ဓာတ်ပုံသတင်း အရှင်ဝီရသူ

“လောကအလင်း ပညာဒါနသင်တန်းကျောင်း အောင်မြင်စွာ ဖွင့်လှစ် ပြီးစီး”

ချမ်းမြ၊ သြဂုတ် ၁၂၊ ၂၀၁၂

            မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၄၉-လမ်း၊ မနော်ဟရီလမ်းထောင့်တွင် တည်ထောင်ဆောက်လုပ်ထားသော (၁၀)တန်း ဘာသာစုံ အခမဲ့ကျူရှင်ကျောင်းဖြစ်သည့် လောကအလင်း ပညာဒါန သင်တန်းကျောင်းဖွင့်ပွဲကို သြဂုတ်လ ၉  ရက် မနက် ၈း၃၀-နာရီမှာ ကျင်းပခဲ့ပါတယ်။

            အဆိုပါ သင်တန်းကျောင်းဖွင့်ပွဲသို့ ဆရာတော် အရှင်ဝီရသူ၊ ဆရာတော်ဦးခေမာစာရ၊ ဆရာတော်ဦးသူရိယ အမှူးပြုသော သံဃာတော်များ၊ ကျောင်းသူ/ကျောင်းသားများ၊ မိဘပြည်သူများ၊ ဧည့်ပရိသတ်များ၊ စာနယ်ဇင်းသမားများ၊ ရုပ်/သံ သတင်းမီဒီယာများ တက်ရောက်ကြပါတယ်။

            အခမ်းအနားမစတင်မီ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူနှင့်၊ သစ္စဝေဒဂူ မိုးကုတ်ရိပ်သာ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တခေမာစာရ-တို့ အမှူးပြုသော သံဃာတော်များက အနေကဇာတိသံသာရံ-အစချီသော ဘုရားအနေကဇာတင် တရားတော်များ ရွက်ဆိုပူဇော်ကြပြီး နမောတဿ-သုံးကြိမ် ရွက်ဆို ဘုရားရှိခိုးကာ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။

            အခမ်းအနားမှူးအဖြစ် ဆရာဦးရဲခေါင်(ရဲခေါင်-ရူပ)က ဆောင်ရွက်ပြီး၊ ဆရာတော်ဦးဝီရသူက သင်တန်းဖွင့်လှစ်ရခြင်းရဲ့ ရည်ရွယ်ချက်နှင့် ကျောင်းသူ/ကျောင်းသားများ စာကြိုးစားကြဖို့ သြဝါဒချီးမြှင့်တော်မူကြောင်း၊ ရေတံခွန်တောင် သစ္စဝေဒဂူ မိုးကုတ်ဝိပဿနာဆရာတော် အရှင်ခေမာစာရက ပညာရေးနှင့် ယဉ်ကျေးမှုတွဲစပ်သင်ကြားဖို့ လိုကြောင်း လမ်းညွှန်ဆုံးမတော်မူ ပါတယ်။

            “လောကအလင်း သင်တန်းကျောင်း” ကျောင်းအုပ်ဆရာကြီး ဦးရဲခေါင်(ရဲခေါင်-ရှုပ)က ကျောင်းသူ/ကျောင်းသားများကို ဆရာ/ဆရာမများနှင့် မိတ်ဆက်ပေးပြီး၊ အချိန်ဇယားကို ရှင်းပြကာ၊ လိုက်နာရမည့် စည်းကမ်းများကို ပြောပြပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု- သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းနိုင်ခဲ့ပါတယ်။

            မန္တလေးမြို့၊ ဈေးချိုရုံကြီး၊ ရွှေဆိုင်တန်း၊ မိုးကုတ်ရွှေဆိုင်မှ ဦးဝီရဝင်းမောင်+ဒေါ်နန်းခင်မာလာ-တို့က သင်တန်းပို့ချမည့် ဆရာတော်များ၊ ဆရာ/ဆရာမများအား လှူဖွယ်ဝတ္ထုများ၊ လက်ဆောင်ပစ္စည်းများ၊ ဆက်ကပ်လှူဒါန်းပြီး၊ ကျောင်းသူ/ ကျောင်းသားများအား ဗလာစာအုပ် တစ်ဒါဇင်စီ၊ ဘောပင်တစ်ကဒ်စီ၊ ပေတံတစ်ချောင်းစီ ပေးအပ်လှူဒါန်းကာ ဧည့်ပရိသတ် အားလုံးအားလည်း ကြာဇံဟင်းခါးဖြင့် တည်ခင်းကျွေးမွေး ဧည့်ခံခဲ့ပါတယ်။

            “လောကအလင်း ပညာဒါန သင်တန်းကျောင်း”တွင် မြန်မာစာပို့ချမည့် ဆရာတော်နှစ်ပါး၊ ဆရာ ၉-ယောက်၊ ဆရာမတစ်ယောက် စုစုပေါင်း ဆရာအင်အား (၁၂)ဦးရှိပြီး၊ စာရေးမတစ်ယောက် ခန့်အပ်ထားပါတယ်။ ငွေကြေးတာဝန်ခံမှာ ကိုမိုးအောင်(ရန်ကြီးအောင် သကြားစက်) ဖြစ်ပြီး၊ ရွှေခမောက် ကိုရွှေမောင်က မြေနေရာကို အခမဲ့ ကူညီငှားရမ်းထားခြင်း ဖြစ်ပါတယ်။

            ဆရာတော်များ၊ ဆရာ/ဆရာမများအားလုံးဟာ ပရဟိတကုသိုလ်ဖြစ် ပညာဒါနပြုကြသူများ ဖြစ်ပြီး၊ သင်တန်းကျောင်း လိုအပ်ချက်မှန်သမျှကို သင်တန်းကျောင်းရံပုံငွေထဲမှ ထုတ်ယူသုံးစွဲ သွားမှာဖြစ်ကြောင်း၊ ဆရာတော် ဦးဝီရသူက ငွေကျပ်သိန်း နှစ်ရာမတည်ကာ၊ သေဒဏ်ကြိုးပြုတ် ဦးဇော်ဦး၏ ဇနီး ဒေါ်အားရှင်(ပြင်ဦးလွင်) မိသားစုတို့က ငွေကျပ်သိန်းနှစ်ဆယ် လှူဒါန်းထားပါတယ်။

            လာမည့်နှစ်(၂၀၁၃)ခုနှစ် ဆိုလျှင် ၉-တန်း ဘာသာစုံပါ ပူးတွဲသင်ကြားပေးသွားဖို့ အတွက်၊ ဆရာတော်သံဃာတော်များ၊ ဒကာဒကာမများ၊ ဆရာ/ဆရာမများ၊ မိဘပြည်သူများက အခုချိန်ကတည်းက အားခဲထားတာတွေ့ရပြီး သင်တန်းဖွင့်လှစ် ရခြင်းအကြောင်းကို ဆရာတော် ဦးဝီရသူက အခုလို မိန့်ကြားတော် မူပါတယ်။

            “ချမ်းသာသူနဲ့ ဆင်းရဲသူ၊ တောသူတောင်သားနဲ့ မြို့သူမြို့သား တန်းတူ ပညာဆည်းပူး ခွင့်ရအောင် တည်ထောင်ပေး ထားတာပါ။”

         “ကျောင်းသားတွေကလည်း ပျော်ရွှင်၊ မိဘတွေကလည်း ဝမ်းသာ၊ ဆရာ/ဆရာမတွေကလည်း တက်ကြွ၊ တာဝန်ခံတွေကလည်း ကြိုးစား၊ စာနယ်ဇင်းသမားတွေကလည်း အားရကျေနပ်ကြတာတွေ့ရလို့ ဘုန်းဘုန်းလည်း ပီတိသောမနသ် ဖြစ်ရပါတယ်”လို့ ဆရာတော်အရှင်ဝီရသူက မိန့်ကြားခဲ့ပါတယ်။

            “လောကအလင်း ပညာဒါန သင်တန်းကျောင်း”ရဲ့ ဆောင်ပုဒ်ကတော့ “ကျူရှင်မတက်နိုင်သူ မရှိစေရ” ဖြစ်ကြောင်းပါ ခင်ဗျာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on ““လောကအလင်း ပညာဒါနသင်တန်းကျောင်း အောင်မြင်စွာ ဖွင့်လှစ် ပြီးစီး”
  1. စစ်အာဏာရှင်တွေက လူငယ်မျိုးဆက်တွေကို အရက်သေစာ၊ အပျော်အပါးတွေနဲ့ မှိုင်းတိုက်။
    ပညာဆိုတဲ့ အလင်းနဲ့ မတွေ့အောင် အမှောင်တိုက်ထဲမှာ ပစ်ထား။
    ဦးဝီရသူက အလင်းတံခါးကို ဆွဲဖွင့်လိုက်ပြီ။
    လောကအလင်းက အမှောင်အမိုက်တွေကို ဖြိုခွင်းတော့မည်။

Comments are closed.