ကံထွန်းသစ် အတွေးအမြင်

အချစ်ကုထုံး (Kan Tun Thit)

အချစ်ကုထုံး

ကံထွန်းသစ်၊ သြဂုတ် ၁၀၊ ၂၀၁၂

” ပီယတော ဇာယတေသောကော၊ ပီယတော ဇာယတေ ဘယံ၊

ပီယတော ဝိပ္ပမုတ္တဿ၊ နတ္ထိသောကော ကုတော ဘယေ “

(ဓမ္မပဒ)

            အချစ်နှင့်သက်ရောက်မှု သို့မဟုတ် အချစ်နှင့်အန္တရာယ် တို့ကို အစောဆုံး ထောက်ပြခဲ့သူမှာ ဗုဒ္ဓမြတ်စွာပင်၊   B.C ခြောက်ရာစုကပင်ဟု အထက်ပါ ဂါထာငယ်ကို သာဓကပြုပါမည်။

            ချစ်ခြင်းကြောင့် သောကဖြစ်ရ၊ ဘေးဒုက္ခတို့ကြုံရကာ အချစ်မှလွတ်မြောက်လျှင်တော့ သောကလည်း ငြိမ်း၊ ဘေးလည်းမရှိ…တဲ့။

            စန္ဒကိန္နရီတို့မျက်ရည်၊ ကိုဒါသအတွက် မပဋာ၏သောက၊ သစ္စာရှာဖို့ မြင်းစီးထွက်ခွာသွားသူအတွက် ယသောဓရာ၏ အလွမ်း၊ ဂျူးလိယက်အတွက် ရိုမီယို၏ဘေး၊ မစ္စစ်ဆင်မဆင်အတွက် ထီးနန်းဝေးခဲ့ရသူ အက်ဒွက်ဘုရင် …စသည် … စသည် …။

            နိပါတ်တော်မှာပဲ ကြည့်ကြည့်၊ ဒဏ္ဍာရီမှာပဲ ရှုရှု၊ သမိုင်းထဲမှာပဲ မျှော်မျှော်၊ ပစ္စုပ္ပန်မှာပဲ ငေးငေး၊ အချစ်ဘေးသင့်ခဲ့သူတွေ၊ သင့်နေသူတွေ အစုနှင့်အဝေး၊ ဒုနှင့်ဒေးပင်။

            ထိုများပြားစွာသော သာဓက တွေထဲတွင် သူပါလိမ့်မည်ဟု မထင်ခဲ့၊ ယောင်၍မျှပင် မတွေးမိခဲ့၊ ယခုတော့မူ …။

            ပထမမူ အကြားသတင်း၊ ကမာရွတ် လှည်းတန်းမှာ ဆရာဝန်မလေးတယောက်ကို လူတဦးက ဓာတ်ဆီလောင်း၊ မီးရှို့လို့တဲ့ ။ ဘုရား … ဘုရား … ဘုရား … ဒါလောက်တောင် စရိုက်ဆိုးတွေ ထွန်းကားနေပြီလား။

            အွန်လိုင်းကို ကိုယ်တိုင်ဖတ်လိုက်တော့ … ” ရည်းစား ” ဆိုသော အသုံးအနှုန်းလေးကို သတိပြုမိကာ အော် … ဒီလူနှယ် … စိတ်မသက်မသာဖြစ်မိယုံသာ။ ထိုသူ၏ နာမည်ကိုတွေ့မိတော့ … အသိတွေထဲမှာ သည်နာမည်ရှင် နှစ်ဦးရှိနေတာ ကို အမှတ်ရသည်။

            စကားဝိုင်းတွေမှာ မိုက်မဲသူဟု သတ်မှတ်ကာ၊ ဆေးရုံတင်ထားရသူ ဆရာဝန်မလေးကိုတော့ သနားကြသံတွေ ကြားနေရသည်။ ကိုယ်ကတော့ အချစ်ဘေးသင့်သူတစ်ယောက်ဟုသာ။

            နောက်နေ့မှာတော့ ဆရာဝန်မလေး မီးသင့်ဒဏ်နှင့် သေဆုံးသွားကြောင်း သတင်းတက်လာသည်။ အားလုံးက စိတ်မကောင်းကြ၊ ရည်းစားဆိုသူကိုလည်း အမျက်ပိုကြ။ အဲဒီသတင်း ဖတ်နေစဉ်မှာပင် ကွန်ပြူတာထောင့်မှာ Email တခု တက်လာ၍ ဖွင့်လိုက်ရာ …

            ” သတင်းဆိုးပါဘုရား ” ၊

ခေါင်းစီးကြောင့် ထိတ်ကနဲဖြစ်သွားသည်။

ဘာများပါလိမ့်၊

” ဘုန်းဘုန်း … ကိုလွင်ဦးတို့ စိတ်မထိန်းနိုင်ဖြစ်ပြီး …  ”

သူ့သူငယ်ချင်း၊ ကိုယ့်တပည့် ဧခိုင်၏ ကြေကွဲမေးလ် … အော် … ကိုယ့်အသိ နှစ်ယောက်ထဲက တယောက်ဖြစ်နေပါပေါ့လား။ ဘယ်လိုမှထင်မထားခဲ့၊ တလောကပင် သူနှင့် Chatting ထိုင်ခဲ့သေး၊ သူက စင်္ကာပူ ရောက်နေခဲ့တာပဲ၊ ဘယ်လိုကဘယ်လို …။

            ဘုန်းဘုန်း ဆုတောင်းမေတ္တာ ပို့ပေးပါဦး … တဲ့။ လောလောဆည်တော့ ကိုယ့်မေတ္တာသည် ကိုယ့်ရင်ကိုပင် အေးမြစေနိုင်စွမ်းမည်မထင်။

            သူ့နာမည်ကို ဖွဖွရွတ်နေမိသည်။ ဖြစ်ရလေ … ဘာလို့များ စိတ်လိုက်မာန်ပါပြု … အင်း …

            ၂၀၀၆ … ခုနှစ်ဆီက ကိုယ့်ထံကိုရောက်လာတတ်သည့် ရေကြောင်းတက္ကသိုလ် ကျောင်းသားလေးတသိုက်၊ ကိုဧခိုင် (စိုင်းပြင်း)၊ ကျော်သူဟန်၊ ကိုစံသို့ဝ်၊ ဘိုတောက်နှင့် … ကိုလွင်ဦးဆိုသည့် … သူ …။

            စာအလွန်ဖတ်သော၊ တိုးတက်သောအမြင်ရှိသော၊ ပညာတော်သော၊ ရိုးသားတည်ငြိမ်သော လူငယ်လေးများ။ ထိုအထဲတွင် ဘာသာတရားကိုင်းရှိုင်း၍ နှိမ့်ချတတ်သောသူ့ကို သတိပြုမိသည်။

            ကိုယ်တို့တတွေ မေတ္တာအကြောင်းတွေ ဆွေးနွေးဖြစ်ကြသည်။

            မေတ္တာဆိုတာ …           တဦးကိုတဦး မလှည့်စားခြင်း၊

                                                တဦးကိုတဦး မထီမဲ့မြင် မလုပ်ခြင်း၊

                                                တဦးဆင်းရဲမှုကို တဦးက အလိုမရှိခြင်းကိုခေါ်ကြောင်း …

ဒီသဘောထားသုံးရပ်ကို အကျိုးလိုလားမှုနှင့်ယှဉ်ပြီး ကြီး၊ ငယ်၊ အလတ်၊ ဆူ၊ ကြုံ့၊ အလတ်၊ နီးနေ၊ ဝေးနေ စသည့် သူတွေအပေါ်မှာ ထားခြင်းကိုပင် မေတ္တာထားသည်ခေါ်ကြောင်း။ ဒါကိုပင် ကျေးဇူးရှင် မင်းကွန်းဆရာတော်ဘုရားကြီးက

                                                ” လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ …

                                                  အထင်သေးခြင်း အချင်းချင်း၊ ကင်းရှင်းကြပါစေ …

                                                  ဆင်းရဲလိုခြင်း အချင်းချင်း၊ ကင်းရှင်းကြပါစေ … ”

လို့ လင်္ကာသီခဲ့ကြောင်းတွေ …

            နောက်ပြီး … မြတ်စွာဘုရားဟောသည့် မတရားမှု မကောင်းမှုကို၊ မကောင်းမှုမှန်း ရှုမြင်ရဲဖို့၊ ရှုမြင်ပြီး ငြီးငွေ့ဖို့၊ ငြီးငွေ့ပြီး စက်ဆုတ်ရွံမုန်းဖို့၊ ရွံမုန်းပြီး လွတ်မြောက်အောင်လုပ်ဖို့ ဆိုရာမှာ ခေါင်းဆောင်မျှော်တတ်သည့် ကိုယ်တို့လူမျိုးတွေ အကြောင်း၊ မိမိသည်ပင်လျှင် ခေါင်းဆောင်ဖြစ်နိုင်ကြောင်းတွေ ဆရာတပည့်လည်းမကျ၊ မိတ်ဆွေလည်းမကသည့် ကိုယ်တို့တတွေ မပြတ်ဆွေးနွေးခဲ့ကြ။

            သည်လိုနှင့် ယုံကြည်မှုတွေခိုင်ခဲ့ကြ၊ ရင်းနှီးမှုတွေပိုခဲ့ကြ၊ သမိုင်း၏ အစိတ်အပိုင်းတခုထဲကို တိုးဝင်ခဲ့ကြ၊ နောက်တော့ သီကြိုးပြတ်သည့် ပုလဲတွေလို ကြဲပြန့်သွားကြ၊ ကိုယ်က အဝေးဆုံးဆီ လွင့်စင်သွားခဲ့ရ၊ ခုတော့ ဒီကောင်လေးက ကိုယ့်ထက် သာ၍ဝေးရာဆီကို ထွက်ခွာသွားရဦးမှာလား …၊ ဘုရား … ဘုရား … ဘုရားမ လို့၊ မဖြစ်ပါစေနှင့်၊ အချစ်ကိုစောင့်သော ဗီးနပ်စ် နတ်သမီးသည် ငယ်သူတို့အချစ်ကို စာနာတတ်၊ စောင့်ရှောက်တတ်ပါစေသား …။

            ဒီနေ့မှာတော့ ကိုယ်တို့စိတ်ကို ပို၍ထိစေသည့် သတင်းနောက်ဆက်တွဲ တက်လာပြန်သည်။ အင်ဂျင်နီယာဖခင်နှင့် ဆရာဝန်မိခင်တို့၏ တဦးတည်းသောသား၊ ရှေ့နေနှင့် ဆေးလိပ်ခုံပိုင်ရှင်တို့၏သမီး … တို့၏ ငယ်ချစ်သံယောဇဉ်ဘွဲ့၊ လေးနှစ်လေးမိုး ရပ်ခြားမြေဝေး ချစ်သူအတွက် ဥစ္စာရှာသွားသောကောင်လေး ပြန်လာသောအခါ ချစ်သူ၏ သွေဖီမှုနှင့် တိုးလေသောအခါ … ရင်ကိုလောင်သောမီးမှ ဘဝကိုပါ ကြွမ်းစေခဲ့ပါပေါ့လား၊ အချစ်ကြောင့် ဘေးသည်သင့်ခဲ့ပြီ။

            မောင်က ပုဒ်မများစွာနှင့် အချုပ်ထဲမှာ၊ မေက … တမလွန်ဆီ၊ တဦးက အသက်ဆုံး၊ ကျန်တဦးက ဘဝသေ၊ နောက်ဆုံးသက်ငင်ချစ်အဖြစ် မေက မှာသွားသတဲ့၊ သူ့ချစ်သူကို ခွင့်လွှတ်ပေးကြပါ … တဲ့၊ သူကလည်း ခွင့်လွှတ်သွားပါသတဲ့။

            သူ့ဆန္ဒအတိုင်း ခွင့်လွှတ်နိုင်ကြပါစေ၊ ခွင့်လွှတ်နိုင်ကြပါစေ၊ ဒါပေမယ့် …… ။

            အော် … အချစ် … အချစ် …

            အသုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင်ဘေးပါကလား၊

            ဆင်ခြင်တုံတရားတွေ၊ အသိပညာတွေကို ကွယ်ပျောက်စေတတ်သည့်ဘေးကြီးပါကလား၊ ဒါကြောင့်လည်း ဘုရားရှင်က ပီယတော ဇာယတေ ဘယံ တဲ့၊ ငယ်သုတို့နယ်မှာ ဘယ်လောက်များ အဆာကျယ်နေဦးမှာပါလိမ့်။ တကယ်လို့ Chatting ထိုင်တုန်းကသာ အကြောင်းစုံသိခဲ့ရလျှင်

                                                            ကာမရောဂါ၊ ဝမ်းတွင်းနာကား

                                                            ကုရာနတ္ထိ၊ ဆေးမရှိဘူး

                                                            မိမိ ပညာ သတိ သာလျှင်

                                                            မဟာ သြသဓ၊ ဆေး မည်စွ … လို့

ကိုယ့်ညီကို ပြောဖြစ်ခဲ့မည် အမှန်၊

ယခုတော့မူ ……. ။

07-06-2012

1:40 A.M


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “အချစ်ကုထုံး (Kan Tun Thit)
  1. အဓိကမိမိစိတ်မထိန်းနိုင်လျှင်မှားတတ်သည်ကိုသာဓကပြုသင့်သည်သာအမှန်ဖြစ်ပါ၏။

Comments are closed.