ကဗျာ

ဆွေးမြေ့လွမ်းခွေ ၆၅

ကျော်ဟုန်း
ဇူလိုင် ၁၅၊ ၂၀၁၂
ညကိုလှစေမဲ့ ‘လ’ ကွယ်တဲ့ ည
နေ့ကိုမှိုင်းစေမဲ့ ‘နေကြတ်’ တဲ့ နေ့ 
သမိုင်းကို အရိုင်းက ကိုက်မြိုတဲ့ နေ့ဆိုး
တရားခံအစစ်ကို လက်လှမ်းမမီသေးတဲ့ (၆၅)
ပုံသဏ္ဍာန်အမျိုးမျိုးကို ကျော်ဖြတ်ရင်းရောက်ခဲ့။
ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို
မိုင်းပွန်စော်ဘွားစပ်စံထွန်း၊ မန်းဘခိုင်၊ ဦးဘဝင်း
ဦးရာဇတ်၊ ဦးအုံးမောင်နဲ့ ရဲဘော်ကိုထွေး
ဂုဏ်သရေရှိ လူကြီးမင်းများရဲ့
အာဇာနည်များ ကြမ္မာဆိုးက
ပြည်တခွင်လုံးသိမ်းကျုံး
ပြည်သူအဆက်ဆက်ကို ပုလဲမျက်ရည်စွေခဲ့ချေပြီ။
ပြည်ထောင်ကို ညီနောင်တွေနဲ့ဝိုင်းပြီး
လွတ်လပ်ရေးကို အရယူမယ်၊
ပြည်ထောင်စု ညီအောင်ပြုဖို့
ဥပဒေမူကြမ်းရေးဆွဲမယ်
၁၉၄၇ ဗိုလ်ချုပ်ရဲ့ ကောင်းမြတ်မွန်များ
အာဏာရူးနဲ့ နယ်ချဲ့ဘီလူးစံနက်ကြား
သွေးစွန်းသွန်းလို့မျောခဲ့ကြ (ယနေ့တိုင်)။
၄၇ ရဲ့ဂျူလိုင် ၁၉ နှောင်းကာလ ၁၅ နှစ်
ဒီမိုနဲ့ ပြည်စိုဖို့ ဘာမှန်းမသိခင်
အချောင်သမား အာဏာရှင် နေဝင်းခေတ်များ
ကွယ်လွန်ပြီးခဲ့ အာဇာနည်တွေ
ထပ်လုပ်ကြံခံရပြန်တယ်။
စစ်ဘီးလူးကျူးခဲ့ ၈၈ နဲ့ ခုတိုင်လဲ
အာဇာနည်တွေ ကွက်မျက်ခံရဆဲ။
ပြည်ကျိုးနဲ့ လူမျိုးတွက် ထမ်းဆောင်ရင်းသက်စွန့်
အာဇာနည်ဆိုတာ ဂုဏ်ပြုထိုက်သူများလို့မသိ
နိုင်ငံသုံးငွေထဲက ပုံကိုရွှေ့
နိုင်ငံတော်အခမ်းအနားနဲ့ တနှစ်တခါ ဂါဝရပြုဖို့ဝေးစွ
နိုင်ငံအဝှမ်း ဂါဝရပြုခွင့်မရတဲ့ပြင်
အာဇာနည်နေ့အကြောင်း တပည့်ငယ်တွေကို
ရှင်းပြတဲ့ကျောင်းဆရာလေးတဦး
ထောင်ကျ အလုပ်ပြုတ်ခဲ့ရဖူးတဲ့ အာဇာနည်နေ့။
အာဇာနည်နေ့ကျင်းပရင်ကိုပဲ
သူပုန်တံဆိပ် ခတ်နှိပ်ခံရတဲ့ကာလ
ရှိခဲ့ဖူးပါတဲ့ တို့များပြည်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့နောက်ဆုံးမှာတမ်းကို
အစအဆုံး နားမဆင်ရဲတဲ့သူတစုက
ဗိုလ်ချုပ်ကို ပစ်ပယ်ဖို့တော့ ဝံ့ရဲကြတယ်။
တကယ်ဆို ပြန်တွေးရင်
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရာဇဝင်ကို မြှုပ်နှံခြင်းဟာ
နိုင်ငံတော်လုပ်ကြံခြင်း အသစ်ဖြစ်တယ်။
အာဇာနည်အပေါင်းရဲ့ဂုဏ်အထူးထူးကို ကွယ်ဝှက်ခြင်းဟာ
နိုင်ငံတော်လုပ်ကြံမှု အသစ်ဖြစ်တယ်။
ငါ့တို့ ဗမာပြည် အာဇာနည်များကတော့
ဂဠုံဦးစောရဲ့ မှုံကြီး၊ သက်နှင်းတို့ အုပ်စုပစ်တဲ့ကျည်ထက်ပြင်းတဲ့
ဗိုလ်နေဝင်းရဲ့ သဝန်တို မနာလိုခြင်း
မြောက်ကိုရီးယားစပိုင် ဇင်ဗို၊ ကင်မင်ချူး ခွဲခဲ့ဗုံးထက်ပြင်းတဲ့
ဗိုလ်သန်းရွှေရဲ့ ကလိန်ဆင် အာဏာရူးမှု
အကြိမ်ကြိမ်ကျော်ရင်း ပြည်သူ့အသည်းမှာနန်းစံ
ဒါပေမယ့် ၁၉ ဂျူလိုင်ရောက်တိုင်း (…..) ။
ဟုတ်တယ်၊ ၁၉ ဂျူလိုင်ရောက်တိုင်း
အာဇာနည် ဘိုးဘတို့ကို တမ်းတ
ဦးနှောက်နဲ့ အသည်းအနာအဆာတွေ
အဖတ်လိုက်ကို တိုင်တည်တန်ဆာဆင်ရင်း
ကမောက်ကမ နိုင်ငံတော်ထဲမှာ
အာဇာနည်နေ့ကို ချို့ချို့ငဲ့ငဲ့ ကျင်းပနေရဆဲ။
ဂုဏ်ပြုထိုက်သူများ ဂုဏ်ပြုမှု
နှောင်းလူတို့ကို အမွေပေးရမယ်ဆိုတဲ့အသိ
အာဏာရှင်တွေမှာ မရှိ
ရိုသေထိုက်သူများ ရိုသေမှု
မင်္ဂလာတခုဖြစ်တယ်ဆိုတဲ့ အသိ
အာဏာရူးတွေမှာ မရှိ။
တကယ်ကို ပူဆွေးဖို့တောင်မှ
အကန့်အသတ်နဲ့  ပူဆွေးရမယ့်ကိန်း
မျက်ရည်ကျချင်ရင် တယောက်ဘယ်နှစ်စက်သာကျရမယ်
ကန့်သတ်မှုနဲ့  ငိုကြွေးရမယ့်ကိန်း
လူစုရင်ကို ပူမှုဖြစ်နေတဲ့လူတစုကြောင့်
ခေါင်းဆောင်ကြီးတွေမျှော်မှန်းချက်
လွတ်လပ်ခြင်း တရားမျှတခြင်းများ
တော်လှန်နေရဆဲ ကြိုးစားနေရဆဲမို့ 
ရင်ထဲက (၆၅) ရေ …
ဗိုင်းရပ်မိနေဆဲကြယ်များကို ခွင့်လွှတ်ပါ။ ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts