အတွေးအမြင်

ထိလို့ မရသူများ (The Untouchables)

ငြိမ်းချမ်းအေး
အောက်တိုဘာ ၂၈၊ ၂၀၁၂
ဒီနေ့နိုင်ငံတကာသတင်းတပုဒ်မှာ ဝမ်းမြောက်ဖွယ်သတင်းတခု တွေ့ရတယ်။

အီတလီဝန်ကြီးချုပ်ဟောင်း၊ မီဒီယာလုပ်ငန်းရှင် ဘီလျံနာသူဌေးကြီးတဦးဖြစ်တဲ့ ကမ္ဘာ့ထိတ်တန်း ဘောလုံးကလပ် အေစီမီလန်အသင်း ပိုင်ရှင် ဘာလူစကိုနီ တယောက် သူ့သက်တမ်းတလျှောက် အကျင့်ပျက်လာဘ်စားမှု၊ အသက်မပြည့်သူနဲ့ လိင်ဆက်ဆံမှု အစရှိတဲ့ ရာဇဝတ်မှုမျိုးစုံ အစွပ်အစွဲခံ၊ တရားစွဲခံခဲ့ရတာတွေကို လွတ်အောင်ရှောင်ခဲ့နိုင်ပြီး ခုကျမှပဲ အခွန်ရှောင်မှုနဲ့ အပြစ်ပေးခံရတော့တယ်။ ဒါ တောင် သူအယူခံဝင်မှာရယ်..၊ သူရဲ့ကျယ်ပြန့်တဲ့ သြဇာအာဏာနဲ့ ဓနအင်အားကြောင့် တကယ်ထောင်ထဲဝင်ရဖို့က မသေချာသေးဘူး။

သူရဲ့ အေစီမီလန်ဘောလုံးအသင်းအပေါ် အားပေးမှု၊ ချစ်မြတ်နိုးမှုကို ဘောလုံးပရိသတ်..၊ အေစီမီလန်အသင်းအားပေးသူ တယောက်အနေ နဲ့တော့ အသိအမှတ်ပြုပါတယ်..။ ဒါပေမယ့် အကျင့်ပျက်ခြစားမှုတွေ တင်းကြမ်းပြည့်နေတဲ့ အရင်းရှင်ကမ္ဘာမှာ ဥပဒေအထက်က အမြဲနေ ထိုင်ခွင့်ရနေတဲ့  ဒီလိုလူမျိုးဆိုတာ ဒီထက်ပိုတဲ့ အပြစ်ပေးမှုမျိုးနဲ့ ထိုက်တန်ပါတယ်..။ ဘာပဲဖြစ်ဖြစ် အခုလို တခုခုနဲ့ရအောင် အပြစ်ပေး နိုင်ပြီဆိုတော့ ဝမ်းသာရပါမယ်။

အမေရိကားရဲ့ အရက်ရောင်းချ၊ ထုတ်လုပ်ခွင့်ပိတ်ပင်တဲ့ Prohibition ကာလ (၁၉၂၀-၁၉၃၃) မှာ စနစ်တကျအုပ်စုဖွဲ့ကျူးလွန်တဲ့ Organised Crime တွေကြောင့် ချမ်းသာသြဇာရှိခဲ့တဲ့ ချီကာဂိုက နာမည်ကျော် မာဖီးယားခေါင်းဆောင် အယ်လ်ကပုန်း (Al Capone) ကို သူကျူး လွန်ခဲ့တဲ့ မြောက်မြားလှတဲ့ရာဇဝတ်မှုတွေနဲ့ အပြစ်မပေးနိုင်ခဲ့ဘဲ.. အခွန်ရှောင်မှုနဲ့ကျမှ နောက်ဆုံး သူ့ကိုထောင်ထဲထည့်နိုင်ခဲ့ပြီး အယ်လ် ကပုန်းဘဝ ထောင်ထဲမှာပဲ အဆုံးသတ်ခဲ့ရဖူးတယ်။

ဒီအဖြစ်အပျက်ကိုနောက်ခံထားပြီး ၁၉၈၇ မှာ ဟော်လီးဝုဒ် က “ထိလို့မရသူများ” ဆိုပြီး ရုပ်ရှင်ဇာတ်လမ်း ရိုက်ခဲ့ဖူးတယ်။ “ထိလို့မရသူများ” ဆိုတဲ့ ခေါင်းစဉ်က ဥပဒေအထက်ကိုရောက်နေလို့ ဘယ်လိုမှအရေးယူအပြစ်ပေးလို့မရဖြစ်နေတဲ့ နိုင်ငံ့မျက်နှာဖုံး..၊ မြို့မျက်နှာဖုံး..၊ ဂုဏ်သ ရေရှိ၊ လူကြီးလူကောင်း (လို့ဆိုကြတဲ့) အအေးခန်းထဲက သူခိုး၊ ဓါးပြ အကြီးစားကြီးတွေကိုဆိုလိုတာ ဖြစ်တယ်။

နောက် အဓိပ္ပာယ်ဆိုလိုချက်တမျိုးက ဇာတ်လမ်းထဲမှာ (အပြင်က တကယ်ပါဝင်လှုပ်ရှားခဲ့တဲ့ ဥပဒေဘက်တော်သားလူတွေကိုအခြေပြုတဲ့)  အယ်လ်ကပုန်းကို တရားဥပဒေရှေ့မှောက်အရောက်ပို့နိုင်ဖို့ ကြိုးစားတဲ့အဖွဲ့ရဲ့ သတ္တိ၊ စိတ်ဓာတ်၊ သမာဓိ၊ အကျင့်စာရိတ္တကို ဂုဏ်ပြု မှည့်ခေါ်ခြင်းလည်း ဖြစ်တယ်။ သူတို့အဖွဲ့ဟာ အယ်လ်ကပုန်းရဲ့ ခြိမ်းခြောက်မှုမျိုးစုံ၊ အသက်အန္တရာယ်အထိ လုပ်ကြံမှုမျိုးစုံ နဲ့ လာဘ်ထိုးမှု တွေကို ကြံ့ကြံ့ခံနိုင်ခဲ့တဲ့အတွက်  “ထိလို့မရသူများ” လို့ ချီကာဂိုမှာ နာမည်ကျော်ခဲ့တယ်။ ဒီအဖွဲ့မှာ ဗဟိုပြည်ထောင်စု စုံစမ်းစစ်ဆေးရေး အဖွဲ့ကြီး (အက်ဖ်ဘီအိုင်) က အယ်လ်ကပုန်းကို ဖမ်းနိုင်ဖို့ ချီကာဂိုကို အထူးတာဝန်နဲ့ စေလွှတ်လိုက်တဲ့ အထူးစုံထောက် (ကီဗင်ကော်စနာ) နဲ့ သူ့လက်ထောက်ရယ်..၊ ဒေသခံ အကျင့်သိက္ခာရှိ၊ လာဘ်မစားတဲ့ ပင်စင်ယူခံနီး ရဲအိုကြီးတယောက် (ရှောင်ကွန်နရီ) ရယ်..၊ ရဲသင်တန်း ကနေပြီး ဒီတာဝန်အတွက် စိတ်ကြိုက်ရွေးခေါ်လိုက်တဲ့ ရဲအရာရှိပေါက်စတယောက် (အင်ဒီဂါစီယာ) ရယ် ပါဝင်တယ်။ အယ်လ်ကပုန်း အဖြစ် ရောဘတ်ဒီနီယိုကသရုပ်ဆောင်တယ်။

(စကားချပ် – ဒီဇာတ်ကားဟာ ဂျိမ်းစဘွန်းမင်းသားကြီး ရှောင်ကွန်နရီရဲ့ တခုတည်းသော အော်စကာ (ဇာတ်ပို့) ဆုရဇာတ်ကား ဖြစ်တယ်။)

အထူးစုံထောက် ချီကာဂိုကို စရောက်လာတဲ့အချိန်မှာ ချီကာဂိုကို အယ်လ်ကပုန်းက အုပ်ချုပ်နေတယ်လို့တောင်ဆိုနိုင်တယ်။ ပြည်နယ် အစိုးရတဖွဲ့လုံး၊ တရားရေး ဌာန၊ ရဲအပါအဝင် ဥပဒေအဖွဲ့အစည်းအားလုံးဟာ အကြီးအကျယ် အကျင့်ပျက်ခြစားနေပြီး နေရာတိုင်းကို အယ်လ်ကပုန်းက ထိန်းချုပ်ထားနိုင်တယ်။ သာမန်ပြည်သူ လက်လုပ်လက်စားတွေဟာ အယ်လ်ကပုန်း မာဖီးယားအဖွဲ့ရဲ့ မတရားညှင်းဆဲ၊ ဆက်ကြေးကောက်၊ မိုက်ကြေးခွဲဒဏ်နဲ့ အနိုင်ကျင့် လုယက်၊ သတ်ဖြတ်၊ ခြိမ်းခြောက်မှုဒဏ်တွေကို ခါးစည်းခံနေရတယ်။ ဒေသခံ ရဲအဖွဲ့ ကိုယ်တိုင်က အယ်လ်ကပုန်းဘက်ကရှိနေတဲ့ အဲလိုအနေအထားမှာ အထူးစုံထောက်ဟာ ဒီ ဒေသခံရဲအဖွဲ့ကလူတွေနဲ့ပဲ အယ်လ်ကပုန်းကို ဖမ်းဖို့ကြိုးစာနေရတဲ့အတွက် မအောင်မမြင်ဖြစ်နေတယ်။

တနေ့မှာ မထင်မှတ်ဘဲ သီလသမာဓိစင်ကြယ်တဲ့ အတွေ့အကြုံရှိ ရဲအိုကြီးတယောက်ရဲ့ ပူပေါင်းပါဝင်ကူညီမှုရခဲ့တယ်။ ရဲအိုကြီးရဲ့ အကြံ ဉာဏ်နဲ့ အကျင့်ပျက်ခြစားနေတဲ့စနစ်အဖွဲ့အစည်းထဲကို မဝင်ရသေးတဲ့၊ တနည်းအားဖြင့် စနစ်နဲ့ပတ်ဝန်းကျင်က အကျင့်ပျက်စေအောင် ဖျက်စီးခြင်းမခံရသေးတဲ့ ရဲသင်တန်းတက်နေဆဲ ရဲအရာရှိလောင်း အသစ်စက်စက်တယောက်ကို အဖွဲ့ထဲကို ခေါ်တာဝန်ပေးခဲ့တယ်။ ဗဟို အစိုးရကလည်း အထူးစုံထောက်အတွက် လက်ထောက်တယောက် ပို့ပေးခဲ့တယ်။

သူတို့အဖွဲ့ အမျိုးမျိုးကြိုးစားပြီး အယ်လ်ကပုန်းရဲ့ အရက်မှောင်ခိုအပါအဝင် တရားမဝင်လုပ်ငန်းတွေကို ဖမ်းဆီးစစ်ဆေးကြပေမယ့် အယ်လ်ကပုန်းရဲ့ တပည့်အဆွယ်အပွားတွေကိုသာ ထောင်ချအပြစ်ပေးနိုင်ပြီး ခေါင်းဆောင်အယ်လ်ကပုန်းကို တရားရုံးတင် ဥပဒေအရ အရေးယူအပြစ်ပေးနိုင်ဖို့ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ ရှာမရဖြစ်ကြရတယ်။ အထူးစုံထောက်ရဲ့ လက်ထောက်က စာရင်းအင်း ပညာရှင်လည်းဖြစ်တော့ သူ့အကြံပေးမှုနဲ့ နောက်ဆုံးမှာ အယ်လ်ကပုန်းကို နှစ်ပေါင်းများစွာ ဝင်ငွေခွန်ရှောင်နေမှုနဲ့ တရားရုံးတင် စစ်ဆေး နိုင်ခဲ့ပြီး ထောင်ဒဏ်အပြစ်ပေးနိုင်ခဲ့တယ်။ သူရဲ့မာဖီးယားဂိုဏ်းလည်း အင်အားနည်း ယိမ်းယိုင်ပျက်စီးသွားခဲ့ရတယ်။ ဒီလိုနဲ့ ချီကာဂိုက သာမန်လူထု လူတန်းစားအသီးသီးလည်း အထိုက်အလျောက် တရားဥပဒေစိုးမိုးမှု အကျိုးကျေးဇူးတွေကို ပြန်လည်ခံစားရရှိလာရတယ်။

ဗမာပြည်မှာလည်း “ဘာလူစကိုနီ အကြီးစားတွေ”..၊ “အယ်လ်ကပုန်းထက် ပိုသာဆိုးတွေ” နှစ်ပေါင်းများစွာ ရှင်သန်ကြီးထွားခွင့်ရနေခဲ့..၊ ရနေဆဲ.. ဖြစ်တယ်။ သူတို့ဟာ တိုင်းပြည်ကိုရောင်းစား၊ ကိုယ်ကျိုးရှာ၊ အာဏာနဲ့ငွေကြေးကို အလွဲသုံးစားလုပ်ပြီး ဥပဒေအထက်မှာ တသက်လုံးနေခွင့်ရနေတယ်။ သူတို့ ရရှိခံစား၊ စံစားနေရတဲ့ စည်းစိမ်ဥစ္စာ၊ လောကနိဗ္ဗာန်ဟာ ပြည်သူတွေဆီက ဓါးပြတိုက်သလို အဓမ္မ နည်းနဲ့ ယူထားတဲ့အရာတွေသာ ဖြစ်တယ်။ သူတို့ဟာ ဒီလိုရလာတဲ့ ငွေကြေးနဲ့ အာဏာကို ခိုင်သထက်ခိုင်မြဲအောင် ထပ်ဆင့်တည် ဆောက်ပြီး တိုင်းပြည်မှာ လူပေါ်လူဇော်လုပ်၊ လူကြီးလူကောင်း၊ သူတော်စင် သူတော်ကောင်း၊ ဘုရားဒါကာ ဟန်အပြည့်နဲ့နေထိုင်ခွင့် ရနေ တယ်။

လှပဖြူစင်သယောင်ရှိတဲ့ ပုလဲလုံးလေးတွဟာ တကယ်တော့ ကမာကောင်လေးတွေ သေလုမြောပါးခံစားပေးဆပ်ပြီးမှ ဖြစ်လာတဲ့ သွေး မျက်ရည်တွေဖြစ်တယ်။ အလားတူပဲ တိုင်းပြည်ရဲ့ ဘဏ္ဍာ၊ ဓန၊ အရင်းအမြစ်တွေကို စိတ်တိုင်းကျ လက်ဝါးကြီးအုပ် ယူငင်သုံးစွဲ၊ ရောင်းချ၊ ကိုယ်ကျိုးစီးပွားရှာခွင့်ရပြီး ချမ်းသားကြွယ်ဝလာတဲ့ ပိုက်ဆံနဲ့ အဆောင်အယောင် ပစ္စည်းဥစ္စာတွေဟာလည်း ပစ္စည်းမဲ့လူတန်းစား နင်းပြား လယ်သမား၊ အလုပ်သမား နဲ့ သာမန် ပြည်သူတွေရဲ့ သောကမျက်ရည်၊ မောဟ ချွေးပေါက်၊ ဒေါသနဲ့ နာကြည်းရင်းထွက်ခဲ့ရတဲ့ သွေးစက် တွေသာ ဖြစ်တယ်။

ဒီလို ပြည်သူ့သွေး၊ ချွေး၊ မျက်ရည်တွေ စွန်းထင်းနေတဲ့ သူတို့ရဲ့ စည်းစိမ်၊ အာဏာနဲ့ အတ္တ၊ လောဘ၊ ရမ္မက်ကြီးတဲ့ လက်ကြီးတွေရဲ့ ထိန်း ချုပ်မှုကို တချိန်ချိန်မှာတော့ တွန်းလှန်ဖယ်ရှားပြီး သူတို့ကို တရားဥပဒေရဲ့ အောက်ကို ပြန်ရောက်အောင် ကြိုးစားရမယ်။ ဒါမှသာ ဒီမိုကရေ စီနဲ့ တရားဥပဒေစိုးမိုးရေးအကြောင်းကို  အာပေါက်မတတ် အော်အော်နေကြတဲ့ ဒီလိုခေတ်မှာ တကယ့်ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးတဲ့ လူ့အဖွဲ့အစည်းရဲ့ အနှစ်သာရ၊ အသီးအပွင့်ကို အဖိနှိပ်ခံနင်းပြား ပြည်သူအပါအဝင် တိုင်းပြည်ရဲ့လူထု၊ လူတန်းစားအသီးသီး ခံစား စား သုံးခွင့်ရမှာ ဖြစ်တယ်။

လက်တွေ့မှာ ဒီလိုရရှိနိုင်ဖို့က စနစ်ကို အမြစ်ပြတ် တော်လှန်ပြောင်းလဲနိုင်တဲ့ စိတ်ကူးနဲ့ ဦးဆောင်မှုရှိတဲ့ ခေါင်းဆောင်လိုတယ်။ “ထိလို့မ ရသူများ” ထဲကလိုဆိုရင် အထူးရဲစုံထောက်လိုပေါ့။ ဒါ့အပြင်ခေါင်းဆောင်ကို ပံ့ပိုးပေးနိုင်တဲ့ အမျှော်အမြင်ရှိ၊ အကျင့်၊ သီလ၊ သိက္ခာ၊ သမာ ဓိပြည့်စုံတဲ့ ဒုတိယခေါင်းဆောင်တွေလည်းလိုတယ်။ “ထိလို့မရသူများ” နဲ့ဆိုရင် ရဲအိုကြီးနဲ့ လက်ထောက်လိုပေါ့။

အသားကျ အမြစ်တွယ်နေတဲ့ ပြင်းထန်အားကြီးတဲ့စနစ်ဆိုးတခုကို တွန်းလှန်ဖြိုဖျက်ရာမှာ အဓိကအကျဆုံးကတော့ “ထိလို့မရသူများ” ထဲ က စနစ်ဆိုးရဲ့ဖျက်ဆီးခြင်းမခံရသေးတဲ့ ရဲအရာရှိပေါက်စလို အရည်အချင်းပြည့်၊ ပညာ၊ စာရိတ္တ၊ သတ္တိ မှတ်ကျောက်တင်ခံနိုင်တဲ့ လူငယ် လူရွယ် နောက်လိုက်ကောင်းတွေ အများအပြားပေါ်ထွန်းလာဖို့ဖြစ်တယ်။

ဒီသုံးချက် အလုံးစုံပြည့်စုံလာရင် စနစ်ဆိုးနဲ့လူဆိုးတွေကို အမြစ်ပြတ်တော်လှန်၊ မြေမြှုပ်သင်္ဂြိုဟ်နိုင်မှာ ဖြစ်တယ်။

ဒီသုံးချက်၊ တနည်းအားဖြင့် လူအုပ်စု အမျိုးအစားသုံးစုဟာ စနစ်ဆိုးရဲ့ ခြိမ်းခြောက်ခြင်း၊ လာလ်လာဘ/ရာထူးတွေနဲ့ မြူဆွယ်ခြင်း စတဲ့ ဖျက်ဆီးခြင်းပုံစံမျိုးစုံကိုတော့ ကြံကြံခံ ခိုင်နိုင်ဖို့လိုတယ်။ သူတို့ဟာ “ထိလို့မရသူများ” ဖြစ်ဖို့ မဖြစ်မနေလိုတယ်။ ဘယ်လို အရာမျိုးနဲ့မှ ဖျက် ဆီးလို့မရတဲ့ ဒေါင်ဒေါင်မြည် “ထိလို့မရသူများ” ဖြစ်ဖို့တော့ လိုတယ်။ ဒါမှသာ ဥပဒေရဲ့အထက်ရောက်နေတဲ့ အခြား “ထိလို့မရသူများ” လူ တန်းစားနဲ့ စနစ်ဆိုးကိုပပျောက်အောင် တော်လှန်ပြုပြင်ဆောင်ရွက်နိုင်မှာဖြစ်တယ်။

“ထိလို့မရသူများ” ဆိုတာဟာ လောကပါလတရားနဲ့ ပြည်စုံတဲ့ တရားဥပဒေဘက်တော်သား ပြည်သူနဲ့ ပြည်သူ့ဝန်ထမ်းတွေသာ ဖြစ်ရမှာ ဖြစ်တဲ့အတွက် ခုလောလောဆယ် အချိန်အထိ “ထိလို့မရဖြစ်နေဆဲ” ဖြစ်တဲ့ ဗမာပြည်ရဲ့ သူတော်ကောင်းယောင်ဆောင် ကောင်းစားနေဆဲ စစ်ရာဇဝတ်ကောင်တွေ၊ မုဒိမ်းကောင်တွေ၊ သူခိုးဓါးပြအကြီးစားတွေ၊ ပြည်သူ့ဂုတ်သွေးကိုစုပ်ရင်း မိုက်ရိုင်း ထွားကျိုင်းနေတဲ့ သွေးစုပ်ဖုတ် ကောင်လိုကောင်တွေ ဥပဒေလက်အောက်ရောက် ထိုက်တန်တဲ့ အပြစ်ပေးမှုမျိုး အမြန်ဆုံးစီရင်နိုင်ဖို့ ကြိုးစားကြပါစို့…။ အနည်းဆုံးတော့.. အခွန်ရှောင်မှုနဲ့ ဖြစ်ဖြစ်ပေါ့..။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

6 thoughts on “ထိလို့ မရသူများ (The Untouchables)
  1. Still they have a license to do whatever they like including killing people. I think we need a dynemic leader not like Daw Suu because she is so weak.

  2. စာရေးသူကို ဒီဆောင်းပါးအတွက်အထူးကျေးဇူးတင်ပါတယ်။ အမှန်တရားဆိုတာ လောကထဲမှာအမြဲရှိနေမှာသေချာပါတယ်။ဆက်ပြီးရေးပါအုံး။

  3. မြန်မာနိုင်ငံမှာလဲ ထိလို.မ၇တဲ.သူတွေအမြန်ဆုးံပေါ်ပေါက်လာနိုင်ပါစေလို.့ဆုတောင်းလိုက်ပါတယ်။

  4. သူတို့ရဲ့မျိုးဆက်တွေက အင်အားကောင်းနေတော့ ထိလို့မရတဲ့သူတွေ ပိုများလာဖို့ဘဲရှိတယ်။မြန်မာနိုင်ငံဆိုတဲ့ နာမည်ကိုတောင် သူတို့က သူတို့စိတ်ကြိုက်နာမည်တပ်ချင်နေကြတာပါ။ သူတို့ကိုချေမှုန်းပစ်ဖို့ထက် နောက်ထပ် နှစ်အနည်းငယ်အတွင်းမှာတင်တစ်စစီဖြစ်သွားတော့ ဟမဲ့ နိုင်ငံတော်ကိုကာကွယ်ဖို့အတွက် အရူးတွေကို ဆက်ပြီးအုပ်ချုပ်ခွင့်မပေးမှဘဲရတော့မယ်။ဒါမှမဟုတ်လည်း တို့ပြည်သူတွေအားလုံး ဒိနိုင်ငံကထွက်သွားမှဘဲစောက်ရူးတွေလက်အောက်ကလွတ်တော့မယ်။

  5. ခေါင်းဆောင်အဆက်ဆက်နဲ့ ရာထူးကြီး လက်ကိုင်ရှိသူတွေဟာ တိုင်းပြည်နဲ့ လူမျိုးကို အပေါ်စစ်မှန်တဲ့ စေတနာတရား နဲနဲလေးရှိမယ်ဆိုရင်တောင် မြန်မာပြည်ကြီး ဒီလောက်အဆင့်အတန်း နိမ့်စရာ အရှိပါဘူး။ စိတ်စေတနာ ခေါင်းပါးပြီး အာဏာ၊ ပါဝါနဲ့ မိမိချမ်းသာဖို့ပဲ ကြည့်တတ်ကြသူတွေက နေရာတိုင်းမှာ ခေါင်းဆောင်ခွင့်ရနေသရွေ့တော့ ကျွန်တော်တို့ ဒီဘ၀တွေက ကျွတ်လွတ်ဖို့ မရှိဘူးလို့ပဲ မြင်မိတယ်။ တစ်ခါ တစ်ခါ စိတ်နာလွန်းလို့ အပေါ်က ကိုကိုပြောသလို ဒီနိုင်ငံက ထွက်သွားမှမှပဲ ပြီးမယ်ဆိုတဲ့ စိတ်မျိုး ဖြစ်မိတယ်။ ဆိုးတာက သူတို့တွေ ထင်တိုင်းအုပ်ချုပ်လာတာ ရာစုနှစ် တစ်ဝက်လောက်ကျိုးလို့ တိုင်းပြည်က ဘာမှ တိုးတက်မှုမရှိတာကို အမှန်တိုင်းမမြင်ဘဲ သူတို့ပဲသိ၊ သူတို့ပဲတတ်၊ သူတို့ပဲ တိုင်းပြည်ကို ချစ်တဲစိတ်ရှိ၊ သူတို့အဖွဲ့အစည်းသာလျှင် အလုံးစုံ မှန်ကန်နေကြသူတွေလို့ အယူစွဲနေတာက တိုင်းပြည်ဖွတ်ဖြစ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းပဲ။

Comments are closed.