သူရိန်ထက်၊ စက်တင်ဘာ ၉ ၊ ၂၀၁၂
တခါတုန်းက အာဖရိက တောထဲမှာ နေထိုင်တဲ့၊ လူနေမှု အင်မတန် နိမ့်ကျပြီး ဗဟုသုတခေါင်းပါးတယ်လို့ သတင်းကြီးတဲ့ ကျေးရွာလေးတရွာကို ခေတ်ပညာတတ် လူငယ်တစုဟာ သာသနာပြု အစီအစဉ်တခုအနေနဲ့ ရောက်သွားပါသတဲ့။
ဒီလူငယ်တစုဟာ သူတို့ကိုယ်သူတို့ နိုင်ငံကြီးသားတွေ၊ ဗဟုသုတ ပြည့်ဝသူတွေ အဖြစ်လည်း အထင်ရောက် နေသူတွေပေါ့။ သူတို့ နေထိုင်ခွင့်ရ ထားတဲ့ ကာလတိုလေးအတွင်းမှာ ရွာထဲကို လိုက်လေ့လာ၊ လူစုလူဝေး နဲ့ဆို တရားဟော၊ ရွာလူကြီးတွေနဲ့ တွေ့ဆုံပေါ့လေ။
ကျေးရွာလေးဆိုတော့လည်း လိုအပ်အားနည်းချက် တွေကတော့ ရှိတာ ထုံးစံပဲကိုး။ လမ်းတွေ မကောင်းဘူး၊ လူနေမှု နိမ့်တယ်။ ပညာမတတ်ဘူး၊ လျှပ်စစ်မီး မရှိဘူး။ တဦးချင်းဝင်ငွေနည်းပါးတယ်.. စသည်ဖြင့်ပေါ့။
ဒါကြောင့် သူတို့ တွေ့ရှိတာတွေကို ရွာသားတွေကို ကယ်တင်ချင်တဲ့အကြောင်း၊ ရွာကလေးရဲ့ နိမ့်ကျမှုဟာ သနားစရာ ကောင်းလှကြောင်း၊ သူတို့လို ပညာတတ်တွေက ကယ်တင်ပေးဖို့ စေတနာရှိကြောင်းတွေကို ဟောပြောတာပေါ့။ ဘာသာပြန် လိုက်ပါသူတွေကလည်း ဘာသာပြန်ပေးကြပါသတဲ့။
ရွာအတွက် လိုအပ်နေတာတွေအတွက် ဘာမှ လက်တွေ့လှူဒါန်းကူညီ အကြံပြု ဆောင်ရွက်နိုင်တာ မရှိပေမယ့် သူတို့နေဖို့ ရွာသားတွေက စီစဉ်ရ၊ သူတို့စားဖို့ ချက်ပြုတ် ကျွေးမွေးရ၊ သူတို့လိုအပ်တာတွေကို လိုက်လံကူညီဆောင်ရွက်ပေးရနဲ့ တရွာလုံး ပင်ပန်းကြပေမယ့် ဧည့်ဝတ်ကျေပွန်ကြရတာပေါ့။
ဒီလိုနဲ့ ပြန်မယ့်ရက်ရောက်တဲ့အခါ ရွာက ကလေးတသိုက်ကို စုပြီး အမှတ်တရ ဓါတ်ပုံရိုက်ဖို့ ပြင်ဆင်ကြတယ်။ ကင်မရာကြီးနဲ့ အားပါးတရ ရိုက်မယ်လို့ ချိန်နေတဲ့ အချိန်မှာ ကလေးတွေက တယောက်တပေါက်နဲ့ ၀ိုင်းပြောနေကြသတဲ့။
ဒီတော့ ဓါတ်ပုံရိုက်တဲ့ သာသနာပြု လူငယ်တွေက ဗဟုသုတ ခေါင်းပါးတဲ့ ကလေးတွေကို အင်မတန် သနားကရုဏာဖြစ်ကြပြီး ဘာသာပြန်ကတဆင့်
“ကလေးတွေဟာ ဓါတ်ပုံ အရိုက်မခံရဖူးတာကြောင့် စိုးရိမ်နေကြဟန်တူကြောင်း၊ ဓါတ်ပုံရိုက်တယ်ဆိုတာ အရိုက်ခံရသူတွေအတွက် ဘာမှ နာကျင်တာမျိုး မရှိလို့ စိုးရိမ်စရာ မလိုကြောင်း” ရှင်းပြခိုင်းပါသတဲ့။
အဲဒီအခါ ဘာသာပြန်သမားက… “ကလေးတွေအော်နေတာက နာမှာ ကြောက်လို့ မဟုတ်ဘူးဗျ.. ခင်ဗျားကင်မရာ မှန်ဘီလူး အဖုံးမဖွင့်ရသေးပဲ ရိုက်နေလို့ သတိပေးနေတာဗျ.. ” တဲ့။
ကယ်တင်ရှင်ကြီးများ.. ရယ်မောပျော်ရွှင်ကြပါစေ။
ကယ်တင်ရှင်ကြီးများ.. ရယ်မောပျော်ရွှင်ကြပါစေ။