မိုးမခကို ပေးတဲ့စာ

မိုးမခဟစ်တိုင် (ပေးစာများ)

အောက်တိုဘာ ၂၀၊ ၂၀၁၂

• လကမ္ဘာလမ်းပေါ်က အလှူအတန်း မရက်ရောနိုင်ပါဗျာ
ပေးပို့သူ –  ယာဉ်မောင်းလှအောင်

ကျွန်တော်တို့နေစဉ် သွားလာနေကြရတဲ့ မြ၀တီ-ကောကရိတ်လမ်း (ဒေါနတောင်လမ်း) ကြီးရဲ့ ကြီးမာတဲ့သမိုင်းအစဉ်အလာတွေကတော့ ပြောမကုန်ပါဘူး။ ဒါပေမယ့် လမ်းပြင်မယ်ဆိုပြီး လမ်းကြေးကောက်တဲ့ကုမ္ပဏီကကောင်းလေးတွေကတော့ အလျှော့မပေး လမ်းကြေး ကောက်ပြီး အကြွေပြန်မအမ်းတာက အကျင့်ပါနေပါပြီ။

လမ်းကတော့ မြ၀တီကထွက်လာတယ်ဆိုရင်ဘဲ ကုန်သွယ်ရေးဇုံက အကောက်ခွန်တွေရဲ့ လက်ကလွတ်ဖို့ဆိုတာဟာ ဘ၀တိုက်ပွဲတစ်ခု လိုပါဘဲ။ နိုင်ငံတော်က အခွန်တော်ဘယ်လောက်ရသည်တော့ မသိ။ သူကောက်နေသည့်အခွန်ကတော့ တစ်ရက်အတွက် သိန် ရာချီနေ တာကတော့ အမှန်ပါဘဲ။ ဒီလိုနဲ့ လကမ္ဘာလမ်းကိုမောင်းလာရင် တံတာကျိုးကိုရောက်ပါတယ်။ ဒီမှာလည်း အဖွဲ့က စုံသားဘဲ။ ပေးရကမ်းရ လက်မလည်ပါဘူး။ အရင်က ပျောက်သွားတဲ့မူလေးပေါ့။ မှတ်ပုံတင်ရှိရင် ၅၀၀၊ မရှိရင် ၁၀၀၀ ဆိုတာလေး ပြန်စနေပြီဗျာ။ ပြီးတော့ ဘန် ကောက်ပြန်ဆိုပြီး တွေ့တဲ့သူကိုဆွဲချ အထုတ်တွေကို လုံခြုံရေးအကြောင်းပြပြီး ရှာတယ်။ တွေ့တာအကုန် အခွန်မလွတ်ဘူး၊ ဘာနဲ့ညိတယ် ဆိုပြီး ငွေဘယ်လောက်ဆိုတာလည်း ပြန်စနေပြီဗျာ။

ဒီလိုနဲ့ တောင်လမ်းကိုရောက်ရင်တော့ လမ်းကအလွန်ဆိုးဆိုတဲ့အဆင့်ထက်ကျော်နေတော့ ကားသမားတွေကလည်း သူထက်ငါ အရင် လိုကြတော့ တောလမ်းခရီကြမ်းပြိုင်ပွဲကြီး စတာပါဘဲ။ ဒါပေမယ့် AK လမ်းတွေရဲ့ကောင်းမှုကြောင့် ရှေ့က ကားတစ်စီးပျက်လိုက်ရင် နောက်ကကားတန်းကြီးဟာ တမျှော်တခေါ်ပါဘဲ။ ဒီနေရာမှာ ဈေးလိုက်ရောင်းတဲ့ ဈေးသည်တွေအတွက်ကတော့ အဆင်ပြေစေတာပေါ့။

အဆင်းနေ့ဘဲဖြစ်ဖြစ် အတက်နေ့ဖြစ်ဖြစ် ကားတမ်းပိတ်တာကတော့ နေ့စဉ်ကြုံရတဲ့ကိစ္စပါ။ ဒီနေရာမှာ ပြည်နယ်က လူကြီးလာလို့၊ ၀န်ကြီး လာလို့၊ ဘယ်အဖွဲ့က ဘယ်သူလာလို့ဆိုတဲ့ အရေးကြီး ရှေ့ပြေးကားများကလည်း အဆင်းအတက်မရှိ သွားလာနေကြတာမို့ လမ်းပိတ်ရတဲ့ အကြောင်းရင်ထဲက တစ်ခုဖြစ်ပြီး ကြောက်ရတယ်ဆိုတာကတော့ အားလုံးသိပြီး ဖြစ်မှာပါ။

ဘာဘဲဖြစ်ဖြစ် ဒီလမ်းလေးရှိနေသေးလို့ ထိုင်းပစ္စည်း ပြည်မကသုံးနေရတာပေါ့လေ။ အသက်နဲ့ရင်ပြီး ကားမောင်းလာလိုက်တာ ကော့ ကရိတ်အ၀င်ဂိတ်မှာတော့ လုံခြုံရေးအရထပ်ပြီး စစ်ဆေးလိုက်ပါတယ်။ ခရီးသည်တွေလည်း မှတ်ပုံတင်မပါလို့ ၁၀၀၀ နဲ့ ပါတဲ့သူကျတော့ တော့ ဘန်ကောက်ပြန်လို့စွဲချက်တင်လိုက်ရင် ၃၀၀၀ လောက်ထွက်သွားမှဘဲ ကောကရိတ်မြို့ထဲကို ၀င်လို့ရပါတော့တယ်ဗျာ။
…………………………………..

• ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားနှင့် ဆေးရုံကဒ် 
ပေးပို့သူ – ဟန်ဝင်း

သေခြင်း (၄) မျိုးရှိတယ်။

၁။ သက်တမ်းကုန်လို့ သေရတာ။
၂။ ကံစွမ်းကုန်လို့ သေရတာ။
၃။ သက်တမ်းရော၊ ကံစွမ်းပါကုန်လို့သေရတာ
၎။ အကုသိုလ်ကံဖြစ်လို့ သေရတာတွေပါပဲ။

လူတွေဟာ သေခြင်းတရား (၄) မျိုးအနက် တမျိုးမျိုးသောသေခြင်းကို တမျိုးမဟုတ်တမျိုး သေရမှာ မလွန်ဆန်နိုင်ပါ။ သေခြင်းတရားဆို သည်မှာ လူတိုင်းမလွဲမသေရင်ဆိုင်ရမည်ဆိုတာ အသိပါ။ လူတွေသည် မသေသင့်ဘဲသေရသည်လို့ တခါတလေဆိုမိကြပါတယ်။ မိုက် ကယ်ဂျက်ဆင်တို့ အဆိုတော်စိုင်းထီးဆိုင်တို့ သေတုန်းက အရွယ်မတန်သေးဘဲနဲ့သေရတယ်လို့ ဆိုဖူးပါလိမ့်မည်။

ထိုင်းနိုင်ငံတောင်းပိုင်း ပူကစ်မြို့ စူပါချိပ် ကုမ္ပဏီအလုပ်သမားတစ်ယောက် မောင်ငွေစိုးအချိန်မတန်ဘဲသေရသည်လို့ဆိုရင် မှားနိုင်မည်မ ထင်ပါ။ စူပါချိပ်ကုမ္ပဏီတွင် ဆေးရုံဘတ်လုပ်ရန်အတွက် အလုပ်သမားတွေမှာ ပိုက်ဆံဖြတ်ထားပြီး ဆေးရုံဘတ်မလုပ်ရသေးတဲ့လူတွေလည်း ရှိပါတယ်။ အဲဒီထဲမှာ မောင်ငွေမိုး (ထိုင်းနာမည် နောင်) ဆိုပြီး မြန်မာအလုပ်သမားတစ်ယောက်လဲပါဝင်ပါသည်။ သူက ကျန်းမားရေမကောင်း လို့ ပူကစ်မြို့ရှိ ဝတ်ချိလ ဆေးရုံကြီးသို့တင်လိုက်ရပါသည်။ ရောဂါကတော့ အသဲရောင်အသားဝါလို့ ဆိုပါတယ်။ ဆေးရုံမှာ တစ်ညအိပ်ပြီး မနက်ဖြန် လူနာရှင်သွားတွေ့တော့ ၈၀၀၀ ဘတ်ပေးရသည်တဲ့။ နောက်ထပ်သုံးရက်လောက်ကြာတော့ ပိုက်ဆံရှင်းတော့ ၃၀,၀၀၀ ဘတ် တောင်းတယ်လို့ဆိုပါတယ်။ အဲဒါနဲ့ လူနာရှင်လဲ သွားမတွေတော့ဘူး။ လူနာလည်း ဆေးရုံမှာ ၈ ရက်လောက်ကြာသွားတော့ ၂၀၀,၀၀၀ ဘတ်လောက်ပေးရမယ်လို့ဆိုပြန်တယ်။ လူနာရှင်ကိုယ်တိုင်သွားမတွေ့တော့ပဲ သူငယ်ချင်းတွေကိုပဲ သွားတွေ့ခိုင်းရပါတယ်။ လူနာကတော့ ICU ခန်းထဲမှာ ၁၅ ရက်လောက်ကြာသွားပါတယ်။ နောက်ဆုံးတော့ ၃၈၀,၀၀၀ ဘတ်ပေးရတော့တယ်။

 လူနာရှင်ရဲ့ယောက်ဖဖြစ်သူ ကိုတွံတေးပြောတာက “ICU အခန်းထဲမှာ ၁၀ ရက်လောက်ကြာတယ်။ အပြင်မှာ ၁၅ ရက်လောက်ကြာတယ်။ ၃၈၀,၀၀၀ ဘတ်တောင်းတယ်။ ကျွန်တော်တို့က သွားလဲမတွေ့တော့ဘူး။ နေကောင်းရင်တော့ ရဲလက်ကိုအပ်ရင် ရဲလက်ထဲမှာ ဘဲသွား ထုတ်တော့မယ်လို့ ထားလိုက်တယ်” ဟု ဆိုသည်။

မောင်ငွေမိုးဆိုသူသည် စူပါချိပ်ကုမ္ပဏီအလုပ်သမားတစ်ယောက်ပြီး ဆေးရုံကဒ်လုပ်ရန်အတွက် ပိုက်ဆံလည်းဖြတ်ထားပြီးတော့ ဆေးရုံ ကဒ်လည်း မလုပ်ပေးပါ။ အကယ်၍ ဆေးရုံကဒ်ရှိနေမယ်ဆိုရင် ဒီလောက်ငွေလဲပေးရချင်မှပေးရမယ်။ ဆေးရုံကဒ်ရှိနေရင်တော့ တမျိုး တော့ဖြစ်သွားနိုင်တယ်။

ယောက်ဖဖြစ်သူ ကိုတွံတေးက “သေသွားတာကို အလောင်းကိုတောင်ယူလို့မရဘူး။ ပိုက်ဆံပေးမှ အလောင်းပေးမယ်လို့ဆိုတယ်။ ကျွန် တော်တို့လည်း ဒီလောက်များတဲ့ပိုက်ဆံ ၃၈၀,၀၀၀ ဘတ်ကို ရှာမတွေ့ဘူး။ မသေခင်ကလည်း ပိုက်ဆံ ၂၀၀၀၀ ဘတ်လောက်ကုန်သေးတယ်။ ဒီကမြန်မာအလုပ်သမားတွေအလှူခံပေးတာ တစ်သောင်းလောက်ရသေးတယ်” လို့ ဆိုတယ်။

မောင်ငွေမိုးက မော်လမြိုင်၊ ကျောက်တန်းကဖြစ်ပြီး မိဘနှစ်ပါးနဲ့ ငယ်စဉ်ကတည်းအတူမနေရပဲ အတန်းကျောင်းပညာကိုလည်း မသင်ရဘူး လို့ဆိုပါတယ်။ မောင်ငွေမိုးဟာ ပျော်ပျော်နေတတ်ပါတယ်။ စာပေအကြောင်း ပေအကြောင်းတွေလည်း အတော်အတန်ပြောနိုင်ပါတယ်။ ကွန်ပြူတာလည်း အသုံးပြုတတ်ပါတယ်။

တရားဝင်မှတ်ပုံတင်ထားတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ ဘတ် ၃၀ နဲ့ ဆေးကုသလို့ရတဲ့အခွင့်အရေးတွေ၊ ပြီးတော့ တနေ့ လုပ်အားခကို ထိုင်းနိုင်ငံသားတွေရတဲ့အတိုင်း ဆောင်ရွက်ပေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံခရီးစဉ်မှာ ထိုင်း ဒု ၀န်ကြီးချုပ် ချလုံ ယူဘမ်ပရုန်း  ဒေါ်အောင်ဆန်းစုကြည်ကိုပြောခဲ့တဲ့စကားကို ဘယ်လိုယုံရမှန်းဆိုတာ မသိတော့ပါ …။

ကျွန်ုပ်တို့သည် ထိုင်းနိုင်ငံအတွင်း  အေးချမ်းစွာ နေထိုင်ရပါလို့၏။
ကျွန်ုပ်တို့သည် ထိုင်းနိုင်ငံအတွင်း  ထိုင်းနိုင်းငံသားတွေနဲ့အတူ အခွင့်ရေးရ ရပါလို့၏။
ကျွန်ုပ်တို့သည် ထိုင်းနိုင်ငံအတွင်း ထိုင်းနိုင်ငံသားတွေနဲ့အတူတူ ချစ်ချစ်ခင်ခင် နေထိုင်ချင်ပါ၏။
ထိုင်နိုင်ငံအတွင်းနေထိုင်ကြကုန်သော လူသားအပေါင်းတို့ ကိုယ်အစိတ်နှစ်ဖျာကျန်းမားပါစေ…..။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “မိုးမခဟစ်တိုင် (ပေးစာများ)
  1. သတင်းတွေဖတ်ရတာ စိတ်မကောင်းစရာတွေချည်းပါလား။ နန်းခင်ဇေယျာလိုသတင်းကောင်းမျိုးဘဲကြားချင်ပါသည်။
    ထိုင်းတွေက အစကထဲကမကောင်းတာပါ။ ဗမာတွေကတော့ သူတို့ထက်ဟို ပဝေသဏီထဲက မကောင်းတာပါ။ ဒါကြောင့် လမ်းတွေကလဲ ဘယ်တော့မှကောင်းလာမှာမဟုတ်ပါဘူး။

  2. မြ၀တီနယ်စပ်ကုန်သွယ်ရေးဇုန်မှာ စစ်တပ်ကပြောင်းလာတဲ.ဗိုလ်ကြီးမျိုးကျော်ထွန်းနဲ.သူဆရာ ကာစတန်ဒုညွန်(ပြည်နယ်မှုးတို. အရမ်းရမ်းကိုလုပ်စားလို.ကောင်းနေတယ်ဗျ

Comments are closed.