ခေတ်ပြိုင်အတွေ့အကြုံ ရေခြားမြေခြား မြန်မာများ

ဒေါက်တာချီးရ် နှင့် ကျွန်တော်ကိုဝတ်မှုန်


ဝတ်မှုန် (စင်္ကာပူ)၊ သြဂုတ် ၁၇၊ ၂၀၁၂

၂၀၀၇ခု၊ စက်တင်ဘာလမှာ မြန်မာပြည်မှာ စစ်အစိုးရကို သံယာတော်များက တကမ္ဘာလုံးသိအောင် ဆန္နပြနေချိန်ပေါ့။ တင်းကျပ်လှတဲ့ စင်ကာပူကျွန်းလေးမှာ မြန်မာစစ်အစိုးရရ ဌာနဖြစ်တဲ့ မြန်မာသံရုံးကို လက်မှတ်ထိုးပြီး စာပို့ရမလား စဉ်းစားပေမဲ့ ကြောက်တော့ မလုပ်ဖြစ်ကြပါဘူး။ စင်ကာပူသမ္မတ နဲ့ ၀န်ကြီးချုပ်ကိုတော့ မကြောက်မိဘူး။ သံယာတော်များကို ထောက်ခံကြောင်း၊ စစ်အစိုးရကို ကန့်ကွက်ကြောင်း စာကို  မြန်မာထောင်နဲ့ချီ လက်မှတ်ထိုးစေပြီး၊ သမ္မတအိမ်တော်၊ ၀န်ကြီးချုပ်ရုံးတွေဆီ လိုက်ပို့တာလောက်ပဲ လုပ်ခဲ့တယ်။

အဲဒီအချိန် တနင်္ဂနွေနေ့မှာ မိတ်ဆွေရင်းတဦးက .. ဖုန်းဆက်ပြောတယ်။

“ဒေါက်တာချီးရ် တို့ အဖွဲ့ မြန်မာသံရုံးရှေ့မှာ လက်မှတ်ထိုးပြီး ဆန္ဒပြနေကြပြီ။ သွားရအောင် …”

 ဆိုတော့၊ ချက်ချင်းပဲ အမြန်ရောက်အောင်သွားကြည့်တော့ .. ဟုတ်တယ်ဗျာ။ သူတို့အဖွဲ့ မြန်မာသံရုံးရှေ့ လမ်းတဖက်ခြားမှာ ယဉ်ကျေးစွာပြောဆိုပြီး စားပွဲခင်းထိုင်နေကြတာတွေ့ရတယ်။ လက်မှတ်ထိုးပေးပြီး စကားစမြည်ပြောတယ်။ နောက်ပိုင်း ညသန်းကောင်အထိ မြန်မာများ လာရောက်စည်ကားစွာပဲ ပိုစကာများစွာ သံရုံတခါးပေါက်နဲ့နံရံတွေမှာ ကပ်ခဲ့ကြတယ်။ ဘယ်သူမှ လာမခွာရဲကြဘူး။ စင်ကာပူရဲကတောင် လာမခွာပဲ ရပ်ကြည့်နေတယ်။ ကျွန်တော်တို့ မိတ်ဆွေများစွာ နိုင်ငံခြားသား၊ နော်ဝေး၊ အမေရိကန်၊ အင်္ဂလိပ်များလည်း လာကြည့်ကြတယ်။ St Martin Drive လမ်းထဲဝင်လာသမျှ ကျွန်တော်တို့ကားအားလုံးကို ပန်ချာပြီဦးပေါင်းနဲ့ ထောက်လှမ်းရေးခေါင်းဆောင်အဖွဲ့တွေက ကားနံပါတ်တွေမှတ်တယ်။ ဓါတ်ပုံရိုက်တယ်။ ကြောက်ကြောက်နဲ့ မယောင်မလယ်လုပ်ပြီး ၀င်လာတဲ့ မြန်မာတွေကိုတော့ ဖြဲခြောက်တယ်။

“ပေး..မင်းတို့ အိုင်စီ ..”

ဆိုပြီး ရေးမှတ်ပြလိုက်တော့ တချို့မြန်မာတွေ သံရုံးလမ်းထဲ မ၀င်ရဲပါဘူး။

မြန်မာလူငယ်လေးများ တညလုံး သံရုံးရှေ့မှာ ရှိကြတယ်။ ၃ ည ဆက်တိုက်ပဲ သံရုံးစောင့် တခါးပေါက်ဝမှာ လုပ်ကြတယ်။ ကပ်ထားတဲ့ စစ်အစိုးရဆန့်ကျင်ရေး စာရွက်များကို မခွာပစ်အောင် ကွယ်ကာစောင့်ရှောက်ကြပါတယ်။ ညဖက်ဆို သုံရုံးရှေ့မှာ ဖယောင်းတိုင်များစွာ တန်းစီပြီး ဆုတောင်းမေတ္တာပို့ကြပါတယ်။ ငြိမ်းချမ်းစွာ ဆန္ခပြခြင်းပါ။

သို့သော် စင်ကာပူအစိုးရရဲ့ ဥပဒေကို ဖေါက်ဖျက်တယ် ..လို့ မှတ်ယူခံရကြပါတယ်။ နောင်တချိန်မှာ ရဲစခန်းဆင့်ခေါ်စာ၊ တရားစွဲဆင့်ခေါ်စာများနဲ့ တက်ကြွလှုပ်ရှားသူ မြန်မာများစွာ အလူးအလဲခံရပါတယ်။ အချို့ထိပ်ပိုင်းခေါင်းဆောင်များစွာ စင်ကာပူက ယဉ်ယဉ်လေးနဲ့ နှင်ထုတ်ခံရပါတယ်။

အထင်ရှားဆုံး လူငယ်ခေါင်းဆောင် ကိုဂျေ ဆိုသူကတော့ CPF အရင်ထုတ်ခွင့် စာတင်ခိုင်းတယ်။ နောက်ဆုံး အလုပ်မရှိ၊ ရဲအမှုတွေရင်ဆိုင်ရတော့၊ ငွေကြေးအခက်ခဲများကြောင့် CPF ထုတ်ခွင့်လျှောက်ခဲ့ပါတယ်။  CPF အရင်ထုတ်ပေးပြီး PR ရုတ်သိမ်းခြင်းကို နောက်မှ လုပ်တာ အံ့သြစရာတွေ့ရပါတယ်။ ထုံးစံအတိုင်းဆို PR အရင်စွန့်လွှတ်ပြီးမှ CPF ထုတ်ယူခွင့်ပေးလေ့ရှိပေမဲ့ တခါတလေတော့လည်း Exceptional Case တွေရှိပါတယ်။

ရေးချင်တဲ့ ဒေါက်တာချီးရ် နဲ့ ကျွန်တော်အကြောင်းကတော့ …

အဲဒီ မြန်မာသံရုံးရှေ့ ဒေါက်တာချီးနဲ့တွေ့ပြီး ည၁၀နာရီကျော်ချိန်မှာ ဒေါက်တာချီးတို့ အဖွဲ့ ပြန်ကြပါတယ်။ အဲဒီအချိန်မှာ ဒေါက်တာချီးရဲ ရဲ့ Laptop လက်ပတော့ကွန်ပြူတာနဲ့အိတ် ပျောက်ဆုံးသွားတယ်လို့ ဆိုပါတယ်။ မြန်မာလူငယ်အဖွဲ့နဲ့ ဒေါက်တာချီရဲ အဖွဲ့သားတွေ အရမ်းဒေါသထွက်ကြတယ်။ ဒါ စင်ကာပူ ထောက်လှမ်းရေးက ကောင်တွေ အလစ်သုတ်သွားတာပဲ။ တော်တော်လျှင်တဲ့ ကောင်တွေ။ တဗျစ်ဗျစ်တောက်နဲ့ ဟိုမေးသည်မေး၊ ဖုန်းဆက်မေးမြန်းကြတယ်။ ကျွုပ်ဆီလည်း ဖုန်းလာပြီး အိတ်တအိတ် တွေ့ပါသလား မေးတော့ မတွေပါဘူးလို့ ဖြေရတာပေါ့။

အိမ်မှာရှိနေတဲ့ အဖွဲ့သားတွေကို

“ဒေါက်တာချီးရ် လက်ပတော့ နဲ့ အိပ်ပျောက်သွားလို့တဲ့ .. စင်ကာပူထောက်လှမ်းရေးတွေ အလစ်သုတ်သွားပြီး၊ လျှို့ဝှက်ချက်တွေ ရအောင်လုပ်တော့မယ်ထင်တယ် ..”

လို့ ကိုယ်ထင်တာပြောမိတယ်။ အဲဒီအချိန် သံရုံးရှေ့က ဆန္ခပြတဲ့ပစ္စည်းတွေ ကားနဲ့ပြန်သယ်လာခဲ့တဲ့လူက သယ်လာတဲ့ပစ္စည်းတွေကို စစ်ကြည့်ရင်း …

“ဟေး..ဟောဒီအိတ်က ဘယ်သူ့အိတ်လဲ ”

 တယောက်ပြီးတယောက်မေးတော့ ဘယ်သူ့အိပ်မှ မဟုတ်ဘူး လို့ ပြောတယ်။ ဗုံးတော့ မဖြစ်နိုင်ဘူး ဆိုပြီး ကျွန်တော်က အိပ်ကို ဇစ်ဆွဲကြည့်လိုက်တော့ လက်ပတော့ကွန်ပြူတာ တခုဖြစ်နေတာ အံ့သြစရာတွေ့ရတယ်။

“ဟာ … ဒီဟာက စင်ကာပူအစိုးရ အထူးကြောက်ရတဲ့ နာမည်ကျော်၊ ကမ္ဘာကျော် အတိုက်အခံကြီး ဒေါက်တာချီးရ်ရဲ့ လက်ပတော့ကြီးဗျို့ …။”

ဒါနဲ့ ကျွန်တော်တို့ ဖုန်းဆက်ပြောပြပြီး နောက်နေ့ ပြန်ပေးလိုက်ပါတယ်။

ဒါလောက်ပါပဲခင်ဗျ..။

သြဂုတ်၂၀၁၂ဟာ ရှစ်လေးလုံး ၁၄နှစ်မြောက်အမှတ်တရပါ။ မြန်မာအစိုးရသစ်က မင်းကိုနိုင် (ရှစ်ဆယ့်ရှစ်ကျောင်းသားမျိုးဆက်) များကို တရားဝင်ဖိတ်ခေါ်၊ တွေ့ဆုံတဲ့သတင်းဟာ ၀မ်းမြောက်စရာပါ။

တနေ့မှာတော့ စင်ကာပူအစိုးရလည်း မြန်မာပြည်ခေါင်းဆောင်သစ် သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ ရှစ်လေးလုံးအဖွဲ့ခေါင်းဆောင်မင်းကိုနိုင်တို့လို စင်ကာပူနိုင်ငံအတွက် ရင်ကြားစေ့စပ်ရေးလုပ်မဲ့အချိန် ရောက်လာမှာပါ။

ဘာပဲဖြစ်ဖြစ် ဒေါက်တာချီးရ် Ph.D and ex-Lecture at National University of Singapore အခုအသက်၅၀နှစ် ဟာ တချိန်က စင်ကာပူရဲ့အတိုက်အခံပါလီမန်အမတ်ဖြစ်ပြီး၊ လီကွမ်းယူအစိုးရရဲ့ အတိုက်အခံပေါ်လစီအရ ထောင်ကျ၊ ဒေ၀ါလီခံရ၊ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လောက် မခံစားရပါဘူး လို့ပြောနိုင်သော်လည်း လူတိုင်း ကိုယ့်လက်မှာပေါက်တဲ့ သွေးစုနာက ပိုပြီးနာတတ်ပါတယ်။ သို့သော် လီကွမ်းယူကို ဒေါက်တာချီးရ် ခွင့်လွှတ်တယ် ဆိုတာတော့ ကျွန်တော်ယုံပါတယ်။

ငွေကြေးချမ်းသာလှတဲ့ စင်ကာပူနိုင်ငံလေးမှာလည်း ဆင်းရဲသားတွေ၊ ပိုဆင်းရဲနေပါတယ်။ မြန်မာပြည်လိုပဲ ဆင်းရဲ၊ ချမ်းသာ အရမ်းကွာခြားနေလို့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ပြည်တွင်းကုမ္ပဏီများစွာ ဒေ၀ါလီခံ၊  သာမန် စင်ကာပူနိုင်ငံသားများစွာ တလဒေါ်လာတထောင် ရမဲ့အလုပ်ကို  www.e2i.com.sg  ဆီကို သွားပြီး အလုပ်မနည်း ရှာနေရတဲ့အချိန်ဖြစ်ပါတယ်။ အခြေအနေများဟာ မြန်မာပြည်လိုပဲ ပီအေပီ အာဏာရှင်အုပ်ချုပ်တဲ့ ခေတ်ကနေ အတိုက်ခံများကို မဖြစ်မနေ၊ နေရာပေးရတော့မဲ့အချိန် နီးလာပါပြီ။ 

ဒေါက်တာချီးရ် နဲ့ စင်ကာပူမြန်မာ့အရေးလှုပ်ရှားမှု အမှတ်တရပါ။ ဓါတ်ပုံကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ဒေါက်တာချီးရ် မြန်မာပြည်သွားရောက်လည်ပတ်စဉ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမှတ်တရပုံဖြစ်ပါတယ်။

ဝတ်မှုန်(စင်ကာပူ)
၈.၈.၂၀၁၂ အမှတ်တရ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts