သတင်းဆောင်းပါး

O.I.C ကန့်ကွက်ပွဲ တစ်ပြိုင်နက်တည်းကျင်းပ မြင်ကွင်းနဲ့ အတွေ့အကြုံ (Mandalay)

မိုးမခမိတ်ဆွေ၊ မန္တလေး ၊ ၁၅ အောက်တိုဘာ ၂၀၁၂

          မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်မှ ဒေါ်မြင့်မြင့်ကြည် ဦးဆောင်သည့် ဆန္ဒပြအဖွဲ့သည် ၁၅.၁၀.၂၀၁၂-ရက်နေ့ မွန်းလွဲ(၁)နာရီတွင် သိပ္ပံလမ်းနှင့် ၆၂-လမ်းထောင့်မှ စတင်ချီတက်ခဲ့ကြပါသည်။

          ဒေါ်မြင့်မြင့်ကြည် ဦးဆောင်သည့် မဟာအောင်မြေအဖွဲ့သည် O.I.C-ကို ကန့်ကွက်ခြင်းနှင့် ဘင်္ဂလာဒေ့ရှ်အကြမ်းဖက်မှုကို ရှုတ်ချခြင်းများပြုလုပ်သည့် ဆန္ဒဖော်ထုတ်ပွဲကြီးဖြစ်ပါသည်။ မဟာအောင်မြေ မြို့နယ်မှူးရုံးတွင် တရားဝင်စာတင်၍ ခွင့်တောင်းခဲ့ရာ ခွင့်ပြုချက်ရသော အဖွဲ့လည်း ဖြစ်ပါသည်။

          မဟာအောင်မြေအဖွဲ့သည် မွန်းလွဲ(၁)နာရီတွင် သိပ္ပံလမ်းအဝိုင်းထောင့်မှ ၆၂-လမ်းအတိုင်း မြောက်ဘက်သို့ ဆက်လက်ချီတက်၍ ဆန္ဒပြရာလမ်းတစ်လျှောက်တွင် ဗီနိုင်းပိုစတာများ၊ ဂျပ်စက္ကူဆိုင်းဘုတ် များကိုင်ဆောင်၍ ကြွေးကြော်သံများမပါဘဲ ဆန္ဒပြခဲ့ကြခြင်း ဖြစ်ပါသည်။

          ဗီနိုင်းပိုစတာများတွင် ဘင်္ဂလားဒေ့ရှ်အကြမ်းဖက်မှုကို ရှုတ်ချကြောင်း၊ ဘင်္ဂလားဒေ့ရှ်အစိုးရက အမြန်ဆုံးဖြေရှင်းပေးဖို့ တောင်းဆိုကြောင်း၊ မြန်မာအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့ ပူးပေါင်းဖြေရှင်းပေးရန် တောင်းဆိုထားသည့်စာသားများ ပါဝင်ပါသည်။

          ဆိုင်းဘုတ်များတွင် – ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်သမားများကို ချက်ချင်းအရေးယူပေးရန်၊ အပျက်အစီး များကို ပြန်လည်တည်ဆောက်ပေးရန်၊ ဗုဒ္ဓဘာသာဝင်များနှင့် ရဟန်းတော်များလုံခြုံရေးကို ဘင်္ဂလားဒေ့ရှ် အစိုးရက အပြည့်အဝတာဝန်ယူရန်နှင့် O.I.C-ကို ကန့်ကွက်ထားသည့် ဆိုင်းဘုတ်များ ပါဝင်ပါသည်။

          ဒေါ်မြင့်မြင့်ကြည်ဦးဆောင်သော အဖွဲ့သည် အင်အား(၅၀)ကျော်သာရှိပြီး၊ ကြိုးဝိုင်းအတွင်းမှာသာ စည်းကမ်းရှိစွာ စီတန်းလှည့်လည်ကြခြင်းဖြစ်ပါသည်။

          ကြိုးဝိုင်းအတွင်း အင်အားငါးဆယ်နောက်တွင် လိုက်ပါအားပေးသူ ဆိုင်ကယ်များမှာ အင်အား(၁၀၀) ကျော်ရှိပြီး ၎င်းဆိုင်ကယ်တန်းကြီး၏ နောက်တွင် သံဃာတော်များအပါး(၂၅၀)ကျော် ချီတက်ဆန္ဒပြခဲ့ ကြပါသည်။ သံဃာတော်များက Get out O.I.C ။  O.I.C NO Need. စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး၊ O.I.C အလိုမရှိ၊ ဘင်္ဂါလီ အလိုမရှိ၊ ရိုဟင်ဂျာ အလိုမရှိ ကြွေးကြော်သံများဖြင့် ကြွေးကြော်ဆန္ဒပြခြင်း ဖြစ်ကြောင်း သိရသည်။

          ၃၅-လမ်း အရောက်တွင် အရှေ့ဘက်ကွေ့ကာ ၅၈-လမ်းအရောက်တွင် ရပ်နားပြီး လူစုခွဲသွား ကြပါသည်။

          ဒေါ်မြင့်မြင့်ကြည်တို့ အဖွဲ့သည် အင်အား(၁၀၀)ခွင့်ပြုချက်ရထားပြီး၊ လူ(၁၀၀)ကျော်  လိုက်ပါဖို့ စာရင်းပေးထားကြသော်လည်း လူ(၅၀)ကျော်သာ လိုက်ပါဆောင်ရွက်ကြသည့်အကြောင်းကို ဒေါ်မြင့်မြင့်ကြည် က ယခုလိုဖြေပါသည်။

          “မူလက ပါတီဝင်များနှင့် ပြည်သူများ စုံလင်အောင် စီစဉ်ထားတာ။ N.L.D ပါတီဝင်တွေလည်းပါတယ်။ ပြည်ခိုင်ဖြိုးပါတီဝင်တွေလည်းပါတယ်။ မနေ့က (၁၄.၁၀.၂၀၁၂)ရက်နေ့ ဝန်ကြီးနှင့်အဖွဲ့ခေါ်မေးတော့ ပါတီနှင့် ပြည်သူတစ်သားတည်းရှိကြောင်းပြချင်လို့ အရပ်သားတင်မဟုတ်ဘဲ ပါတီဝင်တွေပါ အရပ်သား ဝတ်စုံဖြင့် ပါဝင် ဆန္ဒပြမယ့်အကြောင်းပြောမိတယ်။ ညနေလဲ ရောက်ရော ဆိုင်ရာပါတီတွေကို ဆင့်တယ်။ ပါတီတွေက ခေါ်ပြောတော့ မလိုက်ရဲကြတော့ဘူး။ ဒါ့ကြောင့် တစ်ရာမပြည့်တော့တာ”

        အဆိုပါ ဆန္ဒပြပွဲကို လုံခြုံရေးရဲများက ဝန်းရံလိုက်ပါ စောင့်ရှောက်ခဲ့ကြပါသည်။

          ၅၈-လမ်းတွင် ပြီးဆုံးသွား၍ လူစုကွဲသွားသောအခါ ဆန္ဒပြသူများသည် မိမိတို့၏ ဆိုင်းဘုတ်များကို ရုပ်သိမ်းပြီး၊ အိမ်တော်ရာ သံဃာ့အဖွဲ့နှင့် ဆက်လက်ပူးပေါင်းသွားပါသည်။

          မန္တလေးလူအဖွဲ့၊ သံဃာအဖွဲ့နှင့်အတူ ပခုက္ကူ၊ မြင်းခြံ၊ ရေနံချောင်း၊ ရန်ကုန်၊ စစ်တွေ စသည်တို့တွင်လည်း OIC-ကို ကန့်ကွက်သည်။ ဆန္ဒပြပွဲ တစ်ပြိုင်တည်း၊ တစ်နေ့တည်း ကျင်းပခဲ့ကြောင်း သိရပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts