သရော်စာ သောင်းပြောင်းထွေလာ

“ပဒိုင်းသီး မစားဘဲ ရူးသူများ” – Gyaw Dee and the most crazy guys


ဂျော်ဒီး
ဇူလိုင် ၂၈၊ ၂၀၁၂

 


“ဆိုင်ရှင်ဆိုတာကြီးကိုလဲဖွင့်ရော ကျုပ်တို့ရွာဆီကို ရင်းနှီးမြုပ်နှံမှုတွေ အငမ်းမရ တရဟော ၀င်လာတယ်လေ။ အခု ကျုပ်ဆို ဟင်းရွက်အထူးပြု ကမ်ပဏီကြီးက ဖွင့်တဲ့ မိနစ်တို သင်တန်းတွေ တက်ပြီး စီးပွါးရေး နားရော မျက်စိရော အို ….”

 

ဒီနေ့ ဂျီးတော် တယောက် ခြေထောက်နဲ့မြေကြီး ထိတယ်တောင်မထင်။ ကန်စွန်းရွက် ရေလုံပြုတ်စားနေပြီး ဘာများ အောက်ခြေလွတ်နေရသလဲလို့ အပြစ်တင် မစောကြပါနဲ့။ အနှစ်နှစ်အလလ အလေးပြုခွင့်ကျင်းပခွင့်မရခဲ့တဲ့ အာဇာနည်နေ့ အခမ်းအနား ကို ဂျီးဒေါ်တို့ရွာမှာ ကျင်းပခွင့်ပြုလိုက် လို့လေ။ ဒီလို အခွင့်အရေးမျိုးတော့ ဂျီးဒေါ်တို့က လက်လွတ်မခံ။ သတင်းကြားကြားခြင်း ရွာထိပ်က အာဇာနည်ကျောက်တိုင်ဆီ အသော့နှင်ခဲ့သည်။

အမယ် …. ဖွတ်ငမွဲတိုတောင် အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုရကောင်းမှန်း သိနေပါ့လား။ ဖွတ်ငမွဲက အာဇာနည်ကျောက်တိုင်နားမှာ ပန်းခွေကြီးတကိုင်ကိုင်နဲ့ ဟန်ရေးပြနေလိုက်တာ။ အရင်က ရွာသားတွေ အာဇာနည်ကျောက်တိုင်နား သွားရင် ဟိုသတင်းပေး ဒီသတင်းပေး နဲ့အတို့အထောင် လုပ်ခဲ့တာ သူတို့မဟုတ်သလိုလို။ အာဘောင်အာရင်းသန်သန် နဲ့ ပြောနေလိုက်သေးရဲ့ ။

“အဟမ်း…. နိုင်ငံတ၀ှမ်း ဖွတ်တို့လွှမ်းအောင် အလေးပြုနည်းအသစ်ကို တီထွင် ဖန်တီးလာတာ တို့ဖွတ်ကွ”

ဟော…. သာဂိတို့လူငယ်တသိုက်ကား ကင်မရာတကားကားနဲ့။ အင်တာနက်ဆိုလား အင်တာဖြူဆိုလား တင်ဖို့ သတင်းဓါတ်ပုံတွေကို တဖျပ်ဖျပ် ရိုက်ယူနေလိုက်ကြတာ။ ဖလင်တွေ ကုန်လိုက်မယ့်ဖြစ်ခြင်း။

ဖွတ်ငမွဲကတော့. .”.ဟေ့တို့အဖွဲ့ကို ထင်ထင်ရှားရှားလေး ဖြစ်အောင် ရိုက်စမ်း” လို့ အာဏာပြနေသေးသည်။

ဂျီးဒေါ်တော့ သူတို့ ရဲ့ နိုင်ငံတ၀ှမ်း လွှမ်းမယ့် အထဲ ပါမှာစိုးလို့ ကိုယ့်လို ပြည်သူတွေကြားပဲ ၀င်တိုးလိုက်ရာ

“ဟယ်…. ကန်စွန်းရွက်သည် ဒေါ်ဆိတ်မပါလား။ အာဇာနည်ကြီးတွေကို အလေးလာပြုတယ်ပေါ့နော်။ ၀မ်းသာလိုက်တာတော်”

“ဂျီးဒေါ်…… စကားပြောလေးဆင်ခြင်နော်။ ကန်းစွန်းရွက်သည် ဒေါ်ဆိတ်မ မဟုတ်တော့ဘူး။ ဟင်းရွက် အထူးပြုကုမ္မဏီ က သီရိ ငါ့ဓါးမ ဒေါ်ဆိတ်မဖြစ်သွားပြီ .. သိလား”

“အလို .. ဘယ်လိုဖြစ ပြီး သီရိ ငါ့ဓါးမ ရသွားတာလဲ။ ငါးစိမ်းသယ် ဒေါ်အာကျယ်ဆီက လုလာတာလား”

“ဆင်ခြင်စရာ တွေ များနေပြီနော်.. ဂျီးဒေါ်။ ခေတ် အပြောင်းမှာ ငါးစိမ်းသယ်ဒေါ်အာကျယ်လဲ ရေလုပ်ငန်းထွက်ကုန်များ အထူးအထူးပြု ကမ်ပဏီက သူခိုးသူ့အမ ဒေါ်အာကျယ်ဖြစ်သွားပြီ”
ဒေါ်ဆိတ်မ စကားအဆုံးမှာ ဂျီေးဒ်ါတယောက် လိုက်မမီတော့။

ဒေါ်ဆိတ်မကား ဂုဏ်ယူဝင့်ကြွားစွာ
“ဒီမှာ ဂျီးဒေါ်.. ခေတ်အပြောင်းမှာ ဟို ဆိုင်ရှင်ဆိုတာကြီးကိုလဲဖွင့်ရော ကျုပ်တို့ရွာဆီကို ရင်းနှီးမြုပ်နှံမှုတွေ အငမ်းမရ တရဟော ၀င်လာတယ်လေ။ အခု ကျုပ်ဆို ဟင်းရွက်အထူးပြု ကမ်ပဏီကြီးက ဖွင့်တဲ့ မိနစ်တို သင်တန်းတွေ တက်ပြီး စီးပွါးရေး နားရော မျက်စိရော အို …. ဒွါရကိုးပေါက်စလုံး ပွင့်ပြီး ကန်စွန်းရွက် တခုထဲ ရောင်းတဲ့ဒေါ်ဆိတ်မ မဟုတ်တော့ဘူး တော့…။ ကျုပ်ဆိုင်မှာ ဟင်းရွက်အစုံရနေပြီ။ ကန်စွန်းရွက်ဆိုလဲ ကျုပ်ဆီလာ။ ချဉ်ပေါင်ရွက် ဆိုလဲ ကျုပ်ဆီလာ။ အမျိုးစုံအောင် တင်ထားတော့ ၀ယ်သူတယောက်ကို လွတ်မပြေးတော့အောင် ထိန်းထားနိုင်တာပေါ့။ အဲဂလို….”

ဘာတွေ မှန်းလဲ မသိ။ သူ့အနားဆက်နေရင် ပဒိုင်းသီးမစားဘဲ ရူးသွားနိုင်တယ်။

အဲဒီတော့ ကိုယ့်လာရင်းကိစ္စ .. အာဇာနည်ခေါင်းဆောင်ကြီးတွေကို ကိုယ့်ဖာသာ အလေးပြုပြီး ပြန်တာပဲ ကောင်းမယ်။

အာဇာနည်ကြီးတွေကို အလေးပြုပြီး ရွှင်လန်း အားရစွာ အိမ်ပြန်လာခိုက် လမ်းတွင် ရွာထိပ် ကုန်စုံဆိုင်က ပေါက်ဖော်ကြီး တယောက် ဒေါသူပုန် ထနေသည်ကို တွေ့လိုက်ရသည်။

“စီရွာက လူတွေက “ ၀” ရောင်းနေကျပေါချောင်ညံ့ပစ္စည်းတွေနဲ့ပဲ တန်တယ် ဆိုတာ မီသိကြဘူး…။ ဒီ ဆိုင်ရှင်ဖွင့်လိုက်တာကို ၀ဒေါသ အားကီးထွက်လယ်။ ခါတိုင်းလို ၀ နှပ်ချချင်တိုင်း နှပ်ချလို့မီရတော့ဘူး။ သူတို့ပစ္စည်း အကောင်းတွေကို စီရွာက လူတွေ ဘယ်သုံးတတ်မှာလဲ။ မီဖြစ်ဘူး။ ၀အကျိုးစီးပွါးအတွက် ပိတ်ထားတဲ့ရွာထိပ်က ရေတံခါးကိုလဲ ဖျက်ရမယ်တဲ့မီတရားဘူး။ ၀နဲ့ပုလင်းတူဗူးဆို့ထားတဲ့ ရွာလူကြီးတွေ နော်။ ၀ စိတ်အားကီးဆိုးနေလယ်”

ဟောစိတ်ဆိုးနေတဲ့ပေါက်ဖော်ကြီးအနားကို ရွာထိပ်မှ ၀မ်းတွင်းရူး တာတေ.ကြီး.တယောက် ခုန်ပေါက် ပြီး ပြောင်းဖူးကြီးစားကာ ရောက်လာသည်။

“မခင်းခင်းခင်းခင်း လမ်းတခြမ်းပဲခင်း။ မရူးရူး…ရူးရူး ကျုပ်ဝမ်းတွင်းရူး။ ဘယ်သူ မ၀ယ်ဝယ်ဝယ်ဝယ် ကျုပ်ဝယ်မယ် ပေါက်ဖော်…။ အားငယ်နဲ့နော်။ တရွာလုံးနဲ့ ကျုပ်တယောက်။ ပေါက်ဖော်အားကိုးနဲ့ မကြောက် တူနယ်တယ်နယ်” ပြောချင်ရာ ပြော ဆိုချင်ရာဆို ပြီး ပုဆိုးကွင်းသိုင်း ထွက်ခွါသွားသော ၀မ်းတွင်းရူး တာတေကြီးကို ကြည့်ရင်း သြော် သူလဲ ပဒိုင်းသီး မစားဘဲ ရူးရှာတယ်လို့တွေးမိသေးတယ်။

ဒါနဲ့ ခုတလော ရွာလူကြီးဆော်ကြမ်းတယောက် ငြိမ်ချက်သားကောင်းနေတယ်လို့တွေးရင်း မျက်နှာချင်းဆိုင်က လမ်းလျှောက် လာတဲ့ဆိုက်ကားမာစတာ ကိုစာကလေးကို မေးကြည့်မိတော့။

“ဟုတ်တယ်.ဂျီးဒေါ်။ ဒီလူကြီး က အခု ကြိတ်ကြံနေတာဗျ။ ကျုပ်တို့ရွာ ရဲ့  ရွာထောင်စု လွှတ်တော်မှာတင်ဖို့ဆိုလား။ ဥပဒေကြမ်းကြမ်းကြီးတခုကို စိတ်တိုင်းကျ ပြုစု နေတယ် တဲ့။ နေဦး… နံမယ်က ငါ့မြင်းငါစိုင်း စစ်ကိုင်း ရောက်ရောက် မီဒီယာ ဥပဒေ ဆိုလား”

“ဟဲ့ဥပဒေတို့ ဥပဒက် တို့ဆိုတာရွာထောင်စုလွှတ်တော်မှာ ရွာလူထုက ရွေးထားတဲ့လွှတ်တော်ကိုယ်စားလှယ်တွေက စုပေါင်းအဆိုပြု ထောက်ခံ ဆွေးနွေး တိုင်ပင်ပြီးမှ ရေးရတာဆို။ ခုလို တယောက်ထဲ ရေးချင်တိုင်း ရေးလို့ရလားဟဲ့”

“ကျနော်လဲ သိပ်တော့ မသိပါဘူးဗျာ။ သာဂိတို့တတွေ ပြောနေတာ ကြားတာကတော့ ကျုပ်တို့ရွာ လွှတ်တော်က ရွာ့နည်းရွာဟန်နဲ့သူများနဲ့မတူ တဲ့ နည်းဥပဒေတွေ သုံးနိုင်တယ်ဆိုပဲ။ အဆို တင်သွင်းတာတွေ မှာလဲ ဟို ရွာလူကြီးတွေ အကျိုး အတွက် အရေးတကြီး လိုအပ်ချက်တွေ ပေါ်လာရင် အီးမေးလ်အရ.ခြုံခိုတိုက်ခိုက် ကတိုက်ကရိုက် အဆို ဆိုတာမျိုးတွေ လဲ တစက္ကန့်အတွင်း အဆိုတင်သွင်း ၊ထောက်ခံ၊ အတည်ပြု လို့ရတယ်တဲ့ ဗျ”

“ဘာလဲဟဲ့အီးမေးလ် ဆိုတာကြီးက”

“သိပါဘူးဗျာ အိပ်မက်အရလို့ပြောတာများလား မသိဘူးနော်။ နောက်ပြီး ရွာလူကြီးဆော်ကြမ်း ခုတလော ငြိမ်ချက်သားကောင်းနေတာကလည်း ရွာထိပ်က ဗေဒထိပ်သီး ဆြာရစ်ကြီးဆီကို ဗေဒင် သွားမေးတော့ သူ့ကိုဆြာရစ်ကြီး ဟောလိုက်တဲ့ ဟောကိန်းကြောင့် ခရေဇိ ဆိုလား သပြေဇိ.ဆိုလား ဖြစ်နေတယ်တဲ့”

“ခရေဇိတွေ သပြေဇိတွေက ဘယ်မှာ စိုက်ထားတာတဲ့လဲ”

ထိုစဉ် သာဂိ ရောက်လာကာ

“ဘယ်က ခရေဇိ ရမှာလဲ။ ခရေဇီ.. ခရေဇီ.. ဗျ။ အင်္ဂလိပ်စာလုံး။ ဆြာရစ်ကြီး ဟောလိုက်တာက အရင်တခါ ရွာထဲမှာ ကြက်ဆူပင်တွေ အတင်း စိုက်ခိုင်းတော့ တနင်္လာနဲ့အင်္ဂါ နာမ်တွဲရွာသူကြီး ခင်ညံ့ ပြုတ်သွားတယ်.။ အခုရွာသားတွေ သုံးတဲ့ ငွေစက္ကူ အသစ်ကြီးမှာ ဆင်နဲ့ကြာတွဲပြီး ယတြာ ချေလိုက်တော့ ရွာလူကြီး ဆော်ကြမ်း သေချင်သေ။ မသေရင် ပြုတ်ပဲ .. တဲ့။ အဲဒီ ဟောကိန်းကြားပြီးကတည်းက ခရေဇီစိတ္တဇဖြစ်သွားတာပဲ တဲ့”

ထိုစဉ် ၀မ်းတွင်းရူးတာတေကြီးတယောက် အနားပြန်ရောက်လာကာနားစွန်နားဖျားနှင့်

“ခရေဇိ ခရေဇိ သပြေဇိ မဟုတ်ပါ။ သူတို့ကရူးတာ။ ခရေဇိ စားလို့ပါ.။ .တုနယ်…တယ်နယ်”

“ဘုရားဘုရားပဒိုင်းသီးမစားပဲ ခရေဇိ စားလဲ ရူးတတ်သကိုး” လို့ ရေရွတ်ရင်း ဂျီးဒေါ်တယောက် လမ်း ဆက်လျှောက်လာရာ မာလတီပါတီ ဦးသာကူးကြီးတယောက်ကို လူငယ်တစုနဲ့ အတူ တွေ့လိုက်ရပြန်၏။

ဦးသာကူးကြီးတယောက် ဘာတွေ အလုပ်ရှုပ်နေပါလိမ့်လို့တွေးရင်း သူတို့နားအရောက် နားစွင့်လိုက်တော့

“ဒီမှာမင်းက ဟို ပွင့်ပွင့်လင်းလင်းနဲ့ ချိတ်ထား။ နောက်တယောက်က ကျောင်းသားအဖွဲ့နဲ့ ချိတ်၊ ကြားလား။ သေချာ ချိတ်”

“ဘာနဲ့ ချိတ်ရမှာတုန်း ဦးသာကူး”

“ရတာနဲ့ချိတ်ကွာ။ အဖွဲ့မှန်သမျှ တို့လူတွေနဲ့ချည်း ချိတ်ထား။ ဒါမှ ရွာရဲ့နိုင်ဂံရေးတ၀ှမ်း သာကူးတို့
လွှမ်းရမည်ဆိုတဲ့ဆောင်ပုဒ်အောင်မြင်မှာ။ ကြားလား”

ဂျီးဒေါ် တယောက် ဦးသာကူးရဲ့  အန္တိမ ရည်ရွယ်ချက်ကို ကြားကာ ကန်စွန်းရွက်သည်ဒေါ်ဆိတ်မ .. အဲလေ ဟင်းသီးဟင်းရွက် အထူးပြုကုမ္မဏီမှ သီရိ ငါ့ ဓါးမ ဒေါ်ဆိတ်မရဲ့ စိတ်ကူးနှင့်တူလေခြင်း လို့တွေးလိုက်မိလေသည်။

ဟုတ်သည်။ ဒေါ်ဆိတ်မ ကလည်း လာသမျှ ဈေးဝယ် လက်မလွတ်ရအောင် ဟင်းသီးဟင်းရွက် အစုံ ဆိုင်ပေါ်တင်ထားသည်။
မာလတီပါတီ ဦးသာကူးကလည်း လာသမျှ နိုင်ဂံရေး အဖွဲ့စုံကို လက်မလွတ် စေရအောင် ချိတ်ဆက်ထားသည်…။ ခေတ်ပြောင်း တော်လှန်ရေး ကာလမှာ သူများတွေ ဒီလောက် နားမျက်စိ အပေါက်ရှိ သမျှ ပွင့်နေကြသည်ကိုး။

မဖြစ်ချေ။ ဂျီးဒေါ်လည်းလုံးဝ ခေတ်နောက်ကျ လို့ မဖြစ်။

ကဲ…. ပြောနေကြာတယ်။ ပဒိုင်းသီးမစားဘဲရူးသူတွေ ဒီလောက်ပေါနေတဲ့ခေတ်ကြီးမှာ ပဒိုင်းသီးမစားဘဲရူးသူများ အထူးပြု ကုမ္မဏီ ဆိုပြီး ကွန်ရက်တခု အမြန် တည်ဆောက်ရင် ကောင်းမလား။ အမြန် စဉ်းစား လှုပ်ရှား အကောင်အထည် ဖော်ရပေတော့မည်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts