နိုဝင်ဘာ ၁၁၊ ၂၀၁၂
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းခြင်း”
“၁၉၈၈ စက်တင်ဘာ သွေးချောင်းစီးသောအာဏာသိမ်းပွဲနှင့် ကျောင်းသားများ လက်နက်ကိုင်ကြခြင်း”
ကျနော်တို့ပေါင်းတည်မြို့နယ်မှာ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံအတွင်းမှာရော၊ စစ်တပ်က အာဏာသိမ်းတဲ့အချိန်မှာရော၊ အသေအ ပျောက်မရှိခဲ့ပေမယ့် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပြည် စတဲ့မြို့ကြီးတွေမှာ စစ်တပ်ကအာဏာသိမ်းချိန်မှာ သွေးချောင်းစီးခဲ့ကြပါတယ်။ လူထုက စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ခုခံမှုတွေရှိခဲ့ပါတယ်။ ၁၉၈၈ စက်တင်ဘာ (၁၈) ရက်ညနေမှာ ရန်ကုန်စစ်ရုံးချုပ်ရှေ့က တိရိ စ္ဆာန်ရုံနဲ့ ဖဆပလကွက်သစ်အကြား ကျောက်တိုင်ကွပ်လပ်မှာ လူအုပ်ဟာ အကြီးကျယ်ဆုံးပါပဲ။
စစ်ရုံးချုပ်ကလည်း ခုလိုအုတ်တံတိုင်းတွေ မကာရသေးပါဘူး။ ကျောက်တိုင်နားမှာ စစ်ရုံးဝင်းထဲကိုဝင်တဲ့ မလွယ်ပေါက်ရှိပါတယ်။ ဒီအနား က အကာအရံတွေဟာ အလွယ်တကူ ဖျက်ဆီးနိုင်တဲ့အနေအထားပါ။
စစ်ရုံးကလည်း စမပြစ်ရဲပါဘူး။ စစ်ရုံးတခုလုံးကို ဆန္ဒပြလူထုက အသေခံဝင်စီးမယ်ဆိုရင် ဒီနေရာမှာ အတော်ကြီးမားတဲ့ လူသတ်ကွင်းကြီး ဖြစ်နိုင်သလို..စစ်ရုံးချုပ်ပြာကျသွားနိုင်ပါတယ်။ ဒီလူအုပ်ကြီးဆီကို ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရောက်လာတယ်လို့ကြားရပါ တယ်။ ညနေ (၇) နာရီလောက်မှာ ပြန်သွားတယ်လို့သိရပါတယ်။
တခြားတနေရာက အမေရိကန်သံရုံးရှေ့မှာလည်း လူအုပ်ကြီးရှိနေပါတယ်။ နိုင်ငံတကာ သံတမန်ရုံးတွေရှေ့မှာတော့ ပစ်ခတ်မှုတွေ အ လွယ်တကူ မလုပ်လောက်ဘူးလို့ထင်ရပေမယ့် အဲဒီနေရာမှာ ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။ နောက်ဆုံး ၁၉၈၈ စက်တင်ဘာ စစ်တပ်အာဏာ သိမ်းမှုမှာ ဒီပစ်ခတ်မှု အပါအ၀င် လူတသောင်းကျော် ထိခိုက်သေကြေတယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ တခြား မြို့ကြီးတွေမှာလည်း ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။ကျနော်တို့နဲ့နီးတဲ့ ပြည်မြို့မှာတောင် စစ်တပ်က ပစ်ခတ်ဝင်လာတာကြောင့် ကိုယ့်အိမ် အ ပေါ်ထပ်မှာ အေးအေးဆေးဆေး နေနေတဲ့ ကျောင်းသူငယ်ကလေးတဦး သေဆုံးသွားကြောင်းသိရပါတယ်။ ဒီလို သေဆုံးမှုတွေကို တိတ် တဆိတ်သင်္ဂြိုလ်ခိုင်းတယ်ဆိုတဲ့သတင်းတွေလည်း ကြားရတော့ လူတွေ စိတ်ထိခိုက်နာကျင်ခဲ့ကြရပါတယ်။
၁၉၈၈..ပြည်သူ့အရေးတော်ပုံကြီးမှာပါဝင်ခဲ့ကြတဲ့ ကျောင်းသားတွေ၊ ဆရာဝန်တွေ၊ ရှေ့နေတွေ၊ ၀န်ထမ်းတွေ စတဲ့သူအများအပြားဟာ လည်း သူပုန်ဌာနတွေဆီ ထွက်ပြေးခိုလှုံကြပါတယ်။ ဒီတခါခိုဝင်ကြတဲ့နေရာဟာ ကွန်မြူနစ်ဗကပနေရာတွေကိုမဟုတ်ပဲ ကေအင်ယူ က ရင် သူပုန်များနဲ့ ကေအင်စီ ကချင်သူပုန်များဆီကို ခိုဝင်ကြတာများပါတယ်။ ကေအင်ယူ ကရင်သူပုန်များက ထိုင်းနယ်စပ်မှာလက်ခံပြီး စစ်ရေးလေ့ကျင့်မှုတွေလုပ်ပေးကြပါတယ်။ တချို့ကတော့ နယ်စပ်ရဲ့ငှက်ဖျားဒဏ်ကိုခံကြရပြီး ပြန်ဝင်လာသူတွေလည်း ရှိပါတယ်။ အေ ဘီအက် (ဖ်) အက်စ်ယူ (ဗကသများအဖွဲ့ ချုပ်) ကတော့ အဲဒီမှာပဲအခြေချပြီး အဲဒီမှာရှိတဲ့ မူလကျောင်းသားသူပုန်အဖွဲ့များနဲ့ အေဘီအက်စ် ဒီအက်ဖ် (All Burma Student’s Democratic Front) ကို ဖွဲ့ စည်းလိုက်ကြပါတယ်။ ပြည်တွင်းစစ်မီးတောက်တစ်ခု ဖြစ်လာခဲ့ပါတယ်။
ဒီအချိန်မှာပဲ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်မှုကော်မတီလို့ခေါ်တဲ့ (ပြည်သူအများကတော့ ငြိမ်ပိလို့ အတိုခေါ်ကြပါတယ်) န၀တ က ရွေးကောက်ပွဲကျင်းပဖို့ အကြိုလုပ်ငန်းတွေ လုပ်လာပါတယ်။ ၁၉၈၈ စက်တင်ဘာ (၂၇) ရက်နေ့မှာတော့ န၀တက ဖွဲ့ထားတဲ့ ရွေး ကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်အက်ဥပဒေ ကို ကြေညာလိုက်ပါတယ်။ နိုင်ငံရေးပါတီများဖွဲ့စည်းပြီး မှတ်ပုံတင်နိုင်ပေ မယ့် န၀တလို့ခေါ်တဲ့ စစ်အစိုးရက စစ်တပ်အာဏာသိမ်းကတည်းက ထုတ်ပြန်ထားတဲ့ ကာဖျူးလို့ခေါ်တဲ့ ညမထွက်ရအမိန့် နဲ့ လူငါးဦးထက် ပိုပြီးစုစည်းခွင့်မရှိဆိုတဲ့ (၂/၈၈) ကိုတော့ မရုပ်သိမ်းပါ။
ရန်ကုန်မှာ အောင်စုတင်လို့ခေါ်တဲ့ ဦးအောင်ကြီးရယ် ဒေါ်အောင်ဆန်းစုကြည်ရယ် ဦးတင်ဦးရယ်စုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဆိုတဲ့ အမည်နဲ့ စက်တင်ဘာ (၂၇) ရက်နေ့မှာပဲ ကော်မရှင်မှာ မှတ်ပုံတင်လိုက်ပါတယ်။ ဘယ်သူတွေပါတယ်ရယ်လို့ တိတိကျကျ သတင်းမရသေး ပါ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကလည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီလို့အမည်ပြောင်းပြီး မှတ်ပုံတင်တယ်လို့ သတင်းတွေ မှာ ပါလာပါတယ်။တခြားပါတီတွေလည်း မှတ်ပုံတင်ကြတယ်ဆိုတော့ ကျနော်လည်း မြို့ကလူငယ်များနဲ့ တိုင်ပင်ပြီး ရန်ကုန်က ဘယ်ပါတီ နဲ့ဆက်သွယ်ရရင်ကောင်းမလဲလို့ စုံစမ်းရအောင် ရန်ကုန်ဆင်းပါတယ်။ မီးရထားတွေမထွက်သေးလို့မျှစ်တင်တဲ့ကုန်ကားကြီးကိုစီးပြီး လိုက် ရပါတယ်။
အဲဒီအချိန်က ရန်ကုန်ကိုစားသောက်ကုန်ပို့ရင် ရန်ကုန်ကျတော့ ဓါတ်ဆီဒီဇယ်ဝယ်ခွင့်ရလို့ ရန်ကုန်ကို စားသောက်ကုန်ပို့တဲ့ကားတွေပဲ ထွက်နိုင်တာပါ။ ကျနော်ရယ် ပြန်/သံက ကိုမြင့်စိုးရယ်..ကျနော့်တူ ကိုအောင်မိုးမြင့်ရယ် သုံးယောက်ပေါ့။ သူတို့နှစ်ယောက်က အရေးအခင်း ကာလမှာမြို့ကလူငယ်တွေနဲ့စုပြီး ရန်ကုန်ကိုဆင်းဖူးတယ်။ ဒီတော့အရေးအခင်းကာလအတွင်း လူငယ်ကျောင်းသားတွေနဲ့ အဆက်ရှိ မယ် ပေါ့။ ကျနော်ကတော့အခြေအနေအရ တက္ကသိုလ်ကျောင်းသားတုံးက တွဲခဲ့တဲ့သူတွေကို ရှာကြည့်မယ်ပေါ့။ ထုံးစံအတိုင်း ရန်ကုန်မှာ တည်း ခိုတဲ့နေရာနဲ့လည်းနီး၊ မကြာခဏ အဆက်အသွယ်လည်းရှိတဲ့ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဘကောင်းရှိတဲ့ ကြည့်မြင်တိုင်ကို အရင် သွားလိုက်တယ်။
ကျနော်တို့လူဟောင်းတွေ အခု ဘယ်အဖွဲ့ တွေမှာဝင်လုပ်နေကြလဲလို့ မေးကြည့်ပါတယ်။ “ကျနော်တို့လူတွေ တော်တော်များများကတော့ ပီသုံးလုံးလို့ခေါ်တဲ့ ပြည်သူ့တိုးတက်ရေးပါတီပဲဗျ။ ကိုခင်မောင်မြင့်က ဥက္ကဌ၊ ကိုလှရွှေက အတွင်းရေးမှူး၊ ကိုညိုဝင်း တို့ ဘိုကလေးကိုလှကြည် တို့လည်းပါတယ်။ ဒါပေမယ့် အခုလူကြိုက်များနေတဲ့ပါတီကတော့ အောင်ဆန်းစုကြည်ပါတီပဲ။ အဲဒီမှာ မြင့်မြင့်ခင်တို့ ကိုတင်ရွှေတို့ ကိုတင် ထွတ်တို့ ကိုယုတို့ တွေရှိတယ်။သူတို့ဌာနချုပ်က တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်ခင်ကြည်အိမ်ဘေးမှာကပ်နေတဲ့ တိုက်ကလေးပဲ။ ဒီပြင် ဟာတွေတော့ ကျနော်မသိဘူး။ ကိုတင်ထွတ်ကတော့ ဒေါ်အောင်ဆန်းစုကြည်အနားမှာ အမြဲတမ်းရှိတယ်။ ရုံးရောက်ရင် သူ့မေးပြီးဝင်ပေါ့” လို့ညွှန်ပါတယ်။
++++++
“တက္ကသိုလ်ရိပ်သာလမ်း မြင်ကွင်း”
အဲဒီညက ညမထွက်ရမို့  စောစောအိပ်ပြီး နောက်တနေ့ မနက်မှာ ကျနော်က တက္ကသိုလ်ရိပ်သာလမ်းကို သွားမယ်။သူတို့လူငယ်နှစ်ယောက်က အရေးအခင်းကာလအတွင်းက ဆက်သွယ်မိခဲ့တဲ့ကျောင်းသားလူငယ်တွေဆီကို သွားတွေ့မယ်ဆိုပြီး လူခွဲထွက်ခဲ့တယ်။
တက္ကသိုလ်ရိပ်သာလမ်းအတိုင်း ပြေးဆွဲတဲ့ နံပါတ် (၁၂) ဘတ်စ်ကားက ကုက္ကိုင်းလမ်းဆုံမှတ်တိုင်မှာရပ်လို့ဆင်းလိုက်တော့ အဲဒီအနားမှာ လူအတော်စည်ကားနေပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဆိုင်းဘုတ်တင်ထားတဲ့ နှစ်ထပ်တိုက်ကလေးမှာတော့ လူတွေအုံခဲနေရုံမက အနားက လမ်းဘေးသစ်ပင်ရိပ်တွေမှာထိုင်နေတဲ့ လူအုပ်စုအချို့ကို တွေ့ရပါတယ်။ ဟိုဟိုဒီဒီ ပျားပန်းခပ်လှုပ်ရှားနေတဲ့ လူအုပ်ကိုတွေ့တော့ န၀တကထုတ်ထားတဲ့ လူငါးယောက်ထက် ပိုမစုရဆိုတဲ့အမိန့်ဟာ ဒီနေရာမှာ ဘာမှမဟုတ်တော့ပါလားလို့ အောက်မေ့မိပါတယ်။ ပွဲတော် ကလေးတခုလို စည်ကားနေပါတယ်။
လူအုပ်ကို တိုးဝှေ့ပြီး အထဲကိုဝင်ဖို့  မနဲကြိုးစားရပါတယ်။ အထဲရောက်တော့ စားပွဲတလုံးက လူတယောက်က ဦးတင်ထွတ် မလာသေးဘူး လို့ ပြောလို့ ပြန်အထွက်မှာ..”ဟေး..အကိုနိုင်” လို့ လှမ်းခေါ်သံကြားလို့လှည့်ကြည့်တော့ ပဲခူးက ကိုစိုးသိမ်းကို တွေ့လိုက်ရပါတယ်။ သူ က ကျနော့်ထက် အတော်ငယ်ပါတယ်။
ကျနော် ဘီအီးဒီပြန်တက်မှ တကောင်းကျောင်းဆောင်မှာ အခန်းချင်းကပ်ရက်နေပြီး ခင်မင်လာသူပါ။ အခုတော့ စာရေးဆရာ သတင်းစာ ဆရာမောင်ဝံသဆိုပြီး နာမယ်ကြီးနေပါပြီ။ သူကဆွဲခေါ်ပြီး ရုံးဘေးလက်ဘက်ရည်ဆိုင်မှာထိုင်ကြပြီး တယောက်အကြောင်း တယောက် ပြောကြရင်း သူကရှင်းပြလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လူတွေက အောင်စုတင်လို့ခေါ်ပေမယ့် တကယ်က ဒေါ်အောင်ဆန်းစုကြည် ရဲ့အမြုတေအမာခံက တတ်သိပညာရှင်များအုပ်စုဖြစ်တယ်။ တတ်သိပညာရှင်အုပ်စုမှာ စာရေးဆရာ၊ သတင်းစာဆရာ၊ ရုပ်ရှင်ဒါရိုက်တာ၊သရုပ်ဆောင်တွေ၊ ဥပဒေပညာရှင်တွေ၊ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ကျောင်းဆရာတွေ၊ အများစုဖြစ်ပြီး ဦးအောင်ကြီးအုပ်စုမှာတော့ ပုဂိုလ်တဦးချင်းအလိုက် စစ်ဗိုလ်ဟောင်းတချို့ ၊ ပါမောက္ခဟောင်းတချို့ ၊ ရဲမင်းကြီးဟောင်းတွေ စတာတွေပါတယ်။ အုပ်စု မဆန်ဘူး။ တဦး ချင်းသဘောဆောင်တယ်။ ဦးတင်ဦးအုပ်စုကတော့ အရေးအခင်းအတွင်းမှာပါတဲ့ တပ်မှူးဟောင်းများအလွှာတွေချည်းပါတယ်ဆိုတာ သိခဲ့ ရပါတယ်။
နောက်ပြီး စီအီးစီလို့ခေါ်တဲ့ ဗဟိုအလုပ်အမှုဆောင် (၁၂) ဦးမှာ တတ်သိပညာရှင်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဒေါ်မြင့်မြင့် ခင်နဲ့ ရုပ်ရှင်မင်းသားကြီး ဦးအောင်လွင်တို့ပါတာရယ်၊ ဗဟိုကော်မတီ (၃၀) မှာ တတ်သိပညာရှင်များအုပ်စုက စာရေးဆရာမောင်သော်က၊စာရေးဆရာဥပဒေပညာရှင် ဦးကိုယု(စာရေးဆရာမောင်သစ်)၊ ရုပ်ရှင်ဒါရိုက်တာ ဦးမိုးသူ၊ စာရေးဆရာ စီးပွါးရေးပညာရှင် ဦချမ်းအေး (မောင်စူးစမ်း)၊ ဒေါက်တာတင်မျိုးဝင်း၊ ဒေါက်တာသက်ဝင်း၊ ဥပဒေပညာရှင် ဦးတင်ရွှေ (မုံရွာ) နဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ပြည် တွင်း ငြိမ်းချမ်းရေးအဖွဲ့ မှာ အတွင်းရေးမှူးလုပ်ခဲ့တဲ့ ရှေ့နေကြီးဦးထွန်းတင်တို့ပါကြောင်းတွေကို သိခဲ့ရတယ်။ သူ (မောင်ဝံသ) ကိုယ် တိုင်လည်း တိုင်းအဖွဲ့ မှာပါမယ်ဆိုတာ သိရပါတယ်။ စီအီးစီ မှာ တစ်ဖွဲ့ (၄) ယောက်စီ၊ စီစီလို့ခေါ်တဲ့ ဗဟိုကော်မတီမှာ တစ်ဖွဲ့  (၁၀) ယောက်စီ ရှိတယ်ဆိုတာတွေ သိလာရတယ်။ သူနဲ့စကားပြောနေတုံး ဦးဝင်းတင်ဝင်လာလို့ မောင်ဝံသက “အကိုနိုင် ဦးဝင်းတင်ကိုသိလား” လို့ဆိုတော့ သူရေးတဲ့စာတွေ ဖတ်ဖူးတယ်။ လူတော့မသိဘူးဆိုလို့ မောင်ဝံသက ဦးဝင်းတင်စားပွဲကိုခေါ်သွားပြီး မိတ်ဆက်ပေးပါတယ်။ ဒီအချိန်မှာ ဦးဝင်းတင်က အရမ်းအလုပ်ရှုပ်နေချိန်မို့ ဦးဝင်းတင်နဲ့လက်ဆွဲနှုတ်ဆက်ရုံလုပ်ပြီး အပြင်ပြန်ထွက်ခဲ့ကြတယ်။
အပြင်မှာ ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်နေတုံး.. “ဟေး …ကိုအုန်းနိုင်ကြီး…လာဒီကိုလာ” လို့ အနားကလှမ်းခေါ်သံကြားပြန် ပါတယ်။ ယိုးဒယားသံမှူးရဲ့  အိမ်ရှေ့ကသစ်ပင်ရိပ်မှာ ထိုင်နေကြသူတွေထဲကပါ။ လှမ်းကြည့်လိုက်တော့ မျက်မှန်ဝင်းဝင်းပါးခွက်ခွက်နဲ့ လူ တယောက်က လက်ယပ်ခေါ်နေတာကို တွေ့လိုက်ရပါတယ်။ ကျနော် သူ့ကိုသိပါတယ်။
ဒါပေမယ့် နာမည်ကို ရုတ်တရက်စဉ်းစားမရပါ။ သူက တရင်းတနှီးခေါ်နေတာမို့  သူ့ဆီကိုသွားနေတုန်းလမ်းတဖက်က ကူးလာတဲ့ ကိုလှရွှေ ကို သွားတွေ့ ပါတယ်။ သူက” ကိုအုန်းနိုင်ကြီးနဲ့ ကိုတင်မောင်ဝင်းတို့က ဒီရောက်နေတာကိုးဗျ” လို့ နှုတ်ဆက်မေးလေးမေးလိုက်တော့မှ ခရမ်းကိုတင်မောင်ဝင်းကို နာမည်မှတ်မိသွားပါတယ်။ ကျနော် ဘီအီးဒီပြန်တက်တဲ့ ၁၉၆၂ ခုနှစ်လောက်မှာ သူတို့က ယူနီယံမှာ လုပ်နေကြ ပါပြီ။ ဘီအီးဒီ မတက်ခင်ကလည်း ရန်ကုန်ရောက်တိုင်း ယူနီယံရောက်တာမို့ သူတို့နဲ့က မျက်မှန်းတန်းမိနေတာပါ။
ကိုတင်မောင်ဝင်းက “ဒီလိုပဲ လေ့လာနေတာပေါ့ဗျာ” လို့ ကိုလှရွှေကို ပြန်ပြောပါတယ်။ ကျနော်လည်း ဒီသဘောပါပဲ။ တကယ်က ကိုလှရွှေ နဲ့လည်း လူချင်းက လူရင်းတွေမဟုတ်လား။ ဒီအမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်မှာတွေ့ ရမယ့် ဒေါ်မြင့်မြင့်ခင်တို့ ဦးကိုယုတို့ ကိုတင်ရွှေကြီး တို့ဆိုတာလည်း ကျောင်းတုန်းက လူရင်းတွေပဲလေ။ ဒီလိုနဲ့ ၁၉၈၈ အရေးအခင်းကာလအကြောင်း၊ ကိုယ်ပါဝင်ခဲ့ကြတဲ့ကဏ္ဍ ကိုယ်ပြော ပြကြနဲ့ ၀ိုင်းကောင်းနေတုံး ကြို့ပင်ကောက်က ကိုအုန်းကျော်ဆိုတဲ့သူတယောက် ၀ိုင်းထဲဝင်လာပါတယ်။ သူက ကျနော့်ကိုသိပါတယ်။ ကို လှရွှေကလည်း ကိုအုန်းကျော်ကို မှတ်မိတယ်။ ဗကသတုန်းကသိတာပါ။ အခုတော့ တိုက်ပုံအနက် ဂုတ်စထောင်ကလေးနဲ့မို့  ရှေ့နေဖြစ်နေ ပုံရပါတယ်။ ကိုလှရွှေက သူတို့လည်း ပီသုံးလုံးဖွဲ့ ထားတဲ့အကြောင်းပြောလို့ လိပ်စာမေးထားပြီး လာခဲ့ဦးမယ်လို့ပြောခဲ့ပါတယ်။
တော်တော်ကြာတော့ ကိုတင်ထွတ်ကို မြင်လို့သွားနှုတ်ဆက်ပါတယ်။ သူကလည်းရေးကြီးသုတ်ပျာပါ။ ရပ်စကားမပြောနိုင်ပါ။ လာလိုက်ခဲ့ ဦးဗျာဆိုပြီး ဂျစ်ကားတစီးဆီကို ခေါ်သွားပါတယ်။
ဂျစ်ကားပေါ်မှာတော့ ဦးကိုယုရော၊ ဒေါ်မြင့်မြင့်ခင်ကိုပါ တွေ့လိုက်ရပါတယ်။ ကားက ဒေါ်အောင်ဆန်းစုကြည်ခြံထဲကိုမောင်းဝင်ပြီး အ ဆောက်အဦတခုရှေ့မှာ ရပ်တယ်။ ကားပေါ်က ဆင်းပြီးဝင်ထိုင်ကြတော့ ကျနော်လိုက်လို့ ဖြစ်ပါ့မလားလို့ မေးရသေးတယ်။ လာပါ ဖြစ်ပါ တယ်ဗျာလို့ ကိုယုကပြောပြီး ဆရာကြီးကော ဘယ်လိုလဲလို့ မေးပါတယ်။ ကိုယုက ဆရာကြီးလို့ခေါ်တာက ကျနော်ကို ကျောင်းအုပ်ဆရာကြီး မှန်းသိလို့ ခေါ်တာမဟုတ်ပါ။ မျက်မှန်းတန်းမိတဲ့ ရဲဘော်ဟောင်းချင်း ရမ်းခေါ်လိုက်တဲ့သဘောပါ။ ကျနော်လည်း သူတို့နဲ့တွေ့တုန်း ကျနော် တို့နယ်အဖွဲ့တွေ ဘယ်လိုဖွဲ့ ရမလဲ။
ပြီးတော့လဲ ရှင်းရှင်းပြောရရင် လာတုံးက ဘယ်အဖွဲ့ နဲ့ ဆက်သွယ်ရမလဲပေါ့ဗျာလို့ပြောတော့ ကိုတင်ထွတ်က နယ်တွေကို ပုံစံတွေ ဖြန့် ရမယ်။ ပုံစံက အလကားတော့ မဖြန့်နိုင်ဘူး။ ပိုက်ဆံပေးပြီး ၀ယ်သွားရမယ်။ အခုဖြစ်နေတာက ပုံစံကရိုက်မလောက် ဖြစ်နေတယ်။ အခု လောလောဆည်လဲ ပေးစရာမရှိသေးဘူးလို့ပြောပါတယ်။ ဒေါ်မြင့်မြင့်ခင်ကလည်း နာမည်တခုကိုပြောပြီး သူပုံစံတွေကြားက ဖြတ်ရောင်း နေတာ ရှင်တို့သိလားလို့မေးတယ်။ ပြီးတော့ စားပွဲပေါ်က တယ်လီဖုန်းခွက်ကြီးကိုကိုင်ပြီး ဒါကြီးကကော အသံမထွက်သေးဘူးလား..ဆို ပြီး လောလောဆည် ကျနော်နားမလည်နိုင်သေးတဲ့ လူတွေရဲ့အကြောင်းတွေကို ဆွေးနွေးပြောဆိုနေကြတယ်။ ကျနော့်မြို့အခြေအနေကို လည်း မေးတယ်။ ဒီလိုနဲ့တက္ကသိုလ်တုံးက အတူတူတွဲလုပ်ခဲ့ဖူးတဲ့သူတွေ အများဆုံးပါတဲ့ ဒီအဖွဲ့နဲ့ပဲ ဆက်ဖို့  ယာယီဆုံးဖြတ်မိပါတယ်။ သူ တို့မှာလည်း ပုံစံတွေ အဆင်သင့်မရှိသေးလို့ မနက်ဖန်မှာ ပုံစံရနိုင်မလားဆိုတာမေးပြီး ပြန်ထွက်ခဲ့ပါတယ်။
နောက်တနေ့ မှာတော့ ကိုမြင့်စိုး၊ ကိုအောင်မိုးမြင့်တို့ကိုခေါ်ပြီး မနေ့က လိပ်စာရခဲ့တဲ့ ပီသုံးလုံးအဖွဲ့ ရှိရာ ရန်ကုန်အရှေ့ပိုင်း ဗိုလ်တထောင် မြို့ နယ်ကို ထွက်ခဲ့ကြပါတယ်။ လမ်း (၄၀) ကျော်ကျော်လောက်မှာပါ။ ပြည်သူ့တိုးတက်ရေးပါတီ (People’s Prograssive Party) ဆိုတဲ့ ဆိုင်းဘုတ်ကတိုက်ခန်းတခုရဲ့  ပထမထပ်မှာချိတ်ထားလို့ လှေကားအတိုင်းတက်သွားပြီး တံခါးခေါက်တော့အသက် ၅၀ လောက် ကရင် အမျိုးသမီးကြီးလိုလို အမျိုးသမီးကြီးတယောက်က တံခါးလာဖွင့်ပေးပါတယ်။ ဒီအိမ်က ပြည်သူ့တိုးတက်ရေးပါတီအဖွဲ့ရုံးခန်း လားလို့မေး တော့ ဟုတ်ပါတယ်တဲ့။ ကိုလှရွှေတို့ ကိုလှကြည်တို့ ကိုညိုဝင်းတို့ မရှိဘူးလားလို့မေးတော့ မရှိဘူးလို့ပြန်ဖြေပါတယ်။ ကိုလှကြည်က ဘိုက လေးပြန်သွားတယ်တဲ့။ ဘာကိစ္စရှိလဲလို့ မေးပါတယ်။ ပါတီဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး ဆွေးနွေးချင်လိုပါဆိုတော့ ညနေပိုင်းကျရင် ဦးခင်မောင် မြင့် ရှိမယ်တဲ့။ ဒါဖြင့် ညနေမှပဲ ပြန်လာတော့မယ်လို့နှုတ်ဆက်ပြီး ပြန်ဆင်းလာခဲ့ပါတယ်။ မနေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရှေ့က မြင်ကွင်းနဲ့တော့ ကွာနေပါတယ်။ ဒါနဲ့လူငယ် နှစ်ယောက်နဲ့အတူ တက္ကသိုလ်ရိပ်သာလမ်းဖက် ဆက်ထွက်ခဲ့ပါတယ်။ လမ်းမှာ မနေ့ကသူတို့ ရောက်ခဲ့တဲ့ နေရာတွေနဲ့တွေ့ ခဲ့တဲ့သူတွေအကြောင်းမေးကြည့်တော့ သူတို့ကျောင်းသားတွေနဲ့ တွေ့ခဲ့ပြီး ကျောင်းသားအဖွဲ့ တဖွဲ့ ဖွဲ့ ဖို့ကြိုး စားနေတယ်ဆိုတာပဲ သိခဲ့ရကြောင်းပြောပါတယ်။ သူတို့ကိုလည်း တခြားသူတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ပဲ ဆက်သွယ်ဖို့အကြံ ပေးကြတယ်လို့ ပြောပြကြပါတယ်..။