မှားပြီးရင်းမှား ၂
သားကြီးမောင်ဇေယျ ။ ဇူလိုင် ၂၂၊ ၂၀၁၂
ကျနော်ဟာ ငယ်စဉ်က မသိလို့မှားခဲ့ပါတယ် ။ မတတ်လို့မှားခဲ့ပါတယ် ။ နောက် တော့ မတော်တဆမှားခဲ့ ပြန်ပါတယ်။ လျှမ်းလို့မှားခဲ့ပါတယ်။ ဒီလိုနဲ့ကျနော်ဟာ မကြာခဏ မှားခဲ့ရာမှ မမှားရမနေနိုင်အောင်ဖြစ်ခဲ့ပါတယ်။ ၀ါသနာ အရမှားတယ်လို့ ဆိုရမယ့် အဆင့်ကိုရောက်ခဲ့ပါတယ်။ အဲဒီမှ တဆင့်အမှား ပါရမီရင့်သန်ခဲ့ပါတယ်။
ကျနော်ဟာ အမှားပါရမီကိုဘယ်လိုဖြည့်စည်းခဲ့သလဲလို့ နောက်ကြောင်းပြန်တွေးမိပါတယ်။
ကျနော် မူလတန်းလောက်မှာ မူလတန်းအဆင့်အမှားများကိုအောင်အောင်မြင်မြင်မှားခဲ့ပြီးနောက် အလယ်တန်း အထက်တန်း အဆင့်တွေမှာလည်း ဂုဏ်ထူးအဆင့်လောက်နဲ့မှားခဲ့ ပြန်ပါတယ်။
တက္ကသိုလ်ရောက်တော့ တက္ကသိုလ် အဆင့်အမှားများကို လည်း ဂရိန် ဖိုးထက် မနိမ့်သော အမှားများမှားခဲ့ပြန်ပါတယ်။
တနေ့ ရန်ကုန်တက္ကသိုလ်ပန်းချီးခန်းမမှာ ကျနော်ဟာ အင်ယားကန်ရူ့ခင်းကလေးကို လွမ်းမောဖွယ် အပြာနုမိုင်းမိုင်း ကလေးတွေနဲ့ရေးဖို့ ပြင်ဆင်ပါတယ်။ ညနေ ညနေ စီတယ်လေ ဆိုတဲ့ သီချင်းသံကလေးတွေပျံဝဲလာပြီမို့ ကောင်းမူ့များကို ပြုလုပ်ရန် အချိန်ကုန်လွန်စ ပြုနေပြီ ဖြစ်ကြောင်းသတိပြုမိပါတယ်။ သီရိဆောင်က အမကြီးတစ်ယောက်ရောက်လာပြီး
“ဟဲ့ … နင် ဒီနေ့ ဘာကားရေးမှာ မို့လဲ ငါ့ဆေးကုန်လို့ ပန်းချီဆေးတောင့် ငါ့ကိုခဏငှား …”
လို့ပြောပြီး ပြန်ထွက်သွားပါတယ်။
ကျနော်က ဟုတ်ကဲ့ လို့ပြောယုံကလွဲပြီး ဘာမှ ပြန်မပြောရမယ်သူမို့ ဟုတ်ကဲ့ တစ်လုံးထဲပဲ ပြောမိပါတယ်။
မကြာပါဘူး ကျနော့်နဲ့ ပုလင်းတူဗူးဆို့များ ရောက်လာပြီး သံလမ်း က ဆိုင်ကိုရောက်သွားပါတော့တယ်။
ကျနော်ပန်းချီးခန်းပြန်ရောက်တော့ ည ၁၀း၀၀ နာရီကျော်နေပါပြီ။ ကိုယ့်အပြစ်နဲ့ ကိုယ်မို့ ကျနော်နဲ့ အတူပြန်လားသော သူငယ်ချင်းများ အိပ်နေကြပေမယ့် ကျနော် မအိပ်ပါ။ အိပ်လို့လည်းမဖြစ်ပါ။ ဒီပန်းချီကားကို ဒီည အပြီးရေးရမှာဖြစ်ပါတယ်။ ကျနော်တညလုံး မအိပ်ဖြစ်ပါ။ မနက်လင်းခါနီး ရောင်နီလာ ချိန်မှ မှေးကနဲ အိပ်ပျော်သွားခဲ့ပါတယ်။
ဆူညံသံလိုလို၊ ရယ်သံလိုလိုအသံတွေ ကြားမှ ကျနော် မျက်စိကို အသာကလေးဖွင့် နားစွင့်မိပါတယ်။
ကျနော်တို့ ပန်းချီခန်းက ကျောင်းသား ကျောင်းသူ အချို့ပါ။ ကျနော့်ပန်ုးချီကား ရှေ့မှာ ရပ်ပြီးဝေဖန်နေကြတာပါ။ သူတို့ ဘာပြောမလဲ သိချင်လို့ ကျနော် ဆက်မှေးနေရင်း နားစွင့်မိပါတယ်။
“ဒီကားက မဆိုဘူးနော်”
“သူရေးတဲ့ အထဲမှာတော့ အကောင်းဆုံးပဲ”
“အရောင်တွေက ခံစားချက်ပါတယ်နော်”
“သူ့မှာ အရောင်နဲ့ ပါတ်သက်လာရင် ပါရမီရှိတယ်”
“စိတ်ကူးသစ် အရောင်သစ်တွေပဲ”
“ရေးချက်တွေက ကြမ်းပြီးအသက်ဝင်တယ်”
သူတို့ရဲ့မှတ်ချက်များကို ကျနော်က တိတ်တဆိတ် နားထောင်ရင်း စိတ်ထဲမှာ တမျိုးကြီးခံစားလာရတယ် ။ သူတို့ ကောင်းပြီးဆိုရင် ၊ ကျနော်ကို အဆက်မပြတ် ချီးမွမ်းနေပြီ ဆိုရင် ကျနော် တခုခုတော့ မှားနေပြီ။
ကျနော်အိပ်ရာမှ ထကာ ကျနော်ပန်းချီကားကြည့်နေသော သူငယ်ချင်းများကို အိပ်ရေးမ၀သော အပြုံးများဖြင့် ပြုံးပြီးနူတ်ဆက်ကာ ညက အိပ်ချင်မူးတူးဖြင့် ရေးထားသောပန်းချီကားရှေ့တွင် သူတို့နှင့်အတူ ကြည့်လိုက်မိပါတယ်။
“ဟာ … သွားပြီ”
အသံကုန် ဟစ်လိုက်မိတယ်။ စိတ်ထဲကပါ။
ပန်းချီကားတချပ်လုံး အနီတွေ ရဲ ဘလောင်းခတ်နေပြီ။
ကျနော်ဘာမှားသွားပါသလဲ။
ကျနော် ပန်းချီရေးရန် ဖွင့်ထားသောဆေးဗူးမှာ အပြာရောင်မဟုတ် အနီရောင်။
“ကိုဇေ … ခင်ဗျားပန်းချီကား ဒေါက်ပေါ်က ပြုတ်ကျ နေလို့ ကျနော်ကောက်တင်ထားတယ်။”
သူငယ်ချင်းတစ်ယောက်က ကျနော့်ကို လာပြောပါသေးတယ်
“သြော် … ဒါကြောင့် ပန်းချီကား ဆေးမခြောက်မီ ပြုတ်ကျသွားလို့ ဆေးတွေ မှာ အစင်းရာတွေထင်ပြီး စုတ်ချက်ကြမ်းကြမ်းနဲ့ ရေးထားသလို ဖြစ်နေတာကိုး ။ ”
ဒါက ဒီလောက်နဲ့မပြီး။
ကျနော်ပန်းချီကားကို တက္ကသိုလ်နှစ်လည်ပန်းချီပြပွဲတင်တော့ စိစစ်ရေးက ပယ်လိုက်ပြန်ပါတယ်။
စိစစ်ရေးလူကြီးမင်းများက ကျနော့် ကိုဘာလို့ အနီရောင်နဲ့ရေးရတာလဲ၊ စုတ်ချက်တွေက ဘာကြောင့် ဒီလောက် ကြမ်းကြမ်းသုံးရတာလဲ တဲ့။
ကျနော်က ဆေးဗူးမှားပြီးဖွင့်မိလို့ အနီရောင်နဲ့ရေးမိတာပါ။ စုတ်ချက်ကြမ်းတာက ပန်းချီကာ ပြုတ်ကျပြီး ဆေးတွေမှာ အစင်းတွေထင်သွားတာပါလို့ အမှန် အတိုင်းပြောပါတယ်။
ဒါပေမယ့် မရပါဘူး။ ကျနော်ပန်းချီကားကို ပြပွဲမှ ပယ်ရုံတင်မက ကျနော်ကို နောက်ယောင်ခံလိုက်ခါ ကျောင်းသားဆိုးအဖြစ် သတ်မှတ်လိုက်ပါတော့တယ် ။
တကယ်ပါ သူတို့ကို ကျနော်အမှန်တိုင်းပြောပါသေးတယ်။ ကျနော်ဆေးဗူးမှားဖွင့်မိလို့ ၊
အိပ်ချင်မူးတူးရေးမိလို့။
အမှန် အတိုင်းမှားမိတာပါ။
ဒီလိုနဲ့ ကျနော်ဟာ မှာပြီးရင်းမှား
သူတို့လည်း မှားပြီးရင်းမှား
ဇူလိုင် ၁၃၊ ၂၀၁၂