“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” Mar Mar Aye – 446



မာမာအေး
နိုဝင်ဘာ ၂၆၊ ၂၀၁၂


သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ …  ၀ိဇ္ဇာပညာတွေ သိပ္ပံပညာတွေ သူ့ထက်ငါ ကေါင်း အကြောင်းဘက်စုံ ပြည့်ကုံလုံဘို့ရာ မီဒီယာကွန်ယက် ဟိုလိုက်တက် သည်လိုက်တက်တွေ အောက်သက်မကြေပါလေဘူးလို့ တင်ကူး ပြောဆိုထါးကါမှ ဘယ်သူက ပညာပြတယ် မသိပါဘူးရှင်၊
ကိုယ့် E-mail ထဲ ၀င်လာခဲ့တဲ့ စာတစောင်ကြောင့် စိုးနှောင့်ဗျာများ ဦးဏှောက်အတော်စားသွားပါတယ်ရှင်။

ဒါလေးများ ကမ္ဘာအေးသွားလို့ ကြည်စယ်ချင်သပ ဆိုလဲ ခံရရုံပါဘဲ၊
အရွယ်ကြောင့်လားလို့တော့ မပြောတတ်ဖူးပေါ့ရှင်၊ ပူပင်သောက ကြောင့်ကျစရာ ရှိလာခဲ့ရင် မိုးလောက်ကြီးထင် ဖြစ်ချင်နေတယ်၊ ဖြစ်တတ်နေပါတယ်လို့ ပြောချင် သိစေချင်လို့ပါနော်။

မာအေးဆီကို E-mail  တစောင် ၀င်တယ်၊ ဘိုစားလုံးတွေနဲ့ ရိုက်ပို့ထားတာပါ၊ အဓိပ္ပါယ်ပြန်ရရင် “ကျနော်တို့မိသားစု၊ ရက်တိုအားလုပ်ခွင့်ရလို့ စပိန်နိုင်ငံကို အလည်ထွက်ပြီး မဲရစ်ဟိုတယ်မှာ တည်းခိုနေခိုက်မှာ ပိုက်ဆံအိတ် အခိုးခံရတဲ့အတွက်၊
ငွေတချို့အပြင် နိုင်ငံသားကဒ်ပြား၊ နိုင်ငံကူးလက်မှတ်၊ လေယာဉ်လက်မှတ် နဲ့ ခရက်ဒစ်ကဒ်တွေ ပါသွားပါတယ်။ သက်ဆိုင်ရာ သံရုံးကလဲ ဘာမှ မကူပါဘူး။ မဲရစ်ဟိုတယ်ကလဲ တည်းခိုစားရိတ် မပေးချေနိုင်ရင် ထွက်သွားခွင့် မပြုလို့ အကူအညီပေးပါ” တဲ့။
ဒုက္ခရောက်နေတဲ့ စာပို့သူဟာ “မင်းဆွေ” လို့ ဖတ်လိုက်ရတာနဲ့ ခေါင်းထဲလဲ ဒိန်းကနဲ မြည်၊ ရင်ထဲလဲ ကိုင်ဆောင့်သလို အောင့်သွားပါတယ်။

‘မင်းဆွေ’ ဆိုတဲ့သူက – တူလိုသားလို နေခဲ့တဲ့ သွားဆရာဝန်ကလေးပါ။ စန္ဒရားလှထွတ် – အမကြီး မမရှင်ရဲ့သား ဖြစ်ပါတယ်။ သူ့ဦးလေးအဖွဲ့ထဲမှာ ဂစ်တာဝင်ခေါက်တတ်တယ်။ LA ရောက်လို့ ပြန်တွေ့တော့လဲ စန္ဒရားလေး ကီးဘုတ်ကလေး တီးပေးခဲ့ပါတယ်။ ဒီလို ရင်းနှီးလို့လဲ စိတ်ထဲ ပူသွားတာပေါ့။ မာအေးကလဲ ညဥ့်နက်မှ အိပ်ယာဝင်ကါနီး E-mail  ချက်မှ သိရတော့ အိပ်ချိန်ကြီးမှာ ဘယ်သူ့ ဆက်မေးရမှန်းမသိတွေဖြစ်၊
စိတ်တွေ ညစ်လိုက်တာ၊ နိုင်ငံတကါ အမြဲထွက်နေကျ သားဦးဇင်း သျှင်ဥတ္တရဆီ ဖုန်းနဲ့ခေါ် ပြောပြ၊ ရှာကြည့်စမ်းပါဖျာ့ပေါ့နော၊ ဦးဇင်းက ရှာကြည့်မယ်၊ ဟုတ်ရင် ကူလို့ရ့ါတယ်၊ ဒကါမကြီးလဲ စိတ်အေးအေးထား၊ အလကါးနောက်တာတွေလဲ ဒါမျိုး ရှိတတ်တယ်၊ အဲဒီလူရဲ့ ဖုန်းတွေ ဘာတွေ ရှာပြီး ဆက်ကြည့်ပါဦးလားလို့ ပြောမှ သတိရသွားပြီး ဖုန်းကေါက်ဆက်ရတာပေါ့ရှင်။

မိုးလင်းချင်ချင် ရောင်နီမြင်စမှာ အိပ်ရေးမ၀တဲ့အသံလေးလေးကြီးနဲ့ ပြန်ထူးပေးလာတာ မောင်မင်းဆွေအသံအစစ် ဖြစ်နေတာကိုး။ စောစောစီးစီး ကိုယ့်ကိုယ်ကို ပြန်တီးပစ်လိုက်ချင်စိတ် ပေါက်မိပါတယ်။ ပြဿနာကို အစကနေ မရှာဘဲ စိတ်ပူတဲ့နောက် … ဒေါက်လျှောက် လိုက်နေမိသလိုမို့ပါ။

‘တောင်းပန်ပါတယ်အန်တီအေး၊ ကျနော့်ကွန်ပြူတာ တိုက်ခိုက်ခံရတယ် ဆိုပါတော့ခင်ဗျာ၊ နည်းစံနစ်ပညာလေးတခု ရတော့ ဟိုစက်ထဲ ၀င်သမကြည့်၊ ဒီစက်ထဲ ၀င်သမကြည့်တဲ့သူတွေ နေမှာပေါ့၊ စက်ထဲ ၀င်မွေလို့ ရတော့ ရှိနေပြီးတဲ့ လိပ်စာတွေဆီ ခတ်တည်တည်နဲ့ ရေးပို့တတ်တာပေါ့၊ တခြားသူငယ်ချင်းတွေကိုတော့ ကျနော့် E-mail တွေ လာရင် စီစစ်ကြည့်ဦးလို့ ပြောပြထားပါတယ်။ အန်တီ့ဆီတော့ မပြောမိဘူး –
သူများ ၀င်ရှုပ်သွားတာပါ – ကျနော် မဟုတ်ပါဘူး – ဆောရီးပါခင်ဗျာ’ တဲ့။ ဒီလို ကြားရတော့ … ကွန်ပြူတာကိုလဲ သူခိုး ၀င်တတ်တဲ့အကြောင်း သိရတာပေါ့လေ။

တပါတ်လောက်နေတော့ တက်ဆက်မှာနေတဲ့ မာအေးမိတ်ဆွေဆီက ဖုန်းရပါတယ်။ သူ့ဆီကို မာအေး E-mail  ပို့သလား တဲ့။ ခင်ဗျားဟာ မာမာအေးမိတ်ဆွေဖြစ်တယ် ဆိုရင် ‘yes’ ကို နှိပ်ပါ ဆိုတဲ့ ဇယားကွက်တွေ ဘာတွေနဲ့ မြင်ရလို့ ဆိုပြီး ရယ်ပါတယ်။ အင်း … သူရယ်မယ် ဆိုလဲ ရယ်စရာ ဖြစ်နေတာ အမှန်ဘဲ။ အဲဒါတွေ မလုပ်တတ်လို့ CD လေး လုပ်ပေးပါဦး၊ ဟိုမှတ်တမ်းလေး သိမ်းပေးပါဦးနဲ့ နှိပ်စက်နေကျ ကူညီနေကျ မိတ်ဆွေကိုမှ သွားစမ်းလေတော့ ဖုန်းဆက် သတိပေးလာတာပေါ့။ ဒီလို ၀င်ထွက်တာ ခံရပြီ ဆိုရင် အဖိုးတန်တဲ့ ဘဏ်စာရင်း၊ ပစ္စည်းစာရင်းတွေ ခိုးယူ စာရင်းဖျောက်တတ်တယ်လို့ ဆိုပါတယ်။ မြန်မာခလေးတွေ ဒါမျိုး မလုပ်မိပါစေနဲ့လို့ ပြောချင်တာပါဘဲလေ။ မာအေးမို့လို့ အထင်တကြီးနဲ့ ၀င်ရှာရင် ခမျာ သနားသွားရှာမှာ သေချာတယ်။
အသပြာထက် အလင်္ကါမက်သူမို့ တက်ချင်တဲ့ဖိုင်တက် သီချင်းတွေဘဲထွက်လာလိမ့်မယ်။

အဲ – သီချင်းတွေဘဲ ထွက်မယ်ဆိုမှ သတိရတော့တယ်ရှင်။ မာအေးရဲ့ သီချင်းတပုဒ် ဒီနှစ် (၁၉)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကြီးမှာ ပြန်ပြီး ရွေးခြယ်ထားတဲ့အကြောင်း ဒီ သြဂုတ်လ (၁၈) ရက်နေ့ထုတ်  ကြေးမုံသတင်းစာမှာ ဖတ်ခဲ့ရပါတယ်။ အမျိုးသမီးဝါသနာရှင် ပထမတန်းအဆင့် အဆိုပြိုင်သူများအတွက် ပြဋ္ဌာန်းထားတဲ့ သီချင်း (၁၀) ပုဒ်ထဲမှာ တွေ့ရတာပါ။ အဲဒီသီချင်းကတော့ စန္ဒရားချစ်ဆွေ ရေးစပ်ထားခဲ့တဲ့ “ပိတောက်လမ်း” ဖြစ်ပါတယ်။ ပြိုင်ပွဲခေါင်းစဉ်ဟာ “မြန်မာတိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ” တဲ့။ မာအေးက ပြိုင်ပွဲ (၂) (၃) နဲ့ (၄)တုန်းက အဆိုအဖွဲ့ရဲ့ အတွင်းရေးမှူး လုပ်ပေးခဲ့တာ ခု အကြိမ်က (၁၉) နံပါတ် ဆိုတော့ ဘာတွေ ပြောင်းသွားသလဲ မျက်ခြေပြတ်သလောက် ရှိနေပြီပေါ့။
သီချင်းစာရင်းခေါင်းစဉ်မှာဆိုရင်လဲ ခေတ်ဟောင်းတေး/ကါလပေါ်တေး – ၂ မျိုး တွဲလျက် ဖေါ်ပြပြီး သီချင်းအမည်တွေကိုလဲ ခေတ်ဟောင်းနဲ့ ကါလပေါ် ရောပြီး ဖေါ်ပြထားတာ ဆိုတော့ ပြဋ္ဌာန်းတဲ့ သီချင်း (၁၀)ပုဒ်လုံး ကျက်မှတ်ရမယ့်သဘောပေါ့။ ဟိုတုန်းက သီချင်း (၅)ပုဒ်စီ ကျက်မှတ်ရတာတောင် အတော် ပင်ပမ်းတာပါ။ ဆယ်ပုဒ်မှာ တပုဒ် ကျရာ ဆိုကြဘို့ လုပ်ရရင် ပိုဆိုးမယ် ထင်ပါတယ်။

ပြိုင်ရမှာက အောက်တိုဘာ ဆိုတော့ ကြားမှာ တလလောက်ပဲ လေ့ကျင့်ခွင့်ရမှာပါ။ ပျမ်းမျှ သီချင်းတပုဒ် သုံးရက်ထား လေ့ကျင့်မှ မီလိမ့်မယ်။ ဂီတလုင်မောင်ကိုကို အဖွဲ့က အသံလွှင့်ခဲ့တဲ့ ‘ဂီတအခြေခံ’ သီချင်းကိုလဲ ၀ါသနာရှင်တွေ တဦးချင်း ဆိုဘို့ မကိုက်နိုင်ပါဘူး။

မဟာဂီတက သီချင်းပုဒ် အစုံပါပြီး အချိန် ရှည်ပါတယ်။ ပင်တိုင်အဆိုပေါ်မှာ  အသံကို နင်းပြီး ၀င်ရတဲ့ အပိုဒ်တွေနဲ့ ကူးယှက်ထားတဲ့ ဒီသီချင်း မဲမကျပါစေနဲ့လို့ ကလေးတို့ကိုယ်စား ဆုတောင်းပေးရဦးမယ်။ ကိုယ့်သီချင်းကလဲ ပိတောက်လမ်းမို့ ခက်တာဘဲ။ အခက်အခဲ ရှိနိုင်တဲ့ နေရာလေးတွေ ပြောပေးမယ်လို့ စိတ်ကူးမိနေပါတယ်။ နောက်တပါတ်ကျ နားထောင်နေပေါ့နော်။

ပိတောက်လမ်း ဆိုရအောင်

ပိတောက်လမ်း ဆိုရအောင် – ၂

ပိတောက်လမ်း ဆိုရအောင် – ၃

ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။

စာစီစာရိုက် လုပ်အားပေး- မျိုးဇော်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts