး ဘယ်လိုတွေ လှုပ်ရှားလာကြမယ်လို့ မြင်သလဲ။

ပထမတချက်ကတော့ မြန်မာပြည်ရဲ့ နို်င်ငံရေးလှုပ်ရှားမှုက နေရာဌာနအသီးသီး၊ လူတန်းစားအသီးသီးနေရာမှာ ကိုယ်စားပြုရယူထားတဲ့ လှုပ်ရှားသူများ အစုအဖွဲ့များဟာ သူတို့အနေအထားကို သည်နေရာမှာ သတိပြုမိ၊ သုံးသပ်မိကြတယ်လို့ ဆိုနိုင်ပါတယ်။ အရေးအခင်းတခု ဖြစ်ပွားလာချိန်မှာ သူတို့တတွေ ဘယ်နေရာ ဘယ်အခမ်းကဏ္ဍတွေကနေ ဘယ်လိုမျိုး ပါဝင်နိုင်တယ်။ ဆောင်ရွက်နိုင်တယ်။ လှုပ်ရှားနိုင်တဲ့ဆိုတာကို တွေ့ကြရပါတယ်။ အဆင်သင့်မဖြစ်သေးသူတွေ အစုအဖွဲ့တွေကလည်း အလျင်အမြန် ပြင်ဆင်ဆောင်ရွက်မှုတွေ လုပ်လာကြတာကို တွေ့ရတာကလည်း စိတ်ဝင်စားစရာပါပဲ။

နောက်တချက်ကတော့ ခေါင်းဆောင်သူတွေဟာ ဘယ်လိုအင်အားတွေနဲ့ အလုပ်လုပ်ကိုင်နေသလဲဆိုတာကို တွေ့ကြရပါတယ်။ သူတို့အင်အားတွေထဲမှာ ရဲဘော် ရဲဘက်တွေ၊ နောက်လိုက်တွေ၊ ပရိသတ်တွေ ဘယ်လောက် ရှိရှိနဲ့ လုပ်ကိုင် လှုပ်ရှားနိုင်သလဲဆိုတာကို တွေ့ကြရပါတယ်။ ပြီးတော့ သူတို့တွေမှာ လူထုအင်အားအပြင် အခြား နိုင်ငံရေးအင်အား ဘယ်လောက်ရှိသလဲဆိုတာကိုပါ တွေ့ကြရတဲ့ ပွဲပါပဲ။

နောက်ဆုံးတချက်ကတော့ မြန်မာပြည်ရဲ့ လှုပ်ရှားမှုတွေမှာ နေရာတိုင်း တမိုးလုံး ဖြောက်ဆိပ် လုပ်ပြီး ပါလေရာ လုပ်ကိုင်ဆောင်ရွက်နေကြတာထက် ကိုယ့်နေရာ၊ ကိုယ့် လူထုလူတန်းစားကိုယ်စားပြုတဲ့ အစုအဖွဲ့ အားသာတဲ့နေရာကနေက ရပ်တည်ပြီး လုပ်ကိုင်ဆောင်ရွက်မှုတွေ ပိုလိုအပ်နေတယ်။ အဲသည်လိုမျိုး ပိုနေမြဲ၊ ကျားနေမြဲ နေရာတွေ ယူပြီး ဆက်လုပ်စရာတွေ ကျွမ်းကျင်ရာလိမ္မာ လုပ်စရာတွေ ရွေးပြီး ဆက်လုပ်ကြဖို့ ရှိတယ်လို့ တွေးမိပါတယ်။

(ဦး) သိန်းစိန်ကြီးရဲ့ မြန်မာ့နွေဦးကာလမှာ ဒီလိုတွေးမိ ပြောမိတာကို သူတို့အစိုးရကလည်း သဘောကျမယ် ထင်မိတယ်။ ဘာကြောင့်လဲဆိုတော့ ခုနင်က အချက်တွေထဲမှာ သူတို့လည်း အကျုးံဝင်တာကို တွေ့နို်င်မှာပါ။

ပထမအချက်အနေနဲ့ သူတို့အစိုးရကိုယ်တိုင်က ကြိုတင်စဉ်းစား ဆင်ခြင်မှုမရှိဘဲ အာဏာရှင်ဆန်ဆန် လုပ်ရပ်တွေ ကျုးလွန်လိုက်ခဲ့မိတဲ့ဆီမှာ သူတို့ကိုယ်တိုင်လည်း ဒီလမ်းဟောင်းကြီး ပြန်မသွားချင်ဘူးဆိုတာ သူတို့အချင်းချင်းမှာ ရိပ်မိသိရှိသွားတယ် ထင်တယ်။ စစချင်း သတင်းထုတ်ပြန်ချက်မှာ န၀တ၊ နအဖလေသံတွေနဲ့ မောင်းတင်ပြီးမှ ပြန်နောက်ဆုတ်ခဲ့တယ်။ ပြီးတော့ တောင်းပန်တယ်ဆိုပြီး အောက်ကလိအာသံနဲ့ အပေါ်စီးက မီးစတဖက် ရေမှုတ်တဖက် တောင်းပန်တာကလည်း သိက္ခာကျတာပဲ အဖတ်တင်ပါတယ်။ နောက်ဆုံး ဒဏ်ရာရ သံဃာတွေရှေ့မှာ တောင်းပန်ရတဲ့ အဆင့်ကို ရောက်မှပဲ သံဃာတော်တွေဆီက အပေါင်းလက္ခဏာဆန်တဲ့ တုန့်ပြန်မှု သူတို့ မြင်ကြရတာဖြစ်ပါတယ်။

ဒုတိယအချက်အဖြစ်နဲ့ကတော့ ဦးသိန်းစိန်အစိုးရ၊ ဦးရွှေမန်းလွှတ်တော်တို့မှာ ဒီကိစ္စကို ဖြေရှင်းရင်ဆိုင်ဖို့ ခေါင်းဆောင်တွေ တာဝန်ခံသူတွေ အင်အား ဘယ်လောက်ရှိသလဲ၊ ဘယ်လိုမျိုး ရင်ဆိုင်သလဲဆိုတာကို တွေ့ရပါတယ်။ ယခင်တုန်းကလို လူထုမေတ္တာတုံး ဦးကျော်ဆန်းတို့၊ ဦးဇော်မင်းတို့လို ဇာတ်ကောင်တွေထက် ပိုပြီး လူထုနဲ့ နီးစပ်မယ့်သူတွေ၊ လက်ခံတဲ့သူတွေကို ထုတ်သုံးပါတယ်။ ခေါင်းဆောင် တဦးကောင်း တယောက်ကောင်းတည်း ဒီအရေးအခင်းကို ရင်ဆိုင်တာ မဟုတ်ဘဲ ခေါင်းဆောင်တွေ၊ တာဝန်ခံတွေ အဆင့်ဆင့်နဲ့ ရင်ဆိုင်တာမျိုးတွေ တွေ့ရပါတယ်။ နိုင်ငံရေးအင်အားအရကလည်း အရှေ့ကော အနောက်ကောက အစိုးရတွေက သူတို့ကို အတင်းအကြပ် ပိတ်ဆို့တာမျိုး မလုပ်အောင်လည်း နေထိုင်ခဲ့တာကို တွေ့ရပါတယ်။

တတိယအချက်အနေနဲ့ လက်ရှိ (ဦး) သိန်းစိန်အစိုးရနဲ့ အဖွဲ့ဝင်တွေဟာ သူတို့ရှိတဲ့ အစိုးရအဖွဲ့ဝင် အင်အားတွေနဲ့ နိုင်ငံရဲ့ကဏ္ဍအသီးသီးက အရေးအခင်းတွေကို လူခွဲ လူဖြန့်ပြီး ရင်ဆိုင်တယ်၊ ဖြေရှင်းဖို့ ကြိုးစားကြတယ်ဆိုတာကို မြင်သာ ထင်သာ ဖြစ်သွားပါတယ်လို့ ပြောနိုင်ပါတယ်။ ယခင်အစိုးရလက်ထက်နဲ့ လက်ရှိ တပ်မတော်ရဲ့ ဦးပိုင်စသည်တို့နဲ့ သဘောတူ လက်ခံထားတာတွေ၊ အစိုးရအဖွဲ့၊ လွှတ်တော်တရပ် စတင်လျှောက်လှမ်းစဉ် တပါတီ အာဏာရ အစုအဖွဲ့လိုမျိုး စိတ်ထင်တိုင်း ချုပ်ဆို သဘောတူခဲ့ကြတာတွေ၊ နိုင်ငံတော်ရဲ့ အခြေခံဥပဒေက စပြီး ဥပဒေ၊ နည်းလမ်း အဆင့်ဆင့်တွေဟာ စိမ်ခေါ်မှုတွေ အမျိုးမျိုးနဲ့ ရင်ဆိုင်ရမယ်၊ ဖြတ်သန်းရတော့မယ်ဆိုတာကို သူတို့ ကောင်းကောင်းကြီး လက်ခံလိုက်တဲ့ သဘောထားကို မြင်တွေ့ရတယ်လို့ ဆိုနိုင်ပါတယ်။

ဒါဆိုရင် အတိုက်အခံတွေဖက်ကကော … အဲသည်လို အရေးအခင်းမှာ နွေဦးကာလမို့ ပန်းပေါင်းစုံ အပြိုင်အဆိုင် ပွင့်ကြတယ်လို့ပဲ ဆိုရမယ် ထင်ပါတယ်။ ပြီးတော့ သူတို့တွေထဲမှာ ဒီအရေးအခင်းကို ထိပ်တိုက်ရင်ဆိုင်ကြရမယ်သာ ဆိုရင် အစွမ်းကုန် မဆုပ်မနစ် ရင်ဆိုင်မယ်ဆိုတဲ့ အင်အားစုတွေကိုလည်း တွေ့ကြရသလို အတတ်နိုင်ဆုံး ဖြေရှင်းညှိနှိုင်းပြီး ရသလောက်နဲ့  ကျေနပ်မယ်ဆိုတဲ့ ပျော့ပြောင်းသူတွေ၊ စေ့စပ်လိုသူတွေကိုပါ တွေ့ကြရပါတယ်။ ဘယ်လိုမျိုး အနေအထားတခု ရရှိတဲ့အထိ တိုက်ပွဲဝင်မယ်လို့ ဆုံးဖြတ်ထားတာမျိုးတွေ တွေ့ရသလို အခြေအနေကို ကြည့်ပြီးတော့ပဲ မီးစင်ကြည့်ကမယ်ဆိုတာမျိုးကို လည်း မြင်ကြရပါတယ်။

အင်အားတွေထဲမှာတော့ အတိုက်အခံခေါင်းဆောင်တွေ၊ တာဝန်ခံသူတွေကို တက်တက်ကြွကြွလှုပ်ရှားတာကို မြင်ကြရသော်လည်း ပရိသတ် အားပြုလှုပ်ရှားမှု ပြုလုပ်နေကြတာဖြစ်ပြီး နောက်လိုက်နောက်ပါ အင်အားတွေ အဖွဲ့ဝင်တွေနဲ့ လှုပ်ရှားတာ မဟုတ်ဖူးလို့ တွေးမြင်မိပါတယ်။ ဥပမာအားဖြင့် တရားဟောစင်မြင့်ရှေ့က ပရိသတ်နဲ့ ဆန္ဒထုတ်ဖော်ပွဲနောက်က လိုက်ပါ ချီတက်သူ နောက်လိုက်အင်အားဆိုတာ သဘာဝချင်း မတူဖူး မဟုတ်လား။

နောက်ဆုံး ကိုယ့်အင်အားကိုယ်သိ၊ ကိုယ့်နေရာကိုယ်နေ ဆိုတာကတော့ အတို်က်အခံအင်အားစုတွေ ဆီမှာ ပိုပြီးတော့ ရှင်းရှင်းလင်းလင်းဖြစ်အောင် ဆက်လုပ်ကိုင်ကြရမယ့် စိန်ခေါ်ချက် ဖြစ်တယ် ထင်မိပါတယ်။ အလုပ်သမားရေး၊ လယ်သမားရေး လုပ်ကြမယ့်သူတွေ၊ အခြား အရေးအခင်းတွေအတွက် ထွက်ပြီး တိုက်ပွဲဝင်ကြမယ့်သူတွေ၊ စာနယ်ဇင်းသတင်းသက်သက် တင်ဆက်သတင်းပို့နေမယ့်သူတွေ၊ လွှတ်တော်တွင်းကနေ နိုင်ငံရေးလှုပ်ရှားမှုတွေကို ဖော်ဆောင် ဆောင်ရွက်နေမယ့်သူတွေ သူ့နေရာ သူ့တန်ဖိုးတွေရှိတယ်။ အပြန်အလှန် သဘောပေါက် လက်ခံထားကြရမယ်လို့ မျှော်လင့်ပါတယ်။

ရုပ်ရှင်ဇာတ်ကားကြီးမှာ အားလုံးက မင်းသမီး၊ မင်းသားနေရာပဲ လိုချင်လိုမှ မရတာပဲ၊ အဲသလို အဓိကဇာတ်ကောင် မရရင်လည်း မင်းသား၊ မင်းသမီးနားက သူငယ်ချင်း၊ မိသားစုနေရာကပဲ သရုပ်ဆောင်နေကြချင်လို့မှ မရတာပဲ။ ဇာတ်လမ်းတခုလုံး လိုအပ်နေတဲ့ ဇာတ်ကောင် ဇာတ်ဆောင်၊ ဇာတ်ပို့ နေရာစုံ အလွှာစုံကနေ အသီးသီးက ၀ိုင်းဝန်းကြမှ သက်ဝင်လှုပ်ရှား ကောင်းမွန်တဲ့ ဇာတ်ကားကြီး ဖြစ်မယ် မဟုတ်ပါလား။ ပြီးတော့လည်း ဇာတ်ကို ပိုပြီး အသက်ဝင်အောင်၊ ဇာတ်ကို ပိုပြီး သွက်လက်အရှိန်ရအောင် လူကြမ်းနေရာက ပို့ရတာတွေရှိပြန်ရင်လည်း အလှည့်ကျတော့ မနွဲ့စတမ်း ဆိုသလို လူကြမ်းတွေကလည်း အမုန်းခံပြီး သရုပ်ဆောင်ရ၊ ပြောရ ဆိုရ ကြရမှာပေါ့လေ။

(ဦး) သိန်းစိန်ကြီး ပြောတဲ့ မြန်မာ့နွေဦးဆိုတာကတော့ သည်အတိုင်းဆိုရင် သာယာမယ့် သဘောပါပဲ။ နွေဦးဆိုပေမယ့် အစိုးမရတဲ့ သဘာဝလောကကြီးရဲ့ လေနီကြမ်းတွေ၊ မုန်တိုင်းတွေ၊ ဘေးအန္တရယ်တွေ ကျရောက်လာခဲ့မယ်သာ ဆိုရင် ဘယ်လိုမျိုး နွေဦးကို အလှမပျက် ဖြတ်သန်းချီတက်ကြမယ်ဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ကြရမှာ ဖြစ်တယ်လို့ ဆိုလိုက်ချင်ပါတယ် ခင်ဗျား။       ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

2 thoughts on “လက်ပံတောင်းသပိတ်အလွန် (ဦး)သိန်းစိန်ပြောတဲ့ မြန်မာနွေဦးကာလများ (Maung Yit)
  1. ဦးသိန်းစိန်အစိုးရအနေနဲ့ သဘောထား ပျော့ပြောင်းလာတာကို ၀မ်းသာဂုဏ်ယူစွာနဲ့ ကြိုဆိုပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အဇ္ဈတမှာ ဘာတွေရှိတယ်ဆိုတာကိုတော့ ဒီအရေးကိစ္စမှာ အထင်အရှား တွေ့လိုက်ရလို့ သံသယတော့ ခပ်ရှိရှိနဲ့ ကြိုဆိုပါတယ်။

  2. အမှတ်ပေးတာ မစောလွန်းဘူးလား- တော်တော်လှ-တော်တော်လှ နဲ့  ချီးမွန်းခန်း ဖွင့်မည်ကြံယုံရှိသေးတယ်။ ဘီလူးဆိုင်းနဲ့ ဘီလူးက ကထွက်လာတယ်လေ-

Comments are closed.