အညတရ အကျဉ်းသားရဟန်းတော်များ (၂၂) ဦးဥတ္တမ

အရှင်ပညာနန္ဒ
ဇူလိုင် ၁၉၊ ၂၀၁၂
 ဘွဲ့တော် – ဦးဥတ္တမ
သက်တော် – (၃၃) နှစ်
အဖမ်းခံရစဉ်နေထိုင်သည့်ကျောင်း – သာလိုင်းကျောင်း၊ ငွေတောင်တိုက်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့ ။
မွေးရပ်ဇာတိ – စကားမြားကျေးရွာ၊ကနီမြို့ နယ်၊စစ်ကိုင်းတိုင်း
ပုဒ်မ – ၅ (ည) ၂၉၅ (က) (ခ) ၄၄၀
ချမှတ်ခံရသည့်ထောင်ဒဏ် – (၁၅) နှစ်
ထောင်မှလွတ်သည့်နေ့- ဒီဇင်ဘာ၊ ၁၀၊ ၂၀၁၁
နေခဲ့ရသည့်ထောင် – မန္တလေးမြို့ ၊ အိုးဘိုအကျဉ်းထောင်
• အဖမ်းခံရသည့်ဖြစ်စဉ်
၂၀၀၃ ခုနှစ်သည် အတော်ကိုသောင်းကျန်းသောနှစ်ဟုဆိုရပေမည်။ မစိုးရိမ်တိုက်သစ်မှ ဦးဝီရသူ၏ဟောပြောချက်များကလည်း လွန်စွာမှထိရောက်နေသောအချိန်လည်းဖြစ်သည်။ ထိုအချိန်ကဆရာတော်၏ဟောပြောချက်များမှာ အမျိုးသားရေးတရားများနှင့် ဘယ်သူ့မျက်နှာမှ မငဲ့ကွက်တော့ဘဲ ထေရ၀ါဒတရားစစ်စစ်ပြန်လည်ထွန်းကားရေးအတွက် ပြည်သူများမျက်စိပွင့်စေရန် တွင်တွင်ကျယ်ကျယ်ဟောကြားနေ ချိန် ဖြစ်သည်။ထိုသို့သောအချိန်တွင် စစ်အစိုးရကလည်း နိုင်ငံရေးအမြတ်ထုတ်ရန် အကွက်ချစီမံနေချိန်ဖြစ်သလို တိုင်းပြည်ကိုစစ်တပ်က ဘာကြောင့်ဆက်လက်အုပ်ချုပ်နေရသည်ဟု ကမ္ဘာကို လိမ်စရာအကြောင်းပြချက်ရှာနေချိန်လည်းဖြစ်သည်။ ဗိုလ်ခင်ညွန့်ဦးဆောင်သော စစ်ထောက်လှမ်းရေးများကလည်း မင်းသားလုပ်နေချိန်ဖြစ်ပြီး ဆူပွက်ကာနီး ဗွိုင်လာအိုးကို မပေါက်ကွဲစေရန် ထွက်ပေါက်အနည်းငယ်ပေး၍ ထိန်းသိမ်းသောနည်းဖြင့် ကျောက်ဆည်၊ မြစ်သား၊ ပခုက္ကူ၊ မုံရွာ၊ မန္တလေးစသောမြို့များ၌ဖြစ်ပွားသော ကုလား – ဗမာရန်ပွဲများကို မထိန်း သိမ်း ဘဲတဘက်လှည့်နှင့် လွှတ်ပေးထားခဲ့လေသည်။
အဓိကရုဏ်းဖြစ်စေရန် အကြောင်းများကလည်း စုံလှပေသည်။ မွတ်စလင်ဘာသာဝင်တွေက ဘုရားခေါင်းဖြတ်သွားလို့၊ ဘုန်းကြီးတူမကို ဘာလုပ်လို့ စသည်ဖြင့် ဘယ်ကလာမှန်းမသိသောသတင်းများဖြင့် ဘာသာရေးအဓိကရုဏ်းများနှင့် လူမျိုးရေးအဓိကရုဏ်းများဖန်တီးလေ့ရှိသည်။
ယခုပြန်သုံးသပ်ရလျှင် စစ်အစိုးရဖန်တီးသောသတင်းများမဟုတ်တောင်မှ ထိန်းသိမ်းရန်တာဝန်ရှိသောအာဏာပိုင်များက ပြေလည်အောင် ၀င်ရောက်ဖြေရှင်းခြင်းမရှိဘဲ လက်ပိုက်ကြည့်နေခဲ့ကြလေသည်။
အဓိကရုဏ်းပြီးမှ အရေးအခင်းတွင်ပါဝင်သူ/မပါဝင်သူဟုခွဲခြားမနေတော့ဘဲ စိတ်ထင်သလို ၀င်ရောက်ဖမ်းဆီးလေ့ရှိသည်။ ဖြစ်ခဲ့သမျှသော ဘာသာရေးအဓိကရုဏ်းများကို အဓိကလှုံ့ဆော်သူအဖြစ် မစိုးရိမ်ဆရာတော်ဦးဝီရ သူအပေါ်ပုံချ၍ ဦးဝီရသူ၏ တရားပွဲများကိုပိတ်ပင်ကာ ဖမ်းဆီးပါတော့သည်။ ဗုဒ္ဓဘာသာနိုင်ငံတွင် ဗုဒ္ဓတရားတော်များဖြန့်ဝေသည့်တရားပွဲများကို စစ်အစိုးရအာဏာပိုင်များက ပိတ်ပင်လေ့ရှိ သည်ဟု ဥရောပတွင်သွားပြောပါက ယုံကြမည်မဟုတ်ပေ။ ဦးဝီရသူအဖမ်းခံရသောအခါ မစိုးရိမ်တိုက်သစ်မှ စာသင်သားသံဃာတော်များနှင့် အခြားသောစာသင်တိုက်များမှသံဃာတော်များသည် ၂၇၊ ၁၀၊ ၂၀၀၃ နေ့ညတွင်စုဝေး၍ ဦးဝီရသူကိုချက်ချင်းလွှတ်ပေးရန် တောင်းဆိုကြပါ သည်။ ထိုသို့တောင်းဆိုကြလိမ့်မည်ဟု စစ်အစိုးရအာဏာပိုင်များက သေချာပေါက်သိထား၍ လုံထိန်းတပ်ဖွဲ့ဝင်များသည် (၈၄) လမ်းမနှင့် အခြားထင်ရှားသောလမ်းမကြီးများပေါ်တွင် နေရာယူကင်းလှည့်နေကြပါသည်။ သံဃာတော်များ (၈၄) လမ်းမပေါ်ရောက်သောအခါ တောင်းဆိုသံများကိုရပ်ဆိုင်းကြရန်နှင့် နောက်ပြန်ဆုတ်ရန်စစ်သားများက အမိန့်ပေးပါတော့သည်။ သံဃာတော်များက နောက်ပြန်မဆုတ်ဘဲနေ သဖြင့် မျက်ရည်ယိုဗုံးများခွဲကာ သေနတ်များနှင့် ဆက်တိုက်ပစ်ခတ်သဖြင့် သံဃာလေးပါး ထိခိုက်ဒဏ်ရာရခဲ့ပါသည်။
ထိုညမှာပင် အခြားကျောင်တိုက်များမှ သံဃာတော်အချို့လည်း အဖမ်းခံရပါသည်။ ဖမ်းဆီး၍ထောင်ချခံရသော သံဃာ (၈) ပါးမှာ ဆန္ဒပြရာ ၌ မပါဝင်သောသံဃာ (၅) ပါး၊ ဒဏ်ရာရသံဃာ (၂) ပါး၊ သွေးလှူရန်လိုက်လာသော သံဃာ (၁) ပါးတို့ဖြစ်သည်။
ဝီရသူလွတ်မြောက်ရေးတောင်းဆိုသောသံဃာများအား အနည်းဆုံး (၁၅) နှစ် ပြစ်ဒဏ်ပေးရမည်ဟု အမိန့်ပေးထားလေသလားတော့မသိ။ ပထမအကြိမ် ၅ (ည) ပုဒ်မတခုတည်းနှင့် ထောင်ဒဏ် (၇) နှစ်သာချမှတ်ထားရာမှ တလခန့်အကြာတွင် ၄၄၀ ပုဒ်မဖြင့် အမှုထပ်မံစွဲဆို၍ ထောင်ဒဏ် (၅) နှစ်၊ ၂၉၅ ပုဒ်မရိုရိုးဖြင့် ထောင်ဒဏ် (၁၅) နှစ်မပြည့်သေး၍ ၂၉၅ (က) ဖြင့် (၂) နှစ်၊ ၂၉၅ (ခ) ဖြင့် (၁) နှစ်ဟု (၁၅) နှစ်မ ပြည့်ပြည့်အောင် ပုဒ်မခွဲကာ နှစ်ရှည်ထောင်ဒဏ်အပြစ်ပေးခြင်းခံခဲ့ရပါသည်။ မည်သည့်သက်သေမျှမရှိ၊ ထောင်ပရ၀ုဏ်အတွင်း၌သာ အထူးခုံရုံးဖွဲ့၍ အပြစ်ပေးခြင်းဖြစ်သည်။ အဖမ်းခံရသော (၈) ပါးထဲတွင်အသက် (၁၈) နှစ်မပြည့်သေးသော ကိုရင်တပါးလည်းပါဝင်သည်။
• စစ်ကြောရေးအတွေ့အကြုံ
၂၇၊ ၁၀၊ ၂၀၀၃ နေ့ညတွင် ဦးဝီရသူအရေးအခင်းတွင် ဖမ်းမိသောသံဃာများနှင့်အတူ ဒဏ်ရာရသောသံဃာတော်များအားဆေးရုံသို့ပို့ရန် တာ ၀န်ခံခေါ်လာသော မစိုးရိမ်တိုက်သစ်နာယကဆရာတော် ဦးဝါသေဋ္ဌာဘိဝံသ၏ကားပေါ်တွင် သွေးလှူရန်လိုက်ပါလာသော သံဃာ တော်နှင့် ဖမ်းဆီးထားသောသံဃာတော် (၂၀) ခန့်ကို စစ်ကားပေါ်တင်၍ ခေါ်ဆောင်သွားခဲ့ပါသည်။
သေနတ်ထိမှန်၍ ဒဏ်ရာရသံဃာတော်များပါသည်ကိုတွေ့မြင်ကြသော်လည်း ဂရုမစိုက်ဘဲ တညလုံးမြို့ထဲပတ်မောင်းနေပြီး နံနက် (၃) နာ ရီခန့်မှနန်းတွင်းထောင်တွင်းသို့ထည့်ထားခဲ့ပါသည်။ နံနက် (၆) နာရီခန့်တွင် သွေးလှူသောသံဃာတော်များထဲမှ (၁) ပါးကိုချန်ထား၍ ကျန် သံဃာတော်များကို အိုးဘိုထောင်သို့ပို့ဆောင်ခဲ့ပါသည်။ ထို့နောက် ထောက်လှမ်းရေး၏ စစ်ကြောရေးငရဲခန်းသို့ဝင်ခဲ့ရပါသည်။ ၎င်းတို့စစ် ဆေးနေစဉ် ထိုင်ခွင့်မပြုဘဲ အချိန်ကြာမြင့်စွာမတ်တတ်ရပ်ခိုင်းပြီး ထောက်လှမ်းရေးများက လူလဲကာ တယောက်ပြီးတယောက် တလှည့်စီ စစ်ဆေးကြပါသည်။ စားပွဲပေါ်တွင် နံပါတ်တုတ်များတင်ထားပြီး ရဟန်းတော်များကို မင်းနှင့်ငါသုံးကာ ရိုင်းပြစွာဆက်ဆံပြောဆိုကြပါသည်။ သူတို့အားပြန်ကြည့်မိလျင် “မင်းက ငါတို့ကိုမခန့်လေးစားလုပ်တာလား” ဟုဆိုကာ ပါးရိုက်ခြင်း၊ လက်သီးနှင့်ထိုးခြင်းများပြုလုပ်သည့်အ ပြင် ဘေးကထောက်လှမ်းရေးများကလည်း ခြေထောက်နှင့်ဝင်ကန်ကြပါသည်။ မိမိမကျူးလွန်သောကိစ္စများကို အတင်းအဓမ္မ၀န်ခံခိုင်းပါ သည်။ သူတို့မေးလို့မသိဘူးပြောလျှင် “ထမင်မကျွေးဘူး ရေမတိုက်ဘူး” ဟု ခြိမ်းခြောက်ပါတော့သည်။ “မင်းတို့တဆွေလုံး တမျိုးလုံးဒုက္ခ ရောက်သွားချင်သလား” ဆိုပြီး စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ထိခိုက်အောင် နည်းမျိုးစုံဖြင့်လုပ်ပါတော့သည်။ သုံးရက်ခန့် မနားမနေ စစ်ဆေး သောအခါ အသက်ရှင်လိုစိတ်ပင်မရှိတော့ဘဲ “ငါမလုပ်လည်း လုပ်တယ်ပြောမှပြီးတော့မှာဘဲ” ဟူသောစိတ်မျိုးဝင်လာပါတော့သည်။
မိမိအခန်းတံခါးဖွင့်သံကြားရင် လှောင်အိမ်ထဲမှာ အနှိပ်စက်ခံနေရသောတိရစ္ဆာန်တကောင်ပမာ ထိတ်လန့်နေရပါသည်။ မိမိနာမည်ခေါ် သံကြားလျှင် ရှိသမျှစိတ်ခွန်အားကိုစုစည်းပြီး ငရဲခန်းသို့သွားရပြန်ပါသည်။ အစားစားချင်သည့်စိတ်လည်းမရှိတော့ဘဲ “ငါမြန်မြန်သေသွားရင် ကောင်းမှာဘဲ” ဟု တမ်းတနေမိပါတော့သည်။
ငရဲခန်းသို့ရောက်လျှင် အချိန်အကန့်အသတ်မရှိ ဒူးထောက်ခိုင်းထားပြီး မိမိမကျူးလွန်သောအကြောင်းများကို မေးပါတော့သည်။ အနှိပ်စက် ခံရမည့်ဘေးမှလွတ်အောင် သူတို့ခိုင်းသမျှလုပ်ပေးနေသည်ကိုပင် သူတို့အတွက်ဖျော်ဖြေရေးတခုအလား အရသာရှိစွာကျေနပ်နေကြပါ တော့သည်။ ယခုလိုအတွေ့အကြုံမျိုး ယခင်ကမတွေ့ဘူး၍ ပို၍အခံရခက်ပါသည်။ ဗုဒ္ဓဘာသာနိုင်ငံတွင် ရဟန်းတော်များကို ဗုဒ္ဓဘာသာဝင် ထောင်ဝန်ထမ်းများက ရိုက်နှက်စစ်ဆေးခြင်းကို ကျွန်ုပ်ကိုယ်တိုင်ခံစားခဲ့ရပါသည်။
နှိပ်စက်ညှဉ်းပမ်းရန်မလိုအပ်ပါဘဲလျက် အဘယ့်ကြောင့်နှိပ်စက်ကြသနည်.? အပြစ်မဲ့လူသားများစွာ ကျွန်ုပ်ကဲ့သို့ခံစားဆဲ ခံစားနေရဆဲဖြစ် သည်။ နောင်တွင် ဤကဲ့သို့သောစာနာမှုကင်းသောလုပ်ဆောင်ချက်များ မရှိစေချင်တော့ပါ။ အကယ်၍ ပြစ်မှုကျူးလွန်ခဲ့ပါကလည်း ပြစ်ဒဏ် ကျခံဘို့ ၀န်မလေးပါ။ ယခုသော်ကား ပိုက်စွပ်ထားသောတုတ်ဖြင့် ညှို့သကျည်းပေါ်တင်၍ တဗျစ်ဗျစ်မည်အောင်လှိမ့်ကာမေးချင်သလိုမေး ရိုက်ချင်သလိုရိုက်၍ မိမိမကျူးလွန်သောပြစ်မှုများကို အတင်းဝန်ခံခိုင်းကာ နှစ်ရှည်ထောင်ဒဏ်များချမှတ်ပါတော့သည်။ ဂျပန်ကင်ပေတိုင် များနှင့် စစ်ထောက်လှမ်းရေးများကား အရင်းဖြတ် အဖျားဖြတ်လောက်သာကွာပါသည်။
• ထောင်တွင်းနေထိုင်ခဲ့ရသည့်အခြေအနေ
ထောင်သို့ရောက်လျှင်ရောက်ခြင်း ငါးပိစိမ်းနှင့် လုံးတီးထမင်းကို စတင်ရင်ဆိုင်ရပါသည်။ ကန်စွန်းရွက် (သို့) တရုတ်မြင်းခွာရွက်များကို ပဉ္စ ငါးပါး နုပ်နုပ်စင်း၍ ဆားခပ်ကျွေးပါသည်။ အုပ်ချုပ်ရေးပိုင်းမှာ အကျဉ်းသားအချင်းချင်း ပြန်လည်အုပ်ချုပ်သောစနစ်ကို ကျင့်သုံးပါသည်။ ထောင်မှူးနှင့်စကားတခါပြောခွင့်ရဘို့အရေးမှာ အဆင့်သုံးဆင့်လောက် ဖြတ်ကျော်ရပါသည်။ ၀တ်ဘို့ စားဘို့ ဆေးကုသဖို့ မိမိဘာသာတာဝန် ယူရပါသည်။
နံနက်ခင်းဆန်ပြုတ်တခွက်ကိုပင် အကျဉ်းသားတိုင်းမသောက်ရပေ။ ထောင်ထဲကဆန်ပြုတ်ဆိုသည်မှာ ညကတည်းကပြုတ်ထားသော ထ မင်းများကို လိုသလောက်ရေနွေးရောထားခြင်းသာဖြစ်သည်။ သည်လိုဆန်ပြုတ်ကိုပင် အလုအယက်သောက်ရပါသည်။ နံနက်စာ ထမင်းနှင့် ပဲရည်ကျဲ၊ ညနေစာ ထမင်းနှင့်တာလဘောကိုသာ နေ့စဉ်ကျွေးပါသည်။ အသားကျွေးသည့်နေ့ဟု သတ်မှတ်ထားသော ဗုဒ္ဓဟူးစနေနေ့များတွင် ၀က်နားရွက်ပြာဖြစ်နေသောဝက်သားကိုကျွေး၍ ကြက်တုတ်ကွေးဖြစ်နေသောကြက်သားများကို ကျွေးပါသည်။ ရေချိုးဘို့အဆင်မပြေ၍ တင်ပြပါကလည်း ဘာမှမထူးပေ။ ကျန်းမာရေးကိစ္စမှာ အဆိုးဆုံးဖြစ်သည်။
ဆေးဝါးလည်းမရှိ နိုင်ငံရေးအကျဉ်းသားတယောက် အပြင်သို့ဆေးကုသခွင့်ရရန်မှာ အတော်ခဲယဉ်းပါသည်။ ရောဂါဖြစ်ပါက သေဖို့များပါ သည်။ မိမိပတ်ဝန်းကျင်မှ ရှိသမျှဆေးဝါးလေးများဖြင့် ကြံဖန်၍ကုသရပါသည်။ နိုင်ငံရေးနှင့်ဆက်နွယ်သောအကျဉ်းသားများအား ခွဲခြား ဆက်ဆံ၍ အုပ်ချုပ်ပါသည်။ အခြားသောအကျဉ်းသားများနှင့် စကားပြောခွင့်မပေးပါ။ မိမိအိမ်မှ ထောင်ဝင်စာလာတွေ့လျှင်လည်း အပြည့် အ၀ပေးခွင့်မရပေ။ ဟင်း (သို့) စားစရာတခုခုကို တားမြစ်၍ ပြန်ယူခိုင်းတတ်သည်။
တခါတရံ လူကြီးလာမည်ဟုဆိုကာ တနေကုန်အခန်းတံခါးပိတ်ထားပါသည်။ လူကြီးလာမည်ဟုအသံကြားလျှင် ကျွန်ုပ်တို့စိတ်ဆင်းရဲရပါ တော့သည်။ ထိုလူကြီး လာမည် မလာမည်ကမသေချာသော်လည်း အခန်းတံခါးအပိတ်ခံရမှာကတော့ သေချာပါသည်။ လူကြီးလာမည်ဟု အကြောင်းပြကာ အခန်းအတွင်း စာအုပ်မထားရ၊ ဘောလ်ပင်မထားရ စသည်ဖြင့် တခန်းလုံးပြောင်အောင်ရှင်းခိုင်းပြီး အခန်းထဲမှာ ပုံစံထိုင် ခိုင်းထားပါသည်။
နိုင်ငံရေးနှင့်ပက်သက်လျှင် လုံးဝအထိမခံသောစစ်အစိုးရကား ပြစ်ဒဏ်များကိုအနည်းဆုံး (၁၅) နှစ်မှ သေဒဏ်အထိပြင်းထန်စွာပေးလေ့ ရှိသည်။ လျော့ရက်လည်း လုံးဝမပေးပေ။ မိမိတို့လိုအပ်ချက်ကိုတင်ပြလျှင် “ပြဿနာရှာသည်” ဟု ထောင်မှူးများကရှုမြင်လေ့ရှိပြီး ထောင ပြောင်းရလိမ့်မည်ဟု သတိပေးလေ့ရှိသည်။
တခါတရံတွင် မျက်နှာဖုံးစွပ်၍ခေါ်ထုတ်ပြီးလျှင် အခြားသောအကျဉ်းသားများအား ၀ိုင်းရိုက်စေခြင်း၊ ထောင်ဝန်ထမ်းများကိုယ်တိုင်ရိုက်ခြင်းများပြုလုပ်ပါသည်။ ပြင်းထန်သောနိုင်ငံရေးခံယူချက်ရှိသူများအား အငြိုးအတေးထား၍ နှိပ်စက်တတ်သည်။ နည်းမျိုးစုံသုံး၍ အကျဉ်းသားများ အား မသေ သေအောင်သတ်တတ်သည်။ ထောင်တွင်းရံပုံငွေအဖြစ် မွေးထားသောဝက်တကောင်သေလျှင် စာရွက် (၂) ရွက်ကုန်သေးသည်။ အကျဉ်းသားတယောက်သေလျင် စာရွက် (၁) ရွက်ဘဲကုန်သည်ဟုပြောသော ထောင်မှူးကိုလည်း တွေ့ခဲ့ဘူးသည်။ အကျဉ်းသားများမှာ ထောင်ဝန်ထမ်းများ မျက်မုန်းမကျိုးစေရန် ဆရာခြင်းထပ်နေအောင်ခေါ်ရပါသည်။ မိမိအိမ်က ထောင်ဝင်စာပို့လာသောစားစရာလေးများ ဖြင့် မသထာရေစာကျွေးမွေး၍ ထောင်ဝန်ထမ်းများကျေနပ်အောင် ဖားရပါသည်။ တကယ့်ကို လူသားခြင်းစာနာမှုကင်းသော အကြင်နာတရား ကင်းမဲ့သော ထောင်ဝန်ထမ်းများဖြစ်သည်။
အထက်ပါကိစ္စများနှင့်ပက်သက်၍ ….
(၁) တရားဥပဒေ စိုးမိုးစေချင်ပါသည်။
(၂) တဦးကိုတဦး လူသားခြင်းစာနာမှုဖြင့် ဆက်ဆံစေချင်ပါသည်။
(၃) မည်သူတဦးတယောက်ကိုမျှ အာဏာကိုအသုံးပြု၍ အနိုင်မကျင့်စေချင်ပါ။
(၄) အမြဲတမ်းကြောက်နေရသောဘ၀မှ လူသားတိုင်းလွတ်မြောက်စေချင်ပါသည်။
(၅) အထူးသဖြင့် ဗုဒ္ဓ၏ကိုယ်ချင်းစာတရားနှင့် တရားတော်များကိုအသုံးပြု၍ ဆက်ဆံသောလောကကြီး (သို့) မြန်မာပြည်ကြီး အမြန်ဆုံးပေါ် ပေါက်ပါစေဟု ဆုတောင်းတမ်းတမိပါသည်။
အထက်ပါ မိမိခံစားချက်များဖြစ်ပေါ်လာစေရန်နှင့် ထိုလုပ်ငန်းစဉ်များအကောင်အထည်ပေါ်ရန်ဆောင်ရွက်နေသူများနှင့် လက်တွဲ၍ အ တတ်နိုင်ဆုံးကြိုးစားလုပ်ဆောင်သွားပါမည်။ ။
ကိုယ်ချင်းစာတရား ပွားများနိုင်ကြပါစေ ….