သားကြီးမောင်ဇေယျ သရော်စာ

မှားပြီးရင်းမှား ၃ (Thargyi Maung Zeya)

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

မှားပြီးရင်းမှား  ၃

သားကြီးမောင်ဇေယျ၊ အောက်တိုဘာ ၁၆၊ ၂၀၁၂

ကျနော့်ပန်းချီကားတွေကြည်ပြီး ကျနော်နဲ့ရင်းနှီးတဲ့ သူငယ်ချင်းများက ကျနော်ကို အချိန်နဲ့ နေရာမှားပြီးရောက်လာသူလို့ ပြောကြ ပါတယ်။

ဟုတ်ပါတယ်။ သူတို့ ပြောစကားဟာ ကျနော် အလုပ်ခွင်ထဲရောက်တော့ ပိုမှန်သွားပါတယ်။

ကျနော်လုပ်ရတဲ့ အလုပ်က စာပြင်ဆရာအလုပ်ဖြစ်ပါတယ်။ အမှားပါရမီထူးချွန်တဲ့ ကျနော်ဟာ စာပြင်တဲ့ အလုပ်ကိုလုပ်ရတော့ ကျနော့်ရဲံအမှားတွေဟာ ဂန္ဓ၀င်မြောက်အမှားတွေဖြစ်လာပါတော့တယ်။

ဒီနေရာမှာ ကျနော်စာဖတ်သူကိုနည်းနည်းပြောပြဖို့လိုပါမယ်။ စာပြင် အလုပ်ဆိုတာ စာအုပ်တစ်အုပ်မရိုက်မီ စာအုပ်မှာပါတဲ့ စာသားတွေကိုသတ်ပုံမှန်မှန်၊ အစိပ် အကျဲမှန်မမှန် စစ်ဆေး ပြင်ဆင်ပေးရတဲ့ အလုပ်ပါ။ စာအုပ်မဖြစ် မီ ခဲစာလုံးနဲ့စီထားတဲ့ စာတွေကို ရေစွတ်ထားတဲ့ စက္ကူနဲ့ မှင်အနည်းငယ်စွတ်ထားတဲ့ စာစီပြီးသား ခဲစလုံးတွေထည့်ထားတဲ့ဘန်းထဲ က စာကို လက်နဲ့ဖိပြီး ပုံနှိပ်ထားစာရွက်ပေါ်မှာထင်လာအောင်လုပ်ရပါတယ်။ အဲဒီစာရွက်ပေါ်ထင်လာတဲ့ စာကို စာပြင်ဆရာက စာ ကျ မကျ၊ စာလုံးပေါင်းသတ်ပုံ မှန်မမှန် စစ်ဆေးပြီး တစ်ခါပြင်ရပါတယ်။ နောက် စာဖေါင်သွင်းပြီးရင် တစ်ခါပြင်ရပါတယ်။ စာဖေါင်ပေါ်မှာတော့ စာဆက် မှန်မမှန် ၊ သတ်ပုံမှန်မမှန်ကို ၊ အစိပ်အကျဲ မှန်မမှန်ကို စစ်ဆေးပြင်ဆင်ရပါတယ်။ နောက်စက်ပေါ်တင်ပြီး စက်နဲ့ နှိပ်လို့ထွက်လာတဲ့ စာကိုတစ်ခါပြင်ရပါတယ်။ အဲဒါကို ဖိုင်နယ်ပရု လို ခေါ်ပါတယ်။ နောက်ဆုံးအပြီးသတ်ပြင်ရတာပါ။ အဲဒီလို  အနည်းဆုံးသုံးခါပြင်ပြီးမှ စာပြင်ဆရာက လက်မှတ်ထိုးပြီးပုံနှိပ်ခွင့် ပြုပါတယ်။ စာပြင်ခ တဖေါင်ကို ကျပ်နှစ်ဆယ်ရပါတယ်။ တနေ့ကို ငါးဖေါင်လောက် ပြီးရင်နေ့တွက်ကိုက်ပါတယ်။

ကျနော်ကလည်း ဒုတိအကြိမ် ထောင်က ထွက်ခါစ အိမ်က ပုံနှိပ်တိုက်မှာ စာပြင်ပေးရင်း လက်ဖက်ရည်ဖိုး ဖန် နေတဲ့ အချိန်ပါ။

တခါတလေ စာရေးဆရာကြီးဦရန်အောင်ဟာ ဖေဖေ့ဆီလာလည်ရင်း ကျနော်ပရုဖတ်တာကို တွေ့တဲ့ အခါ ကျနော့် အမှားတွေကို ထောက်ပြ ပြင်ဆင်ပေးခဲ့ပါတယ်။  ဟံသာဝတီ ပရုဖတ်နည်းလို့ သူပြောတဲ့ ပရုဖတ်နည်းဟာ အတော်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ တစ်ယောက်က စာမူကိုကိုင်ပြီး စာလုံးတစ်လုံခြင်းပေါင်းပြရပါတယ်။ အဲဒါကို နောက်တစ်ယောက်က စာတလုံးခြင်းကိုထောက်ပြီးလိုက်စစ်ရပါတယ်။ အဲဒါတောင် အမှားမကင်းဘူးလို့သိရပါတယ်။

ကျနော်တို့ခေတ်ရောက်တော့ စာပြင်ဆရာတစ်ယောက်ထဲကပဲ စာကို ဖတ်လည်းဖတ်ပြင်လည်းပြင်တဲ့ခေတ်ရောက်နေပါပြီ။ ထုံးစံ အတိုင်း အမှားတွေက ပလပွပေါ့။  မသိလို့မှားတာရယ်၊ မတတ်လို့မှားတာရယ်၊ မမြင်လို့မှားတာရယ်၊ စာပြင်ဆရာပြင်ဖို့ ကျန်သွားလို့မှားတာရယ် အမှား အသွယ်သွယ် သောက်သောက်လည်အောင်မှားတော့တာပါပဲ။

အခုကွန်ပြူတာ ခေတ်လို သတ်ပုံတွေကို အချိန်နဲ့ တပြေးညီ စွမ်းစွမ်းတမံ မှားနိုင်ခွင့် မရသေးပေမဲ့ အဲဒီခေတ် အဲဒီအခါတုန်းက အမှားတွေ အထူးအထွက်တိုးအောင် ဆောင်ရွက်တဲ့နေရာမှာ ကျနော်ဟာ ရှေ့တန်းက မပါဝင်နိုင်ရင်တောင် နောက်တန်းတော့ မရောက်ခဲ့ပါဘူး။

တနေ့တော့ . . . . ။ မှတ်မှတ်ရရတနေ့ပေါ့။

ဆရာဒဂုန်တာရာ ရဲ့ အမှာပါတဲ့ စာအုပ်တစ်အုပ်ကို ကျနော် ပရုဖတ်ခွင့်ရပါတယ်။ စာရေးဆရာပဲ ကံမကောင်းတာလား၊ ထုတ်ဝေသူပဲ ကံဆိုးတာလား၊ ဆရာဒဂုန်တာရာပဲ ကံဇာတာညိုးနေလို့လားမသိပါဘူး။ ကျနော့်ရဲ့ ကြီးမြတ်တဲ့ အစဉ်အလာအတိုင်း မှားပါတော့တယ်။

ကျနော် ဂရုစိုက်ပါတယ်။ ဆရာဒဂုန်တာရာရဲ့ စကားလုံးတွေ၊ ဆရာဒဂုန်တာရာရဲ့ လေနုအေးလိုအရေးအသားတွေ ဟာ ကျနော်ပေါ့ဆမူ့ကြောင့်မမှားအောင်ပေါ့။ စာကားလုံးတခုခြင်း၊ ၀ါကျတခုခြင်း၊ စာတပိုဒ်ခြင်း ၊ ကျနော်ဂရုစိုက်ပါတယ်။ ဒါပေမယ် ကြီးမြတ်တဲ့ သမိုင်းအစဉ်အလာဆိုတာ တော်တော်နဲ့ဘယ်ပျောက်မလဲဗျာ။ ထုံစံအတိုင်းအကြီးအကျယ်မှားပါတော့တယ်။ စာကားလုံးမှာလည်းမဟုတ်၊ ၀ါကျမှာလည်းမဟုတ်၊ စာပိုဒ်မှာလည်းမဟုတ်၊ ခေါင်းစဉ်မှာ မှားတာပါဗျာ ။ ခေါင်းစဉ်ကြီးမှ ၁၆ မဲ နဲ့စီထားတဲ့ ခေါင်းစဉ်မှာ မှားတာပါ။ ခေါင်းစဉ်က ဆရာဒဂုန်တာရာရဲ့ အမှားစာ တဲ့ဗျာ။

ဖေဖေက ရိုက်ပြီးသား စာဖေါင်ကို ယူကြည့်ပြီး ဟိုး ဟိုး စက်ရပ်ဦး ဆိုပြီးစက်ရပ်ခိုင်းလိုက်တယ်။ မင်းဒါမမြင်ဘူးလားလို့ အပြစ်တင်တယ်။ ဖိုမင် ကိုခေါ်ပြီး ၀တ်ဆံ နှစ်လုံး ပေါက် ကို ခြစ်ပစ်ဖို့ပြောပါတယ်။ ဖိုမင်က မျက်နှာငယ်ကလေးနဲ့ ကျနော့်ကိုလှမ်းကြည့်ပါတယ်။ ကျနော်က စက်သမားလေး မောင်စံ ကို အသနားခံတဲ့ မျက်နှာနဲ့ ကြည့်တယ်။ မောင်စံကတော့ ကျေနပ်ပုံမပေါ်ဘူး။

တကယ်တော့ စက်ပေါ်ရောက်မှ စာပြင်ခွင့် မရှိပါ။ စက်ပေါ်ရောက်မှာ စာပြင်ရင် စာပြင်ဆရာနဲ့ ဖိုမင်က စက်ဆရာကို ညနေဖေါင်ပိတ်ချိန်မှာ ဘီအီ အရက်တစ်လုံးနဲ့ တောင်းပန်ရတယ်။ အဲဒါ ဘယ်သူတွေ ဘယ်တုန်းက လွှတ်တော်ခေါ်ပြီး ဆွဲထားတဲ့ ဥပဒေ ဆိုတာ ကျနော်တို့ မသိရပေမယ့် ကျနော်တို့ ပုံနှိပ်တိုက်လောကသားတွေ လေးလေးစားစား လိုက်နာနေကြပါတယ်။

ညနေ ရောက်တော့ ကျနော်တို့က အရှင်ကြီးစက်ဆရာ မောင်စံကို ဘီအီးတလုံးနဲ့ ပူဇော်တောင်းပန်ပါတယ်။ အဲဒီအခါ အရှင်ကြီးမောင်စံချွေတဲ့ မိန့်မှာ ချက်က မှတ်သားဖို့ကောင်းပါ။

ဒီမှာ ကိုဇေယျရဲ့ ခင်ဗျားအဖေ (လင်းယုန်မောင်မောင်) ဟာ  အစိုးရိမ်ကြီးတာပါ၊ တကယ်တော့ စာဖတ်သူတွေဟာ ဒဂုန်တာရာရဲ့အမှားစာ ဆိုတာ သတိမထားမိပဲ ဒဂုန်တာရာရဲ့ အမှာစာ လို့ပဲဖတ်သွားမှာပါ။ သတိထားမိပြီး သိတဲလူကလဲ ကိုယ့်ဖာသာကိုယ် ပြင်ဖတ်သွားမှာပါဗျာ၊ စိုးရိမ်စရာမလို ပါဘူး။

မှတ်သားလောက်ပါတယ်ဗျာ။ ကမ္ဘာကျော် စာဖတ်နည်းသစ်ပေါ့။

ကဲ စာဖတ်သူတို့ရေ ကျနော်အခုရေးတဲ့ စာမှာ အမှားတွေအများကြီး တွေ့ရင် ကျနော့်စက်ဆရာ ကိုစံမိန့်သလိုပဲ ပြင်ဖတ်လိုက်ကြပါ။ မတွေ့ရင်လည်း ပို အဆင်ပြေသွားတာပေါ့နော်။

၂၇-၀၉-၂၀၁၂


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts