ဂျူလီယံ အာဆန့် ခိုလှုံခွင့်ရပြီ၊ သို့သော်လည်း လန်ဒန်သံရုံးမှ မည်သို့ ထွက်ခွာမည်နည်း – Julian Assange granted political asylum in Ecuador


မိုးမခအထောက်တော် အမှတ် ၀၀၃
သြဂုတ် ၁၆၊ ၂၀၁၂


လန်ဒန်မြို့ အီကွေဒေါသံရုံးတွင် ခိုလှုံနေသည့် အငြင်းပွားဖွယ် ၀ီကီလိ ၀က်ဆိုက် တည်ထောင်သူ ဂျူလီယံ အာဆန့်ကို ခိုလှုံခွင့်ပေးကြောင်း အီကွေဒေါနိုင်ငံ၏ ကြေညာချက်က ပြီးခဲ့သည့် နာရီပိုင်းအတွင်း ထွက်ပေါ်လာသည်။

သို့သော်လည်း ဗြိတိန်အာဏာပိုင်တို့က သူ့ကို သံရုံးပြင်ပသို့ထွက်သည်နှင့် ဖမ်းဆီးမည့် အစီအစဉ်ရှိသည်ဟု ဆိုလိုက်သည်။

ဖမ်းဆီးရမိပါက လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှု ကျူးလွန်သည်ဟု စွပ်စွဲခံထားရသည့်အာဆန့်သည် သူ့အား စစ်ဆေးမည့် ဆွီဒင်နိုင်ငံသို့ ပို့ဆောင်ခံရဖွယ်ရှိသည်။

အဆိုပါ လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုသည် ဆွီဒင်နိုင်ငံတွင် ကွန်ဒုံ အသုံးမပြုဘဲ လိင်ဆက်ဆံခဲ့မှု ဖြစ်သည်ဟု သိရသည်။

သူ၏ ၀ီကိလိ ၀က်ဆိုက်တွင် အမေရိကန်သံတမန်လောက၏ လျှို့ဝှက်ပေးစာ နှစ်သိန်းကျော်ကို ဖွင့်ချထားသည့် အတွက် အမေရိကန်ကလည်း သူ့ကို အလိုရှိနေသည်။

ခိုလှုံခွင့်ရသည့် အီကွေဒေါသို့ မည်သို့ သွားမည်နည်းဟူသော အချက်က မေးခွန်းကြီးဖြစ်နေသည်။

အီကွေဒေါက သူ့အား သံရုံးဝန်ထမ်းအဖြစ် တာဝန်ပေးသည့်နည်းဖြင့် ခေါ်ထုတ်သွားသည့်နည်းလမ်းမှာ အလုပ်မဖြစ်ဟု ဆိုသည်။ သံရုံးဝန်ထမ်းအဖြစ် တာဝန်ပေးရေးမှာ ဗြိတိန် နိုင်ငံခြားရေးဌာန၏ သဘောတူညီချက် လိုအပ်သည်။

နောက်နည်းလမ်းတခုက သူ့အား အီကွေဒေါ၏ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်တဦးအဖြစ် ခန့်အပ်ရေး ဖြစ်သည်။ ထိုနည်းဖြင့် ဖမ်းဆီးခံရမည့်အန္တရာယ်မှ လွတ်နိုင်မည်ဟု တချို့က ဆိုသည်။

ဤအတောအတွင်း သံရုံးအပြင်ဘက်တွင် ရဲတပ်ဖွဲ့ဝင်အများအပြား စောင့်ကြည့်နေဆဲဖြစ်သည်။

နိုင်ငံတကာသဘောတူညီချက်အရ သံရုံးအတွင်းသို့ သွားရောက် ဖမ်းဆီးခွင့် မရှိချေ။

သို့သော်လည်း အီကွေဒေါသည် လန်ဒန်မြို့ သံရုံးကို တလွဲအသုံးချနေသည်ဟု စွပ်စွဲခံရပြီး သံရုံးအဆင့်မှ ပယ်ဖျက်ခံရမည့် အန္တရာယ်လည်း ရှိနေသည်။ ထိုသို့ ပယ်ဖျက်လိုက်ပါက ၀င်ရောက် ဖမ်းဆီးနိုင်ပြီ ဖြစ်သည်။ မည်သို့ပင် ဆိုစေ ထိုသို့ လုပ်ဆောင်မည် ဆိုပါက သံတမန်ဆက်ဆံရေးများ ပိုမို ပျက်ပြားရတော့မည် ဖြစ်သည်။

သူ၏ရှေ့ရေး မည်သို့ ဖြစ်ပျက်မည် ဆိုသည်က လတ်တလော စိတ်ဝင်စားဖွယ် အကြောင်းအရာ ဖြစ်နေသည်။

 

One thought on “ဂျူလီယံ အာဆန့် ခိုလှုံခွင့်ရပြီ၊ သို့သော်လည်း လန်ဒန်သံရုံးမှ မည်သို့ ထွက်ခွာမည်နည်း – Julian Assange granted political asylum in Ecuador

  1. He might be assassinated by M I 5, if he can not be arrested physically.

Comments are closed.