သတင်းဆောင်းပါး အရှင်ဝီရသူ

သြဝါဒခံယူပွဲ ကျင်းပ (MoeMaKa)

မိုးမခ မိတ်ဆွေ (မန္တလေး) 
ဇူလိုင် ၂၈၊ ၂၀၁၂

မန္တလေးမြို့ မစိုးရိမ်တိုက်သစ်၊ မဟာနာယကချုပ်ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ မထေရ်မြတ်ကြီးထံ သြဝါဒခံယူပွဲကို ယနေ့ ၂၆-၇-၂၀၁၂ ရက်နေ့ မွန်းလွဲ တစ်နာရီ မစိုးရိမ်တိုက်သစ် ဓမ္မမဟိဒ္ဓိ လေးထပ်ကျောင်းတော်ကြီး၌ ကျင်းပရာ တပည့်ဟောင်း (ကျောင်းသားဟောင်း) နှစ်ထောင်ခန့် တက်ရောက်ခဲ့ကြပါတယ်။

တပည့်ဟောင်း (ကျောင်းသားဟောင်း)များနှင့်အတူ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ အမှူးပြုသော မစိုးရိမ် တိုက်သစ် လက်ရှိ နာယကဆရာတော်များလည်း တက်ရောက်ခဲ့ကြပါတယ်။

ဓမ္မသမိဒ္ဓိဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ၊ ရန်ကုန်မြို့ အလိုတော်ပြည့် ဓမ္မာစရိယပါဠိတက္ကသိုလ်မှ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တသုစိတ္တာဘိဝံသတို့နှင့်အတူ တက်ရောက်လာကြသော ဆရာတော် သံဃာများတွင် သက်ကြီးဝါကြီး မထေရ်ကြီးများလည်း ပါဝင်တာ တွေ့ရပါတယ်။

မစိုးရိမ်တိုက်သစ် ကျောင်းသားဟောင်း သံဃာတော်များက သြဝါဒကန့်တော့ချိုးဖြင့် သံပြိုင်ညီညာ ရွတ်ဆို ကန့်တော့အပြီးမှာ မဟာနာယကချုပ်ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ မထေရ်မြတ်ကြီးက ဆုတော်များချီးမြှင့်တော်မူပြီး သြဝါဒတရားများ ပေးသနားတော်မူပါတယ်။

ဆရာတော်ဘုရားကြီး သြဝါဒပေးအပြီးမှာ တပည်သံဃာအားလုံးက သြကာသ ကန်တော့ချိုးဖြင့် ထပ်မံ ရှိခိုးကြပြန်သည့်အခါမှာလည်း ဆရာတော်ဘုရားကြီးက ပထမအကြိမ်နှင့် မတူသော ဆုတော်များ ချီးမြှင့်တော်မူပြန်ပါသည်။

အခမ်းအနားအပြီးမှာတော့ တပည့်သံဃာများက ဆရာတော်ဘုရားကြီးနှင့်အတူ ဓာတ်ပုံမှတ်တမ်းတင်ရန် သူ့ထက်ငါ အလုအယက် တိုးဝှေ့နေရာယူကြတာကိုကြည့်ရတာ ပျော်ရွှင်စရာကောင်းလှပါတယ်။ ဆရာတော်ဘုရားကြီးကလည်း ပင်ပန်းနွမ်းနယ်မှုကို ပမာမပြုဘဲ ဝမ်းပန်းတသာ မှတ်တမ်းတင်ဖို့ ချီးမြှောက်တော်မူတာ တွေ့ရပါတယ်။

ယနေ့အခမ်းအနားကြွသူများဟာ မစိုးရိမ်တိုက်သစ်ထွက် ကျောင်းထိုင်/စာချ ဆရာတော်များ ဖြစ်ကြပါတယ်။ အင်အား နှစ်ထောင်ခန့်ရှိပြီး မြန်မာပြည်တစ်ဝှမ်းလုံး အစုံအလင်တက်ရောက်မည်ဆိုလျှင် လေးထောင်ခန့်ပင်ရှိမှာ ဖြစ်ပါတယ်။

အခမ်းအနားမှူးလုပ်သော အရှင်ဝီရသူ ဆရာတော်ကတော့ “မစိုးရိမ်ရဲ့အင်အားစုစည်းမှုပါ၊ ဆရာတော်ဘုရားကြီးကို ကြည်ညိုမှုတွေတိုးလာသလို ရှေမီနောက်မီ နောင်တော်ကြီးများကို ဖူးခွင့်ရတာ မင်္ဂလာတစ်ပါးပါ။ ရပ်ဝေးမှာနေကြရတဲ့ သူတို့တစ်တွေတော့ မပြောတတ်ဘူး၊ ဦးဇင်းကိုယ်တိုင်တော့ သူတို့ကိုကြည့်ပြီး လွမ်းသလိုလို သနားသလိုလို ဘယ်လိုကြီးလဲ မသိဘူး၊ တမျိုးကြီးဖြစ်သွားတယ်” လို့ ဆိုပါတယ်။ ကျောင်းသားဟောင်းများကတော့ လာမည့်နှစ် ဒီလိုအချိန်ကို အားခဲထားကြပြီး အိပ်မက်သစ်တွေနဲ့ ခြေလှမ်းစိပ်စိပ်များကို အနုစိပ်ချယ်သနေကြတာ တွေ့ရပါတယ်။

တခါဖူးမျှ ဆုံစည်းမှုမရှိခဲ့လို့လည်း ဒီလိုပွဲမျိုးကို တစ်နှစ်တစ်ခါ ဆင်နွဲကြဖို့ ရာခိုင်နှုန်းပြည့် ထောက်ခံကြိုးစားနေကြတာ ဖြစ်ပါတယ်။

လာမည်နှစ်ဆိုရင်တော့ မစိုးရိမ် သံဃာ့ညီလာခံကြီးတစ်ခုလို့တောင် အောင်မြင်ပေါက်မြောက်သွားနိုင်ပါကြောင်း မျှော်လင့်စောင့်ဆိုင်းမိပါတော့တယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts