ဓာတ်ပုံသတင်း နိုင်ငံတကာရေးရာ

ကွန်နတီးကဒ်၊ နယူးတောင်း၊ မူလတန်းကျောင်းမှာ ကလေးနှင့် လူကြီး ၂၇ ဦးကို သေနတ်သမား ပစ်သတ်မှု၊ အမေရိကန်ပြည်သားတို့ ၀မ်းနည်းကြေကွဲ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

 

ကွန်နတီးကဒ်၊ နယူးတောင်း၊ မူလတန်းကျောင်းမှာ ကလေးနှင့် လူကြီး ၂၇ ဦးကို သေနတ်သမား ပစ်သတ်မှု၊ အမေရိကန်ပြည်သားတို့ ၀မ်းနည်းကြေကွဲ

မိုးမခဓာတ်ပုံသတင်း၊ ဒီဇင်ဘာ ၁၅၊ ၂၀၁၂

ဒီဇင်ဘာ ၁၄၊ အမေရိကန်ပြည်၊ ကွန်နတီးကဒ်ပြည်နယ်၊ နယူးတောင်းမြို့၊ ဆန်ဒီဟွတ် မူလတန်းကျောင်းကို အသက် ၂၀ အရွယ် လူငယ်တဦး က မနက် အချိန် ၉  နာရီ ၃၀ မှာ ကျုးကျော် ၀င်ရောက်ပြီး စာသင်ခန်း ၂ ခန်းက ၅ နှစ်မှ ၁၁ နှစ် အရွယ် ကလေး ၂၀ ကျော် နဲ့ ကျောင်းအုပ်ကြီးအပါအ၀င် လူကြီးများကို အော်တိုမက်တစ် သေနတ် ၃ လက်နဲ့ ပစ်သတ်ခဲ့ပါတယ်။ ဆရာမ တဦကတော့ ပြင်းထန်စွာ ဒဏ်ရာရပြီး ဆေးရုံ အသည်းအသန်ခန်းမှာ ကုသနေရပါတယ်။

(ကျောင်းအတွင်းမှ ထွက်ပြေးလွတ်မြောက်လာသူ ကလေးသူငယ်များ)

အလွန်ငယ်ရွယ်တဲ့ ကလေးသူငယ်ကလေးတွေကို ရက်စက်စွာ ၁ ကြိမ်ထက် အနည်း ရက်ရက်စက်စက် ပစ်သတ်ခဲ့သူ အသက် ၂၀ အရွယ် Andy Lanza က သူ့မိခင် အဆိုပါမူလတန်းကျောင်းကယာယီကျောင်းဆရာမကို သူတို့အိမ်မှာ အရင်ဆုံး ပစ်သတ်ခဲ့ပြီးမှာ မူလတန်းကျောင်းမှာ အကြမ်းဖက်မှုကြီးကို ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ ၎င်းနောက်မှာ သူ့ကိုယ်သူ ပစ်ပြီး အဆုံးစီရင်ခဲ့တယ်လို့ ရဲသတင်းများအရ သိရှိရပါတယ်။ အမှုအခင်း အသေးစိတ်ကို ဆက်လက် စုံစမ်းနေကြဆဲဖြစ်တယ် လို့ ဆိုပါတယ်။

(သေဆုံးသူ ကျောင်းအုပ်ဆရာမကြီး)


သေဆုံးသူ ကလေးသူငယ်များရဲ့ မိဘတွေနဲ့အတူ အားလုံးက ၀မ်းနည်းကြေကွဲကြောင်း၊ အားပေးနှစ်သိမ့်မှုတွေ့ ပြသကြောင်း အမေရိကန်တပြည်လုံးက မိဘတွေ၊ အဖွဲ့အစည်းတွေ၊ နိုင်ငံသားတွေက ထုတ်ဖော်ပြောဆိုကြပါတယ်။ အမေရိကန်အစိုးရက ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် နိုင်ငံတော် အလံကို တိုင်ဝက် လွှင့်ထူဖို့ ထုတ်ြပန်ခဲ့ပါတယ်။ အိမ်နီးချင်း အိမ်များ၊ မြို့နယ်များက မိဘပြည်သူတွေက ထိုမူလတန်းကျောင်းနဲ့ မြို့ရဲ့ ရင်ပြင်ကို လာပြီးတော့ ၀မ်းနည်းခြင်း ပန်းစည်းများ မိမိဖာသာ လာရောက် ချထားခြင်း၊ သတင်းမေးမြန်းခြင်းတို့ လုပ်ကြတာကို တွေ့ရပါတယ်။

(သတင်းစာရှင်းလင်းပွဲမှာ သမ္မတ အိုဘားမား စိတ်ထိခိုက်မှုကို မဖုံးနိုင်ခဲ့)


အစိုးရများ၊ အဖွဲ့အစည်းများနှင့် နိုင်ငံရေးအဖွဲ့များက အမေရိကန်ပြည်ရဲ့ လက်နက်ကိုင်ဆောင်ခွင့် ဥပဒေကို ပြန်လည် စဉ်းစား စိစစ်ဖို့ ထုတ်ဖော်ပြောဆိုကြပါတယ်။ သမ္မတ အိုဘားမားကိုယ်တိုင်က မိဘတဦးအဖြစ် ကိုယ်ချင်းစာပြီး နိုင်ငံသားချင်း လက်နက်ဖြင့် အကြမ်းဖက် ပစ်ခတ်မှုတွေကို တားဆီးကာကွယ်ကြဖို့၊ နောင် မဖြစ်အောင် တိုးတက်မြှင့်တင် ဆောင်ရွက်ကြဖို့ တိုက်တွန်း လိုက်ပါတယ်။ အမေရိကန်ပြည်မှာ အများပြည်သူသွားလာရာ နေရာ ဒေသတွေမှာ သေနတ်ပစ်ခတ် အကြမ်းဖက် ပစ်သတ်မှု ယခု တနှစ်အတွင်း ၁၅ ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ သမ္မတရွေးကောက်ပွဲ ကာလအတွင်းမှာ လူငယ်တဦးက ရုပ်ရှင်ရုံထဲမှာ ၀င်ရောက်ပစ်ခတ်ခဲ့လို့ လူ ၁၂ ဦး သေဆုံးခဲ့ရပါတယ်။

(မူလတန်းကျောင်းကို ၀င်ပစ်ခတ်သူ Andy Lanza ကို ၂၀၀၅ ခုနှစ်က တွေ့ရစဉ်)


အမေရိကန်ပြည်ထောင်စုမှာ လူဦးရေ သန်း ၃၀၀ ရှိတဲ့ဆီမှာ သေနတ်ပေါင်း သန်း ၃၀၀ မှတ်ပုံတင်ထားတယ်လို့ စာရင်းများက ဆိုပါတယ်။ နိုင်ငံသားတိုင်းမှာ သေနတ်ကိုင်ဆောင်ခွင့်၊ ကိုယ့်ကိုယ်ကို ကာကွယ်ခွင့် ရှိတယ်ဆိုတဲ့ အမေရိကန်နိုင်ငံရဲ့ အခြေခံဥပဒေ ဒုတိယပြင်ဆင်ပြဋ္ဌာန်းချက် ရှိတဲ့အတွက် သေနတ်တွေကို ယခုလို အကြမ်းဖက်သူတွေ၊ စိတ္တဇဖြစ်နေသူတွေ လက်ထဲ လွယ်လွယ်ကူကူ မရောက်စေဖို့ အစိုးရအဆင့်ဆင့်၊ နည်း ဥပဒေ အဆင့်ဆင့် ပြန်လည် ပြင်ဆင် ပြဋ္ဌာန်းကြဖို့ လိုတယ်လို့ ပြောဆို ဝေဖန်နေကြပါတယ်။

(အများပြည်သူတွေက ၀မ်းနည်းခြင်းအမှတ်တရများ၊ ဆုတောင်းမှုများ ပြုလုပ်နေကြသည်)

စီအင်န်အင်န်သတင်းကြေညာသူက အဲသည်ပြည်နယ်မှာ သူကိုယ်တိုင် ယာဉ်မောင်းလိုင်စင်ပြပြီး မောင်းပြန်သေနတ်တလက် ဆိုင်မှာ ၀င်ဝယ်တာ မိနစ် ၂၀ အတွင်း ၀ယ်လို့ရခဲ့တယ်။ သူ့ကို သေသေချာချာ စစ်ဆေးတာ မရှိဘူးလို့ ထောက်ပြခဲ့ပါတယ်။ သေနတ် ထိန်းချုပ်ရေးဥပဒေအရ စစ်ပွဲသုံး အော်တိုမက်တစ် သေနတ်စနစ်တွေ ၊ လက်နက်ကြီးတွေကို နိုင်ငံသားတွေ ကိုင်ဆောင်ခွင့်ကို ကန့်သတ်ထားပါတယ်။ သိုသော်လည်း လက်နက်များ လွယ်ကူစွာ ၀ယ်ယူနိုင်တာကြောင့် လူကြီး လူငယ်တိုင်းမှာ ကိုင်တွယ် ပစ်ခတ်မှုတွေမှာ ရင်းနှီးကျွမ်းဝင်မှု ရှိကြပါတယ်လို့ ဆိုပါတယ်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts