ကဗျာ

စိတ်ကူးကိုကျော်ပြီးမှ မြို့ရောက်နိုင်တယ်

ဆောင်းယွန်းလ
စက်တင်ဘာ ၁၊ ၂၀၁၂

စိတ်ကူးထားတဲ့ အနာဂတ်ကိုထိုင်ကြည့်ဖို့အတွက်
အတိတ်အိပ်မက်ကို လက်မှတ်မဖြတ်ခဲ့ရသေးလို့…..

ရိက္ခာမဝတဲ့ အတိတ်ကာလရဲ့
မီးတောက်နေတဲ့ ခေါင်းထဲမှာ
ခရီးမပေါက်တဲ့ ခေါင်းတွဲကို ဆဲရေးတိုင်းထွာနေခဲ့မိသလို
ထီးပျောက်နေတဲ့ မိုးကိုလည်း သူခိုးလို့ စွပ်စွဲနေခဲ့မိတယ်…

ပစ္စုပ္ပန်မှာ
ကမ္ဘာဟာ ရွာသာသာပဲ ကျန်တယ်ဆိုပေမယ့်
ဇာတိနဲ့ ခြေဦးမတည့်ခဲ့တဲ့ သက္ကရာဇ်တွေမှာ
ဘဝကို ခက်ဆစ်ဖွဲ့ဖို့ ခက်ခဲခဲ့သလို
အရင်လိုနက်နဲတဲ့ အားအင်တွေက
ပါးပြင်ပေါ်ကနေ ဇရာရဲ့သင်္ကေတအဖြစ်နဲ့ ကွာကျခဲ့ရတယ်…

အလံဖြူထောင်ထားတဲ့အရပ်မှာ
နေဝင်တာကို ထိုင်ကြည့်ချင်မိသူရဲ့စိတ်ကူးဟာ
ကမ္ဘာထက်ကျယ်သလို ပင်လယ်ထက်လည်း နက်ရှိုင်းခဲ့ပါတယ်…

ဝါကျမဆုံးခင်အထိတော့
မင်နီကြက်ခြေခတ်တွေနဲ့ … ငါဟာ…
မြို့ကိုတည်ဆောက် လမ်းဖောက်နေရဦးမှာပဲ…

လမ်းဆုံးမှာ
မြို့ဟာ သူ့အဘိဓမ္မာနဲ့သူပေါ့ ..။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts