သတင်းဆောင်းပါး

အိုဘားမားအနိုင်ရပြီး ၂၀၁၂ ရွေးကောက်ပွဲအလွန် အမေရိကန်ပြည် ဘာလဲ၊ ဘယ်လဲ

အိုဘားမားအနိုင်ရပြီး ၂၀၁၂ ရွေးကောက်ပွဲအလွန် အမေရိကန်ပြည် ဘာလဲ၊ ဘယ်လဲ

နိုင်ငံတကာသာဂိ၊ နိုဝင်ဘာ ၈၊ ၂၀၁၂

            ၂၀၁၂ အမေရိကန်ရွေးကောက်ပွဲအကြောင်း ရေးဖို့ ၂၀၁၀ ကတည်းက တာဝန်ယူထားသော်လည်း ၂၀၁၂ အနီးကပ်မှ အတော်တွန်းရေးဖြစ်တယ်။ မရေးလိုက်မိလို့ နောက်မှ လိုက်ရေးရရင် ဖြစ်ပျက်သမျှ အမှတ်ရသမျှတွေ မစုံလင်မှာ စိုးတာလည်း ပါတယ်။ မတော်တဆ အိုဘားမားများ ရှုံးသွားခဲ့ရင် ငါ မရေးခဲ့မိလေခြင်းဆိုပြီး စိတ်နာမိမှာလည်း စိုးတယ်။ အခုတော့ အိုဘားမား နိုင်သွားပြန်တော့ အင်း … ငါရေးမိတာတွေ တော်သေးတာပေါ့လေလို့ စိတ်သက်သာရပါတယ်။

စာရေးတဲ့ သက်တမ်းတလျောက်လုံး မြန်မာပြည်နဲ့ ပတ်သက်နဲ့ ဆောင်းပါးတွေဆိုတာ အနိုင်ရတဲ့ဖက်က တခါမှ ရေးခဲ့ဖူးတာ မရှိဘူး။ အရှုံးနဲ့ ရင်ဆိုင်ရသမျှတွေ ရေးခဲ့ရတာ အနှစ် ၂၀ ကျော်ပြီ။ မိမိတို့၏ ရင်ဆိုင်နေရသော ခါးစည်းထားသော အရှုံးများ၊ အကျအဆုံးများ၊ အလျော့ပေးထားမှုများ၊ လိုက်လျောမှုများ၊ အလံဖြူများ … ဒါတွေကိုပဲ ရေးနေရတော့ တခါတလေ သူများတိုင်းပြည်က သူများတွေ အနိုင်ရတာလေး ရေးရတာလည်း အရသာတမျိုးပဲ။

ကဲ ၂၀၁၂ အမေရိကန် ရွေးကောက်ပွဲ ပြီးပြီ၊ လက်ရှိသမ္မတ အိုဘားမား နောက်ထပ်သက်တမ်း ၄ နှစ်အတွက် အရွေးခံလိုက်ရပြီ။ ပြိုင်ဖက် ရှေးရိုးစွဲ လက်ယာစွန်း အရင်းရှင်ဘက်တော်သား မစ်ရော်နီတို့ ရှုံးသွားပြီ။ သို့သော် … ရွေးကောက်ပွဲအလွန်မှာ ဘာတွေ မှတ်သားစရာတွေ၊ ဝေါဟာရတွေ ရလိုက်သလဲ။

ရွေးကောက်ပွဲအတွက် မဲဆွယ်သုံးငွေ က ၂ ဖက်စလုံးက အမေရိကန်သန်း ၁ထောင်ဆီ သုံးကြတယ်။ ၁ ဘီလျံပေါ့။ အဲသည် မဲဆွယ်ပွဲတွေ၊ ကြော်ငြာတွေ၊ တီဗီ၊ ရေဒီယို၊ သတင်းစာထဲမှာ ၀ါဒဖြန့်တာတွေ၊ လုပ်အားပေးတွေနဲ့ စည်းရုံးမဲဆွယ်တာတွေဟာ အပြတ်အသတ် သုံးစွဲခဲ့ကြတယ်။

            ရွေးကောက်ပွဲနိုင်တော့ ဘယ်လို အနိုင်ယူသလဲ၊ ဘယ်လို အရှုံးပေးသလဲ – မစ်ရော်နီက သူ့ပရိသတ်ရှေ့ကို ထွက်လာပြီး အားလုံးကို ကျေးဇူးတင်စကားပြောတယ်။ အနိုင်ရသူကို ချီးမွန်းတယ်။ ပြီင်္းတော့ ပါတီအရေးကို နောက်တန်းထား၊ နိုင်ငံအရေးကို ရှေ့တန်းပို့ပြီး တစည်းတလုံးတည်း လုပ်ကြဖို့ တိုက်တွန်းတယ်။ အိုဘားမားက မဲဆန္ဒရှင်တွေကို ၂ ဖက်စလုံးက မိမိယုံကြည်ချက်အတွက် မမှိတ်မသုံ အားသွန်ခွန်စိုက်လုပ်ခဲ့ကြတဲ့ အောင်ပွဲဖြစ်တယ်လို့ ဆိုတယ်။ တိုင်းပြည်ကို ရှေ့တန်းတင်ပြီး လူမျိုး၊ ဘာသာ၊ အသားအရောင်၊ မတူကွဲပြားသူတွေ အတူတူ တနိုင်ငံသားတည်းဆိုတဲ့ စိတ်နဲ့ တစည်းတလုံးတည်း ဆက်လုပ်ကြဖို့ တိုက်တွန်းတယ်။ ဒါ အမေရိကန်ပဲ၊ ဒါ ဒီမိုကရေစီပဲလို့ ပြောလိုက်တယ်။

         သမ္မတ၊ လွှတ်တော်၊ ဆီးနိတ် အနိုင်ရတာ ဘယ်သူတွေလဲ – သမ္မတက တပြည်လုံးရဲ့ မဲဆန္ဒရှင်ကိုယ်စားလှယ် ၅၃၈ အနက် ၃၁၃ ဦးရပြီး သမ္မတအဖြစ် အရွေးခံရတယ်။ အောက်လွှတ်တော် (မြို့နယ်အလိုက် အမတ်) ရွေးကောက်ပွဲမှာ ဒီမိုကရက်က ၁၉၃ အမတ်၊ ရီပတ်ဘလင်ကန်က ၂၃၃ စီ အနိုင်ရတယ်။ အထက်လွှတ်တော် (ပြည်နယ် ၅၀ အလိုက် ၂ဦးစီ အမတ် ၁၀၀) ရွေးကောက်ပွဲမှာ ဒီမိုက ၅၄ ဦး၊ ရီပတ်က ၄၅ ဦးစီ အနိုင်ရတယ်။ ဆိုတော့ သမ္မတက ဒီမိုကရက်၊ အောက်လွှတ်တော်က ရီပတ်ဘလစ်ကန်၊ အထက်လွှတ်တော်က ဒီမိုကရက် အများစု ရတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်။ တိုင်းပြည်ကို အုပ်ချုပ်ဖို့ဆိုတာ အတော်ကို ကွဲပြားသူတွေ အတော်ညှိရမယ့်ပွဲပေါ့။

            မြန်မာတွေ နားလယ်အောင်ပြောရရင် သမ္မတက ဒေါ်စု၊ အောက်လွှတ်တော်က ကြံ့ဖွတ်၊ အထက်လွှတ်တော်က အင်န်အယ်ဒီသာ ဆိုရင် ဘယ်လိုများ တိုင်းပြည်ကို အုပ်ချုပ်ကြလေမလဲ။ စဉ်းစားကြည့်ပေါ့။ အဲသည်လိုမျိုး။

            အမျိုးသမီးတွေ အခန်းကဏ္ဍ – အထက်လွှတ်တော်မှာ ဒီမိုကရက် အမျိုးသမီးဆီနိတ်တာ ၃၀ ဦး ရှိသွားပြီ။ အများဆုံးပဲ။ ဒေါ်စုတယောက် ၀ါရှင်တန်မှာ ဆုလာယူတုန်းက ရွှေတံဆိပ်ပေးပွဲ သတင်းကို ပြန်ကြည့်လေ။ လွှတ်တော် ၂ရပ်နဲ့ အစိုးရက ခေါင်းဆောင်တွေ စင်မြင့်ပေါ်မှာ နေရာယူတော့ ဒီမိုကရက်တွေထဲက အမျိုးသမီးဝန်ကြီး (ကလင်တန်)၊ အမျိုးသမီးဆီနိတ်တာ (ဒိုင်ယန်ဖိန်းစတိန်း)၊ အမျိုးသမီး အောက်လွှတ်တော်အမတ် (နန်စီပလိုစီ)၊ ရီပတ်ဘလစ်ကန် ခေါင်းဆောင်တွေက အကုန်လုံး ကျားတွေချည်းပဲ။ အောက်လွှတ်တော်ခေါင်းဆောင် (ဘိုနာ)၊ အထက်လွှတ်တော်အမတ် (မစ်ကော်နား)၊ ၀ါရင့်အမတ် (မက်ကိန်း)၊ သူတို့ဖက်က အမျိုးသမီးဆိုလို့ သမ္မတဟောင်း ဘွတ်ခ်ျကတော် (လော်ရာ)ပဲ မိန်းမပါတယ်။ သည်တော့ ခေတ်က အမျိုးသမီးခေတ် ဖြစ်နေပြီ။ မြန်မာပြည်က စစ်သား ကျားကျားလျားလျားတွေ အုပ်စီးတဲ့ တိုင်းပြည်မှာ ခေါင်းဆောင်က အမျိုးသမီးခေါင်းဆောင် ဒေါ်စု ဖြစ်နေတာကို ကြည့်။

            လိင်ခွဲခြားမှုတွေ နောက်ဆုတ်တဲ့ အချိန် – ကျား၊ မ၊ အခြောက်၊ ယောကျာ်းလျာ၊ စတဲ့ လိင်ခွဲခြားဆက်ဆံမှုတွေ နှိမ်ချမှုတွေဟာ သူတို့ခေတ်မှာ အတော် ပေါ်ပြူလာ မဖြစ်တော့ဘူးပဲ။ အဲသည်လို ကျားဆိုမှာ ကျားဆိုတဲ့ သူတွေ၊ ငါဟဲ့ ယောကျာ်း တဲ့ဟေ့ ဆိုပြီး … မဲဆွယ်သူတွေဟာ လိင်ပေါင်းစုံ တန်းတူရေး ကြွေးကြော်သူတွေ နောက်က လိုက်ကြရတယ်။ အိုဘားမားကို မဲပေးသူက လူငယ်တွေ၊ အမျိုးသမီးတွေ ရှေ့ဆုံးကပဲ။

            ပဋိပက္ခ အငြင်းပွားစရာတွေ စားပွဲပေါ်ကို ဗြောင်တက်လာတဲ့ ခေတ် – အရင်က ကြိတ်ပြီး၊ လျို့ဝှက်ပြီး ပြောဆိုဆွေးနွေးကြတဲ့ ကိစ္စတွေဟာ ဥပဒေပြုတဲ့အဆင့်၊ အဆိုတင်တဲ့ အဆင့်တွေကို ရောက်လာတယ်။ အဲသည် Issue တွေကတော့ … အခြောက်တွေ၊ ယောကျာ်းလျာတွေ စစ်မှုထမ်းရင် ဖုံးကွယ်ထားစရာ မလိုရေး၊ ဆေးခြောက်ကို တရားဝင် ရှုခွင့်ရရေး၊ လူတိုင်း အစိုးရစောင့်ရှောက်မှုနဲ့ ကျန်းမာရေးအာမခံချက် အပြည့်အ၀ ရှိရေး၊ ပြည်တွင်းကို ရောက်နေတဲ့ တရားမ၀င်တပြည်သားတွေ အမေရိကန်နိုင်ငံသား ခံယူခွင့် အဆင်ပြေအောင် ချောမွေ့အောင် ပြုလုပ်ရေး၊ တဖက်စောင်းနင်းဖြစ်တဲ့ အခွန်အတုတ်ဥပဒေတွေ၊ ဘဏ္ဍာရေးဆိုင်ရာ အခွင့်ထူးခံတွေ ပြန်လည် စိစစ် ပြင်ဆင်ရေးတွေကို ဆက်လက် ဆွေးနွေးကြရမှာ ဖြစ်ပါတယ်။ ဒါတွေကို အိမ်နောက်ဖေးမှာ ချောင်ပြန်ထိုးရတဲ့ ခေတ် နောက်ပြန်မသွားတော့ဘူးပေါ့။

            လူဖြူတွေ ကြီးစိုးတဲ့ ခေတ် ကုန်ပြီ – အမေရိကန်ပြည်မှာ လူဖြူတွေက တိုင်းပြည်ရဲ့ အများစု ဖြစ်တယ်။ သူတို့တွေက မဲပေးခွင့်ရှိသူ ၇၂ ကနေ ၇၄ % ရှိတယ် ဆိုတယ်။ သူတို့တွေအများစုက ရီပတ်ဘလစ်ကန်တွေ များတယ်။ သူတို့တွေချည်း တစုတစည်းမဲပေးကြရင် မစ်ရော်နီ နိုင်မှာ အသေအချာပဲ။ အခုတော့ အဲသလို မဟုတ်တော့ဘူး။  အဖြူတွေ၊ အမဲတွေ၊ အ၀ါတွေ၊ ပဲတွေ (စပိန်လူမျိုးစပ်၊ တောင်နဲ့ အလယ်ပိုင်း အမေရိကတိုက်ဖွား အဖြူ) အားလုံးရဲ့ မဲတွေက သူတို့ထက် သာသွားလို့ ဒီမိုကရက်တွေ သည်ပွဲမှာ အနိုင်ရတာ ဖြစ်တယ်။ ဖြူတိုင်းလည်း အဖြူချည်း သက်သက်ဖက် မျက်စိမှိတ်ရပ်တည်တဲ့ ခေတ်မဟုတ်တော့ဘူးပေါ့။

            အမေရိကန်ဆိုတာ မတူကွဲပြားသူတွေ မခွဲခြားပဲ အတူနေကြဖို့ အသားကျနေတဲ့ ပြည်ထောင်စု ဖြစ်တယ် – ပြည်နယ်အစိုးရ ၅၀ ထဲမှာ ပြည်နယ် ၃၀ မှာ ရီပတ်ဘလစ်ကန်ပါတီက governors (၀န်ကြီးချုပ်) တွေ အရွေးချယ်ခံရတယ်။ ဆိုတော့ ဒီမိုကရက် သမ္မတ ဖြစ်သော်လည်း ပြည်နယ် အစိုးရခေါင်းဆောင်တွေက ပြိုင်ဖက်ပါတီကလူတွေ၊ သူတို့တွေက ဒီရွေးကောက်ပွဲကို သူတို့စိတ်တိုင်းမကျလို့ ခွဲထွက်မယ်ဆိုရင် ပြည်တွင်းစစ်ဖြစ်ပြီးသားပဲ။ ပြည်နယ် ၂၀ က ဒီမိုကရက်တစ်အမေရိကန်ပြည်၊ ပြည်နယ် ၃၀က ရီပတ်ဘလစ်အမေရိကန်ပြည်ဆိုပြီး ပြည်တွင်းစစ်ကြီး ဖြစ်သွားနိုင်တယ်။

            မြန်မာပြည် ဥပမာနဲ့ ပြောရရင် ဒေါ်စုက သမ္မတဖြစ်ချိန်မှာ ပြည်နယ်နဲ့ တိုင်း ၁၄ ခုက တိုင်းကြီး ၁၀ တိုင်းမှာ ကြံ့ဖွတ်က ဗိုလ်ချုပ်ဟောင်းတွေချည်း ၀န်ကြီးချုပ်တွေ ဖြစ်နေရင် ဒီကောင်ကြီးတွေ ဘာလုပ်မယ် ထင်သလဲ။ အာဏာတွေ ဘာတွေ သိမ်းပြီးတော့ တိုင်းရင်းသားတွေနဲ့ မပြီးနိုင် မစီးနိုင် စစ်ချည်းပဲ တိုက်နေမှာပေါ့။ ဟုတ်ဖူးလား။ (ဟဲဟဲ)

         ဒီမိုကရေစီဆိုတာ စည်းကမ်းကျတဲ့ စနစ်တော့ မဟုတ်ဘူး – Our Democracy is Messy လို့ သမ္မတကြီး အိုဘားမားက ပြောသွားတယ်။ ဒါပေမယ့် ဒီမိုကရေစီဆိုတာဟာ ပေါက်ကရလေးဆယ် ဖြစ်နေသော်လည်း ဒီနည်းနဲ့ပဲ အဖြေရှာရတယ်။ ရှေ့ဆက်လျောက်ရတယ်။ နောက်ပြန်မဆုတ်ဘူး လို့ ပြောသွားတယ်။ ဒီရွေးကောက်ပွဲဟာ အဲဒါကို ပြတာပဲ။ ငြင်းလိုက် ခုန်လိုက်၊ ဆဲလိုက် ဆိုလိုက်၊ ပြောလိုက် စွတ်စွဲလိုက်တာ ပက်ပက်စက်စက်တွေချည်းပဲ။ မဲလေးတပြားအတွက် ကုန်လိုက်တဲ့ ပိုက်ဆံ၊ ချလိုက်တဲ့ သိက္ခာ၊ လှည့်ပတ်လိုက်တဲ့ စကားတွေ၊ မုသားတွေ၊ အရောင်ဆိုးလိုက်တဲ့ အမှန်တွေ၊ အမှတ်တွေ၊ ပြီးတော့လည်း ပြီးသွားတာပဲ။ ၁၉၉၀ ရွေးကောက်ပွဲ တခါရှုံးတာနဲ့ လူတွေ သတ်၊ ထောင်ချပြီး အနှစ် ၂၀ ကျော် အာဏာရှင်လုပ်ပြီး လူတွေကို ဦးချိုးထားပြီးတော့မှ တဖက်သတ် ၂၀၁၀ ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီအရေခြုံပြီး တိုင်းပြည်ကို သူတော်ကောင်းယောင်ဆောင်ပြတဲ့ အာရှက မြန်မာနဲ့ စပြီး နိုင်ငံနဲ့ဆုံးတဲ့ အမည်မဖော်လိုတဲ့ ဟို တိုင်းပြည်နဲ့ ကွာတယ်နော်။

         ဒီမိုကရေစီကို ၀ယ်လို့လည်း ရတယ်၊ လူ့တန်ဖိုးနဲ့လည်း တည်ဆောက်လို့လဲ ရတယ် – အာဏာကို ကျည်ဆံနဲ့ မ၀ယ်ဘူး၊ ၀ယ်ရင်လည်း ကမ္ဘာမှာ ရပါတယ်။ အမေရိကန်ကတော့ အာဏာကို ဒီမိုကရေစီနဲ့ ၀ယ်တယ်။ ဒီမိုကရေစီဆိုတာကို ငွေနဲ့ တည်ဆောက်လို့ရတယ်လို့ ပြောနိုင်တယ်။ ဘာကြောင့်ဆိုတော့ ငွေရှင်တွေ အရှင်းရှင်တွေက ငွေကို ရေလိုသုံးပြီးတော့ လူထုကို သူတို့လိုချင်တဲ့ မဲဆန္ဒကို ထည့်ခိုင်းတယ်။ ၀ါဒဖြန့်ချိ စည်းရုံးတယ်။ ဒါတွေကို ပြန်လည် ကာကွယ်ဖို့ကတော့ community တွေက volunteerတွေ၊ Team တွေနဲ့ သူတို့ constitution နဲ့ institution တွေက အာမခံထားတဲ့ freedom of expression and rights တွေနဲ့ တိုင်းပြည်ကို နိုးကြားတက်ကြွ သိတတ် နားလည်အောင် စည်းရုံးလှုံဆော် အသိပေး၊ သတင်းပေးနိုင်မှုတွေပဲ။

Social Media ခေတ် ဆိုပါလား – ဆိုတော့ သာဂိက အမေရိကန်က ကော်မာရှယ်သတင်းဌာနတွေ၊ သတင်းစာတွေ နားမထောင်ဖူး၊ မဖတ်ဘူး။ National Public Radio တို့ local radio station တို့က ဘက်မလိုက်တဲ့ သတင်းတွေ၊ ဆောင်းပါးတွေ နားထောင်တယ်။ အားမရရင် ပြည်သူတွေရဲ့ တိုက်ရိုက်အသံဖြစ်တဲ့ ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ facebook, blogs, twitter တွေနောက်လိုက်ပြီး နားစွင့်တယ်။ ဒါက အတော်ကို သန့်ရှင်းတဲ့ လေကောင်းလေသန့်တွေ ရှုရသလိုပဲ။

Conservative, Radical, Progressive & Liberals  – လက်ရှိ ၂၀၁၂ အမေရိကန်ရွေးကောက်ပွဲကို အနာဂတ်ကို မြင်တဲ့ ခေါင်းဆောင်တွေ၊ သူတို့နောက်လိုက်တွေ၊ ပြည်သူတွေနဲ့ ခေတ်သစ် မီဒီယာ၊ နည်းပညာတွေနဲ့ မျိုးဆက်သစ်တွေက ပုံဖော်သွားတယ်လို့ ပြောရမယ်။ ရီပတ်ဘလစ်ကန်လို ရှေးရိုးစွဲတဲ့ ပါတီတွေ ခေါင်းဆောင်တွေ မလိုအပ်တော့ဘူးလား။ လိုအပ်တာပေါ့။ သူတို့ရဲ့ ရှေးရိုးစွဲမှုတွေ၊ အတိတ်တန်ဖိုးကို စွဲကိုင်မှုတွေဟာ ခေတ်အဆက်ဆက်မှာ လိုအပ်ပါတယ်။ Conservative ဖြစ်ဖို့ လိုပါတယ်။ radical မဖြစ်ဖို့တော့ လိုတယ်ဆိုတာ သည် ရွေးကောက်ပွဲက ပြလိုက်တယ်။ အခြားတဖက်က လူတွေ သင်ခန်းစာ ယူကောင်းပါရဲ့။

နိဂုံး  Fiscal Cliff – ရွေးကောက်ပွဲ အနိုင်ရပြီး အိုဘားမားကလည်း ၂ ဖက် ပါတီတွေနဲ့ လက်တွဲဖို့ ပြောသလို၊ တိုင်းပြည်မျက်နှာတခုတည်းကို ကြည့်ပြီး သမ္မတကြီးနဲ့ လက်တွဲပြီး အလုပ်လုပ်မယ့်အကြောင်းကို အောက်လွှတ်တော်ခေါင်းဆောင် အတိုက်အခံပါတီခေါင်းဆောင် (ဘိုနာ)က ပြောလိုက်သလို၊ အထက်လွှတ်တော်ခေါင်းဆောင် အနိုင်ရပါတီခေါင်းဆောင် (ရိဒ်) ကလည်း ကတိပေးလိုက်ပါတယ်။ စောင့်ကြည့်ကြပါဦး။ အရင်ဆုံး သူတို့ ဖြေရှင်းရမှာကတော့ အမေရိကန်ပြည်ရဲ့ မထွေးနိုင် မအံနိုင် ဖြစ်နေတဲ့ ဘတ်ဂျက်ချောက်ကမ်းပါးကြီးပေါ့။ (Fiscal Cliff) ။            ။

(ဒီဆောင်းပါးကို မြန်မာပြည်က ညီမအတွက်ရေးတယ်။ သူက “ဟယ် … ဒီတခါလည်း အဲဒီလူမည်းကြီးကိုပဲ နင်တို့ အမေရိကန်တွေက ရွေးနေတာပဲ။ ငါတို့က ဟိုနက်ကတိုင်ကြီးနဲ့ လူဖြူကြီးများ ရမလားလို့ ပြောနေကြတာ” ဆိုလို့ … ဒီစာကို ရေးလိုက်တယ်။ ပြီးတော့ အိုဘားမား မြန်မာပြည်သွားရင် ဟိုလိုလုပ်ပါ၊ သည်လိုမလုပ်ပါနဲ့၊ ဟိုလူနဲ့ တွေ့ပါ၊ ဒီလူနဲ့ မတွေ့ပါနဲ့ ဆိုတဲ့ အိုဘားမားအတွက် လမ်းညွှန်မြေပုံများ လိုမလားဆိုပြီး မျက်စပစ်တဲ့ ဆောင်းပါးဆက်ရေးဖို့လည်း ပါတာပေါ့ (ဟဲဟဲ)) 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts