ခင်မြဇင်ရဲ့ ၀တ္ထုတိုတပုဒ် … လူသား … သံယောဇဉ် … နာကျည်းမှု
ကမာပုလဲ၊ ဒီဇင်ဘာ ၁၄၊ ၂၀၁၂
“သားကလေးဟာ သိပ်ကို ဖြူစင်သန့်ရှင်းတဲ့ လူသား ကလေးငယ်တယောက်ဖြစ်ပါတယ် …ခုတော့ သူ့မျက်နှာလေးမှာ မုန်းတီးနာကျည်းမှုရဲ့ အရိပ်တွေ အခိုင်အမာစွန်းထင်းနေခဲ့ပြီ … အင်း သားကလေးလို အဟိတ်တိရိစ္ဆာန်ဖြစ်တဲ့ခွေးကလေးအပေါ်မှာ ထားရှိနေတဲ့ သံယောဇဉ်ကတောင် ခုလိုခံစားဖေါ်ပြနေပါလျှင် …..”
ဒီနေ့ ရုံးမှာမွေးထားတဲ့ ကြောင်ကလေး ခွေးကိုက်ခံရလို့ သေသွားတယ် … သူတို့ကိုမွေးတာ နှစ်လလောက်ပဲ ရှိသေးတယ် … လေးကောင်မွေးတယ် … တယေက်က ကြောင်ပေါက်စန နီတာရဲကလေးတွေကို ကြည့်ပြီး အမလေးတွေတဲ့ … သူက အမတွေချည်းဆိုတော့အားလုံကလဲ အမတွေချည်းပဲ မှတ်ထားလိုက်တာပေါ့ … တလကျော်လောက်နေတော့စပ်စပ်စုစုလုပ်ရာကနေ တကောင်သော ကြောင်ကလေးက အထီး ဖြစ်နေတာကိုတွေ့ရှိခဲ့ရတယ် … ငါကွ … ဒီ အနက်နဲ့ အဖြူကောင်လေးက အထီးကလေးကွလို့ဂုဏ်ယူဝံ့ကြွားစွာ ဟစ်ကြွေးလိုက်တယ် အားလုံးက ပြုံးလို့ပေါ့ဗျာ …
ဆောင်းရောက်လာတော့ အအေးက လူကြီးတောင် မခံနိုင်ဘူး … သိပ်အေးတာ …တရေးနိုးရင် စောင်ထဲ လှုပ်လှုပ် … လှုပ်လှုပ်နဲ့မို့ ကြည့်လိုက်ရင် အဲဒီကြောင်ကလေးမောင်နှမတွေ … အနည်းဆုံး နှစ်ကောင်တော့ အနည်းလေး လာကွေးနေကြတယ် … ချမ်းလို့လေ …ကြာတော့ သံယောဇဉ်က ဖြစ်လာတယ် … သူတို့ကလည်း စကားသာမပြောတတ်တာ ချွဲတတ် … ဆော့တတ် … အစာတောင်းတတ် … သိပ်ကိုချစ်စရာကောင်းတာလေ … ခု သူတို့ မောင်နှမလေးကောင်ထဲက အမေဖြစ်သူနဲ့ရော …အဖွားဖြစ်သူ ကြောင်မကြီးနဲ့ရော အရောင်တူတဲ့ ကြောင်မလေး ခွေးကိုက်ခံရလို့သေသွားတယ် … ခံစားရတယ် … အဲဒီကတဆင့် …
၈၈၈၈ အရေးတော်ပုံကြီးပြီးကာစက ဆရာမ ဒေါ်ခင်မြဇင်ရဲ့ ၀တ္ထုတိုတပုဒ် ဖတ်ခဲ့ရဖူးတယ် … ၀တ္ထုထဲမှာ သူ့သားကလေးအကြောင်းပြောပြထားတယ် … သူ့သားကလေးမှာ အိမ်မွေး ခွေးကလေးတကောင် ရှိတယ် … သားက တဦးတည်းသောကလေးမို့ ခွေးကလေးကိုပဲ ချစ်ရှာတယ် … အိပ်လဲ အတူ … ကစားလည်း အတူ …စားတာတောင် တချိန်တည်း အတူ စားရမှ … အဲတနေ့မှာ … ရပ်ကွက်ထဲကလူတွေခွေးသုတ်သင်ရေးလုပ်နေတဲ့ အခင်းအကျင်းကို ရေးပြတယ် … နွေဖြစ်တယ် …လက်ပံပွင့်တွေ ပွင့်နေတယ် … အချိန်က … တနေ့မှာ … သားကလေးရဲ့ ခွေးကလေးအိမ်ရှေ့လမ်းပေါ် ရောက်နေတယ် … ဒါကို ကလေးက သူ့ခွေးလေးကို လှမ်းခေါ်တယ် … ခွေးကလေး အိမ်ကို ပြန်ဖို့အလှည့်မှာ လူအုပ်က ခွေးကလေးကိုဖမ်းခေါ်လိုက်တယ် … ချက်ချင်းပဲ ဂုံနီအိတ်ထဲ ထည့်လိုက်တယ် … ပါလာတဲ့တုတ်တွေနဲ့လည်း ရိုက်ကြတယ် … ဒါကို ကလေးက အစအဆုံးမြင်လိုက်ရတယ် …အမေပြန်လာတော့ အမေ့ကို ဖြစ်ကြောင်းကုန်စင် ပြောပြပြီး ကလေးက ရှိုက်ကြီးတငင်ငိုတယ် …ခွေးကလေးကို ပြန်ယူပေးဖို့ အမေ့ကို ပူဆာတယ် …. ဘယ်မှာရနိုင်ပါတော့မလဲ ….
အဲဒီနေ့က စလို့ သားကလေးဟာ နေ့တိုင်းလိုလိုအိမ်ရှေ့မှာ ထိုင်ရင်း သူ့ခွေးကလေးကို မျှော်ရှာတယ် … မျက်ရည်စကလေးတွေတွဲခိုနေတဲ့ မျက်လုံးကလေးနဲ့ပေါ့ … ဒါပေမဲ့ ခွေးကလေးပြန်မလာနိုင်တော့ပါဘူး … ဒါပေမဲ့ ကလေးရဲ့ မျက်လုံးမှာ ထူးခြားတဲ့ခံစားမှုကနေ ထွက်ပေါ်လာတဲ့ ဖေါ်ပြမှုတခုကို သူ့အမေက သတိထားလိုက်မိတယ်…သိပ်ပြီးလဲ စိုးရိမ်သွားမိတယ် … ဒါပေမဲ့ အဲဒီဖေါ်ပြမှုဟာသိပ်ပြိးဖြူစင်သန့်ရှင်းတဲ့ကလေးငယ်တယောက်ရဲ့ မျက်နှာကလေး မှာ စွန်းထင်းသွားခဲ့ပါပြီ … အဲဒီ ခံစားမှုဖေါ်ပြချက်ကလေးကို ဆရာမ ခင်မြဇင်က အသေးစိတ် သရုပ်ဖေါ်ရေးသားပြီး ၀တ္ထုတိုကိုအဆုံးသတ်လိုက်ပါတယ် …. ၀တ္ထုတိုနာမည်ကို ခုပြန်စဉ်းစားတာ မသေချာ မရေရာဖြစ်နေတာမို့ ရေးပြမနေတော့ပါဘူး ….
ဝတ္ထုရဲ့ အဆုံးသတ်ကို ကျနော်မှတ်မိသလို ထပ်တူနီးပါး ခံစားပြောပြရမယ်ဆိုရင်တော့ ဆရာမက …
“သားကလေးဟာ သိပ်ကို ဖြူစင်သန့်ရှင်းတဲ့ လူသား ကလေးငယ်တယောက်ဖြစ်ပါတယ် …ခုတော့ သူ့မျက်နှာလေးမှာ မုန်းတီးနာကျည်းမှုရဲ့ အရိပ်တွေ အခိုင်အမာစွန်းထင်းနေခဲ့ပြီ … အင်း သားကလေးလို အဟိတ်တိရိစ္ဆာန်ဖြစ်တဲ့ခွေးကလေးအပေါ်မှာ ထားရှိနေတဲ့ သံယောဇဉ်ကတောင် ခုလိုခံစားဖေါ်ပြနေပါလျှင်…..”
ကမာပုလဲ
၁၂၊ ၁၂၊ ၂၀၁၂