ကဗျာ

တယောပြားလေး ပေါ်မှာ အားလုံးရှိတယ် (Khin Aung Aye)

တယောပြားလေး ပေါ်မှာ အားလုံးရှိတယ်

ခင်အောင်အေး၊ သြဂုတ် ၇၊ ၂၀၁၂

ကမ္ဘာလောကထဲ အူဝဲလို့ စတင်လိုက်တဲ့

အသံတွေ သိန်းသန်း ကုဋေမက ရှိတယ်

ကလေးဘ၀ကတည်းက ဇာတိပြတဲ့

အနာဂတ် အာဇာနည်တွေရှိတယ်

တယောပြားလေး ပေါ်မှာ အားလုံးရှိတယ်

တပွင့်ချင်းပွင့်တဲ့ သာမင်ညောင်ည ပန်းက အစ

တခဲနက် ပန်းခင်းကြီးတွေအားလုံးရဲ့ ပွင့်အာသံတွေ ရှိတယ်

အသက်နဲ့ချိန်စက်ပြီး ယုံကြည်ချက်လည်ဖြတ်ဓါးစက်ပေါ်တက်ကာ

အမှန်တရားနဲ့ ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေးတွေအကြောင်း

မနားတမ်း အော်ပြောတဲ့သူတွေရှိတယ်

တယောပြားလေး ပေါ်မှာ အားလုံးရှိတယ်

ငေးကြောင်နေတဲ့ မင်သက်မိနေသူတွေပေမယ့်

သတိဝင်လာတဲ့အခါ စကားလုံး စာသားတွေနဲ့

ခေတ်ကို ကိုင်လှုပ်ပစ်လိုက်တာတွေရှိတယ်

ကော်ဖီတစ်ခွက်ရဲ့ နှုတ်ခမ်းအစပ်ပေါ်မှာ လွန့်လူနေတဲ့ အငွေ့တွေရှိတယ်

ဝါးရွက်ကလေး တရွက်ပေါ် နေခြည်ခ, တဲ့အခါ ထွက်ပေါ်လာတဲ့ အရောင်စက်ဝန်းရှိတယ်

လူ့သမိုင်းကို ရိုင်းပစ်လိုက်တဲ့ မထင်မှတ်တဲ့ ပေါက်ကွဲမှုတွေရှိတယ်

တယောပြားလေး ပေါ်မှာ အားလုံးရှိတယ်

အဆိပ်ခွက်တွေနဲ့ တိုက်အမြင့်ကြီးတွေ မြစ်ကူးတံတားတွေပေါ်က ခုန်ချမှုတွေနဲ့

ယှက်လိမ်နေတဲ့ သည်းသည်းထန်ထန် ချစ်တတ်သူတွေရဲ့ အရိပ်ငွေ့တွေရှိတယ်

မလုံခြုံတဲ့ ကမ္ဘာကြီးရဲ့ ပေါက်ပြဲနေတဲ့ ဒဏ်ရာဒဏ်ချက်ပြ မြေပုံတွေ ရှိတယ်

ကိုယ့်ကိုယ်ကိုမယုံကြည်မှု၊ ၀ိုးတ၀ါးဖြစ်မှုများဟာ

အညှိတက်နေတဲ့ ရာဝင်အိုးလို မြေကြီးထဲမြုပ်စိုက်နေတာတွေရှိတယ်

တယောပြားလေး ပေါ်မှာ အားလုံးရှိတယ်

ပုံပြင်လိုပြန်ပြောပြနေရပေမယ့် ပုံပြင်မဟုတ်တဲ့ တကယ့်အဖြစ်အပျက်တွေကို

ကလေးကြိုက်အစီအစဉ်လို လှည့်စားတင်ဆက်နေရတဲ့ ပရိုဂရမ်တွေရှိတယ်

ခွပ်ဒေါင်းလို၊ က, ဒေါင်းလို နောက်ပြီးတော့ ဒေါင်းဟာ ငှက်သတ္တ၀ါတစ်ကောင်ရဲ့

ပုံရိပ်မျှသာ မဟုတ်တော့တဲ့ ရာဇ၀င်ကို ဥဒါန်းကျူးလိုက်တဲ့ မြည်ကြွေးသံတွေရှိတယ်

တယောပြားလေး ပေါ်မှာ အားလုံးရှိတယ်

သဇင် တောင်ဇလပ် ချယ်ရီနဲ့ ပိတောက် ငုဝါတွေ တပြိုင်နက်ထဲ ပွင့်ချလိုက်တဲ့

အချိန်အခါ မငဲ့ကွက်တော့တဲ့ ကာလ၊ ဒေသ၊ ပယောဂနဲ့ ဖြစ်စဉ်ကိုက်တွေရှိတယ်

ကျွန်တော်တို့ ခင်ဗျားတို့ ဘယ်လိုမှ မြော်လင့်တွက်ချက်မထားမိတဲ့ ဒီအလွဲအချော်ဟာ

နှစ်ပေါင်း ၂၀ ကျော်လောက် ကြာသွားရတာကို သံကြောင်နဲ့ချွဲနွဲ့မှတ်တမ်းတင်တီးခတ်မှုများ

လည်း အဲဒီ တယောပြားလေး ပေါ်မှာပဲရှိတယ် တယောပြားလေးပေါ်မှာ အားလုံးရှိတယ်

တယောပြားလေး ပေါ်မှာ အားလုံးရှိတယ် တယောပြားလေးပေါ်မှာ အားလုံးရှိတယ် တယော

ပြားလေးပေါ်မှာ အားလုံးရှိတယ် တစ်ယောပြားလေးပေါ်မှာ အားလုံး။        ။

၀၂၊ သြဂတ်စ်၊ ၂၀၁၂ ဖရာ့ပရာဒင်၊ ဘန်ကောက်  ၀၀းး၄၄ နာရီ

(photo credit – http://www.simplyviolin.com/page5/page123/page123.html )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts