သူတို့အာဘော်

ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကားက နှုတ်ခွန်းဆက်သလိုက်ပါတယ် (Maung Yit)

အယ်ဒီတာ့လက်ရေး (၁၅)

ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကားက နှုတ်ခွန်းဆက်သလိုက်ပါတယ်

မောင်ရစ်၊ အောက်တိုဘာ ၅၊ ၂၀၁၂

ဇူလိုင် ၁၉ နေ့ကစပြီးတော့ နောက်ပိုင်း ဘယ်စာမှ မရေးဖြစ်တော့ဘူး။ သြဂုတ်နဲ့ စက်တင်ဘာ ၂ လ လုံးလုံးမှာ ဆန်ဖရန်ဘေးဧရိယာ မြန်မာတိုင်းရင်းသားမိသားစုများနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပွဲ အတွက် တောက်တိုမယ်ရ (TTMY) အလုပ်တွေ ၀ိုင်းကူလုပ်နေရတာနဲ့ စာလည်း မရေးဖြစ်၊ စာမူတွေလည်း မတင်ဖြစ်ဘူး။ အဲသည်အချိန်မှာ ရန်ကုန်က သန်းစိုးလှိုင်၊ ချင်းမိုင်နဲ့ မဲဆောက်က ရန်လိုကျွဲနဲ့ ကိုအောင်ထက်တို့က ဆက်ပြီး စာမူတွေ၊ သတင်းတွေ ဆက်လုပ်ပေးနေလို့ မိုးမခလည်း ဆက်ပြီး ရှင်သန်နေတယ် ဆိုကြပါစို့ရယ်။ ပင်တိုင်တွေဖြစ်တဲ့ တူမောင်ညို၊ ကူမိုးကြိုး၊ ဖိုးထက်၊ ဖိုးဇီးရိုး၊ ဇော်အောင်၊ မိုးမခအထောက်တော်တွေ၊ အရှင်ပညာနန္ဒ၊ ကမာပုလဲ စတဲ့ ၀ိုင်းတော်သားတွေကလည်း အဆက်မပြတ် စာတွေ ရေးနေကြတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။

ခုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၇ ရက်ကျော် ကြာမြင့်တဲ့ အမေရိကန်ပြည်တွင်း မြန်မာများနှင့် တွေ့ဆုံခြင်း ခရီးစဉ် အောင်မြင်စွာ ပြီးဆုံးသွားပါပြီ။ ဦးဝင်းတင်ပြောသလို ဒေါ်အောင်ဆန်းစုကြည် ထွက်ပေါ်လာတဲ့အခါ မိုးရွာချလိုက်လို့ ပန်းပေါင်းစုံပွင့်လင်းသွားသလိုမျိုး အမေရိကန်တပြည်လုံးက မြန်မာတိုင်းရင်းသား မိသားစုများစွာတို့ စုဝေးပြီး ပန်းပေါင်းစုံ ပွင့်လင်းခွင့်ရလိုက်တာကို မြင်လိုက်ကြရတာပါပဲ။  အဓိကအချက်တွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာတိုင်းရင်းသား မိသားစုတွေ တွေ့ဆုံပွဲတွေ လုပ်ဖြစ်တယ်။ အဲသည်တွေ့ဆုံပွဲတွေကို မြန်မာကွန်မြူနီတီက ရှေ့ဆောင်ပြီး လုပ်ကိုင်ကြတယ်။ အဲသည်ပွဲတွေကို မြန်မာမိသားစုတွေကိုယ်တိုင်က အခြားသော အမေရိကန်ကွန်မြူနီတီတွေနဲ့ အတူ ဂုဏ်ယူဝမ်းမြောက်စွာနဲ့ တက်ရောက် ဆင်နွှဲကြတာကို တွေ့ရပါတယ်။

မြန်မာမိသားစုတွေရဲ့ အသံတွေ၊ ခံစားချက်တွေ၊ မေးခွန်းတွေကို ဒေါ်စုကိုယ်တိုင် တိုက်ရိုက်သိရှိပြီး ဖြေကြားနိုင်သလို၊ မြန်မာမိသားစုတွေကိုယ်တိုင်ကလည်း ဒေါ်စုရဲ့ တိုက်ရိုက်ဖြေကြားချက်တွေကို ကြားနာရတဲ့အတွက် ကျေနပ်အားရမှုတွေ ဖြစ်ကြရတာကို တွေ့ရပါတယ်။ ယခင် ဥရောပပွဲတွေမှာဆိုရင် ပြည်သူ့လွှတ်တော်ကို မတက်ရောက်ရသေးတဲ့ မဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တဦးအနေနဲ့ လွှတ်တော်တွင်း နိုင်ငံရေးလှုပ်ရှားမှုတွေကို မဖော်ဆောင်နိုင်သေးတာကြောင့် လူထုအမေးတွေကို ကျယ်ပြန့်စွာ မဖြေခဲ့သော်လည်း ယခု လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေသူ တဦးအဖြစ်နဲ့ မြန်မာပြည်နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ပြီး အာမခံချက်၊ စိန်ခေါ်ချက်၊ သတိပြုစရာများ၊ နိုင်ငံသားများ၊ ပြည်ပရောက်များရဲ့ တာဝန်တွေ အလုပ်တွေ၊ မျှော်လင့်ချက်တွေကို ဒေါ်စုက ကျယ်ကျယ်ပြန့်ပြန့် ဖြေကြားသွားတာကို မြင်ကြရပါတယ်။

ကျနော့်အနေနဲ့ကတော့ ပြည်တွင်း ပြည်ပမှာ အနှံ့အပြားရောက်ရှိနေတဲ့ မြန်မာပြည်သူလူထု၊ မြန်မာ့အရေးလှုပ်ရှားသူများ၊ တသီးပုဂ္ဂလများ၊ အဖွဲ့အစည်းများအားလုံးနဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ နိုင်ငံရေးလှုပ်ရှားမှုလမ်းကြောင်းတို့  “ဇာတ်ပေါင်းခန်း တခု” ကို ကြည့်ရသလိုပဲလို့ တွေးမြင်မိပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူလူထုကို တိုင်းပြည်အသွင်ကူးပြောင်းရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် တာဝန်သိသိ၊ သတိရှိရှိ၊ ရိုးသားမှု၊ သတ္တိရှိမှု၊ အဆင်သင့်ဖြစ်အောင် ပြင်ဆင်မှုတွေနဲ့ တယောက်တလက် ၀ိုင်းဝန်းကြဖို့ကို ကြိုဆိုလိုက်ပါတယ်။ ညီညီညွတ်ညွတ်နဲ့ လက်တွဲကြမှသာ နားလည်မှု၊ စာနာမှု၊ သဘောထားကြီးမှုတွေနဲ့ တည်ဆောက်ကြမှသာ တိုင်းပြည်တပြည် ရှေ့ဆက်တိုးနိုင်လိမ့်မယ်လို့လည်း အကြိမ်ကြိမ် သတိပေးလိုက်ပါတယ်။ တရားမျှတမှုရှိဖို့၊ ဥပဒေစိုးမိုးမှု ရှိဖို့ ဖော်ဆောင်ရေးကို ရှေ့ရှုနေရင်းကပဲ မတရားမှုတွေ၊ လူ့အခွင့်အရေးချူိုးဖောက်မှုတွေကို ကြိုတင်ကာကွယ်နိုင်ဖို့ကိုလည်း ပြင်ဆင်လုပ်ကိုင်နေကြဖို့ လိုတဲ့အကြောင်းကိုလည်း ပြောသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ်နဲ့ တွေ့ဆုံပွဲတွေ အောင်မြင်တာဟာ အမေရိကန်ပြည်ထောင်စု အစိုးရ၊ ပြည်နယ်အသီးသီး၊ မြို့နယ်အသီးသီးက အုပ်ချုပ်ရေးအဖွဲ့၊ လုံခြုံရေးအဖွဲ့များ၊ အမေရိကန်အဖွဲ့အစည်းအသီးသီးများရဲ့ ပံ့ပိုးကူညီ ၀န်းရံ ဆောင်ရွက်မှုတွေ ပြည့်ဝလို့ ဖြစ်တာကိုလည်း ၀န်ခံရမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်သူတို့တွေ့ဆုံပွဲကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်ပြည်သူတွေ တွေ့ဆုံပွဲရယ်လို့ သဘောထားတာကြောင့်ရယ်၊ ဒေသခံ မီဒီယာတွေရဲ့ သတင်းထုတ်ပြန်မှုတွေရယ်၊ ဒေါ်စုကို တသီးပုဂ္ဂလတဦးရယ်လို့ သဘောမထားဘဲ အမေရိကန်ပြည်ထောင်စုရဲ့ ဧည့်သည်တော်တဦးလို သဘောထားပြီး ကြိုဆိုဧည့်ခံမှုတွေကလည်း ငဒို့ မြန်မာတွေ သင်ခန်းစာယူကြရမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာပြည်သူတွေကို လာရောက်တွေ့ဆုံပြီး လက်ကမ်းကြိုဆိုတဲ့ စကားပြောသွားပါပြီ။ ဘယ်နိုင်ငံသားတွေပဲဖြစ်ဖြစ် ကိုယ့်မွေးရပ် ဇာတိကို တိုးတက်ကြီးပွားအောင် တယောက်တလက် လုပ်ကြဖို့၊ အမြင်ကျယ်ကျယ်ထားပြီး မျက်စိဖွင့်၊ နားစွင့်ကြဖို့ကို ပြောသွားပါပြီ။ လုပ်ကိုင်ကြတဲ့နေရာမှာ အတ္တဟိတအပြင် ပရဟိတ၊ အများအကျိုးကို မျက်မှောက်ပြုဖို့၊ ကြောက်စိတ်ထက် ရှက်စိတ်ကို အလေးထားဖို့ ပြောသွားပါပြီ။

ဒီမိုကရေစီအရေးတော်ပုံကာလအတွင်း ပြည်ပကို ရောက်ရှိလာသူ မြန်မာပြည်သူပြည်သားတွေ၊ အဖွဲ့အစည်းတွေ၊ တသီးပုဂ္ဂလလှုပ်ရှားသူတွေရဲ့ ယခုကစလို့ ရှေ့အနာဂတ် မြန်မာပြည် အသွင်ကူးပြောင်းရေး၊ ပြန်လည်ထူထောင်ရေးမှာ မည်သို့ မည်ပုံ ဦးဆောင်မှုအခမ်းကဏ္ဍတွေ၊ လိုက်ပါဆောင်ရွက် ထောက်ခံမှု အခမ်းကဏ္ဍတွေမှာ ဆက်လက် ထမ်းဆောင်ကြတာတွေကို ကျနော်တို့အဖို့ ဆက်လက်သတင်းပို့ တင်ပြနေကြရဦးမှာ ဖြစ်ပါတယ်။ အမေရိကန်ပြည်က ကြိုဆိုပါသည်လို့ ပြောခဲ့သလို ယခုလည်း အမေရိကန်ပြည်က နှုတ်ခွန်းဆက်လိုက်ပါသည်လို့ နှုတ်ဆက်လိုက်ပါရစေ ခင်ဗျား။   ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts