ရသဆောင်းပါးစုံ

Ngwe Sandar – ငွေစန္ဒာသို့ နှုတ်ဆက်ခြင်း

ငွေစန္ဒာသို့ နှုတ်ဆက်ခြင်း

ကျန်ရစ်သူမိသားစု၏ အမှတ်တရစာများ

မိုးမခက ကောက်နုတ်ဖော်ပြပါသည်။ ဇူလိုင် ၁၂၊ ၂၀၁၂

            ( http://ngwesandar.blogspot.com  ကို ဘလော့ဂ်စာဖတ်သူတော်တော်များများ သိကြပါတယ်။ အဲသည်က ငွေစန္ဒာဆိုတဲ့ စာရေးသူက ၂၀၁၀ နိုဝင်ဘာမှာ စတင်စာရေးခဲ့ပြီး ၂၀၁၁ ဧပြီလမှာ ဆက်လက်ရေးသားခြင်း မရှိတော့ဘဲ ရပ်နားသွားခဲ့ပါတယ်။

၂၀၁၂ ဇန်န၀ါရီ ၄ ရက်မှာတော့ သူမရဲ့ ကျန်ရစ်သူ မိသားစုဝင်တို့က သူမ လွန်ခဲ့တဲ့ ၆ လက ကွယ်လွန်ခဲ့ပြီ ဖြစ်ကြောင်းနဲ့ သူမ နောက်ဆုံး ရေးခဲ့တဲ့ စာကလေးကို ပြန်လည် တင်ဆက်ခဲ့ပါတယ်။

သူမကိုယ်တိုင် ကင်ဆာဝေဒနာကို ခံစားနေခဲ့ချိန် တလျောက်လုံးမှာ ဘလောဂ်ပေါ်မှာ စာဖတ်သူများကို  စိတ်ကြည်နူးဖွယ် ဟင်းချက်နည်းပြုတ်နည်းများကို ဝေမျှ စကားဝိုင်းဖွဲ့ခဲ့သူ ဖြစ်ပါတယ်။ အခု ပြန်လည်တင်ဆက်မှာကတော့ ကျန်ရစ်သူ ခင်ပွန်းသည်က သူမအကြောင်းကို ကွယ်လွန်ပြီး ၁ နှစ်မှာ အမှတ်တရ ရေးသားလိုက်တဲ့စာ ဖြစ်ပါတယ်။ အမှတ်တရ ပြန်လည် မျှဝေလိုက်ပါတယ်။)

ငွေစန္ဒာ (သို့မဟုတ်) စက္ကန့်တိုင်းကို စိန်စီသွားသူ

ငွေစန္ဒာ မိသားစု

(ငွေစန္ဒာ ဘဝတစ်ပါးသို့ ပြောင်းသွားသည်မှာ ၄ ..၂၀၁၂ ရက်တွင် တစ်နှစ်ပြည့်ပြီဖြစ်ပါသည်။ နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ငွေစန္ဒာအတွက် ဂုဏ်ပြုဆောင်းပါးကိုဖော်ပြလိုက်ပါသည်။

ငွေစန္ဒာ အ ကြောင်းကိုစိတ်ထဲမှာရေးမိနေတာကြာပြီဖြစ်ပါတယ်။ လက်တွေ့အားဖြင့် တော်တော်နဲ့မ ရေးဖြစ်ခဲ့ပါ။ ကိုယ့်ကိုကိုယ်ဖော်၊ မသူတော်‘ ဖြစ်မှာစိုး၍ ရေးရမှာ လက်တွန့်နေခဲ့ပါတယ်။ မည်သို့ဆိုစေ တစ်နှစ်ပြည့်အစီအစဉ်အဖြစ် ငွေစန္ဒာကိုဂုဏ်ပြုသောအားဖြင့် မျှဝေလိုက်ပါတယ်

            ငွေစန္ဒာကိုယ်တိုင် ၂၀၁၀ခုနှစ်၊ နိုဝင်ဘာလ၊ ၁၉ – ရက်နေ့က ရေးသားဖော်ပြခဲ့တဲ့ သူမနဲ့ကင် ဆာရာဂါ‘ ဆောင်းပါးအဆက်လို့လဲပြောလို့ရပါတယ်။ ငွေစန္ဒာရဲ့ ဆောင်းပါးထဲမှာတင်ပြထားသလို သူမဟာ ဝီပဿနာတရားကိုတတ်နိုင် သ ရွေ့ပွားများခဲ့ပါတော့တယ်။ ထိုသို့ စတင် ပွားများမှုမပြုခင် တရားကိုဘယ်လိုမှတ် ရမလဲလို့ ခင် ပွန်းဖြစ်သူ ကျွန်တော့်ကိုမေးပါတယ်။ ကျွန်တော်လဲ မိုးကုတ်ဝိပဿနာ တရားတွေကို နာကြားခဲ့ ၊ အချိန်ပိုင်းတရားထိုင် ခဲ့တဲ့အ တွေ့အကြုံ ၊ မြန်မာပြည်မှာ နေခဲ့စဉ်က ရိပ်သာ နှစ်ခုမှာ ရက်ပိုင်းဝင်ပြီး တရားအားထုတ်ခဲ့တဲ့အ တွေ့အကြုံကိုအ ခြေခံပြီး ရှင်းပြခဲ့ပါတယ်။ ပွင့်ပွင့်လင်းလင်း ဝန်ခံရရင်  ကျွန်တော်ကစာတွေ့ကိုအ ခြေခံပြီး ရှင်းပြခဲ့တာပါ။

 ငွေစန္ဒာရေးသားခဲ့သလို သူမဟာ အွန်လိုင်းက နေ ဆရာတော်ပေါင်းစုံရဲ့ ဝိပဿနာတရားတော်တွေကို နာယူပါတယ်။ ဆရာတော် တွေရဲ့   ဝိပဿနာတရားစာအုပ်တွေကိုလဲဖတ်တယ်။ သူမဟာ ဘုရားစင်ရှေ့မှာထိုင်ပြီး တရားမမှတ်နိုင် ရှာဘူး။ လျောင်း၊ ထိုင်၊ ရပ်၊ သွား ဆိုတဲ့ အဆင်ပြေတဲ့နည်းနဲ့ဘဲ တရားရှုမှတ်တယ်။ ဆက်တီခုံမှာထိုင် ရင်းရှုမှတ်တာများတယ်။ နောက်ပိုင်းမှာ မိုးကုတ်ဆရာတော် ဦးဃောသိတရဲ့ ဝိပဿနာ တရားတွေကို အဖန်တလဲလဲ ကြားနာရင်း  မိုးကုတ်ဝိပဿနာ နည်းနဲ့ တရားရှုမှတ်ပါတယ်။

ညစာ စားချိန်မှာ သူမရဲ့တရားရှုမှတ်တဲ့အ တွေ့အကြုံတွေကို ကျွန်တော့်ကိုရှင်းပြတယ်။ ‘ကာလေန ၊ ဓမ္မသာကစ္ဆ္ဆာ’ ဆိုတဲ့မင်္ဂလာတရားတော်နဲ့အညီ တရားဆွေးနွေးဖြစ်တယ်။ ရှင်းရှင်းပြောရရင် အစပိုင်းမှာ ကျွန်တော်က ဆရာ ယောင်ယောင် လုပ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ကျွန်တော်ကတပည့်ဖြစ်သွားပါတယ်။ ကျွန်တော်က စာတွေ့အရ အသိများသလို ရှိခဲ့ပေမယ့် လက်တွေ့ကျင့်ကြံ အားထုတ်မှုအပိုင်းမှာ သူမကများစွာသာလွန်ပြီးအ တော်အတန် ခရီးပေါက်ခဲ့တယ်လို့ ယုံကြည်ပါတယ်။

သာဓကအားဖြင့်  ငွေစန္ဒာတင်ပြခဲ့သလို ပြင်းထန်ဆိုးရွားတဲ့ ကီမိုရဲ့ဘေးထွက်ဆိုးကျိုးအဖြစ် တစ်ကိုယ်လုံး အထူးသဖြင့် အဆစ်တွေ အလွန်နာပါတယ်။ယုတ်စွအဆုံး လျှာနဲ့သွားတွေတောင် နာပါတယ်။ ကျွန်တော်လဲ သူမအတွက် အားပြင်းတဲ့ မော်ဖိန်းလို အကိုက်အခဲ ပျောက်ဆေးနဲ့အတူ အခြား အကိုက်အခဲ ပျောက်ဆေး ၊ ထိုးဆေးမျိုးစုံဆောင် ထားပါတယ်။ ပထမပိုင်း ကီမိုသွင်းခါစမှာတော့ အကိုက်အခဲပျောက်ဆေးထိုးပေးရတာတို့ ၊  အကိုက်အခဲပျောက်ဆေး သောက်စေတာတို့လုပ်ပါတယ်။ ဒါပေမဲ့ သိပ်မကြာခင် မှာ ငွေစန္ဒာဟာ ဘာ အကိုက်အခဲ ပျောက်ဆေးကိုမှ အထိုးမခံတော့ပါဘူး။ ဘယ်အကိုက်အခဲ ပျောက်ဆေးကိုမှလဲမ သောက်တော့ပါဘူး။ သူမဟာ ရုပ်တရားနဲ့ နာမ်တရားကို ဉာဏ်နဲ့ခွဲခြားသိမြင်ပြီး ဝေဒနာရဲ့အပျက်ကို ရှုမှတ်ခြင်းအားဖြင့်  အကိုက်အခဲ ပျောက်ဆေး အလုံးစုံကိုပယ်လိုက်ပါတယ်။ 

ကျွန်တော့်မှာ Cervical Spondylosis ဆိုတဲ့လည်ပင်းနာရောဂါရှိတော့ အကိုက်အခဲ ပျောက်ဆေးမကြာ၊ မကြာသောက် ရတယ်။ တစ်ခါက ဆေးသောက်ပါလျက်နဲ့ မခံရပ်နိုင်အောင် လည်ပင်းနာလာတော့ ဇနီးသည်က ကျွန်တော့်ကို ဘုရားစင်ရှေ့မှာထိုင် ခိုင်းပြီး သူမ ပြောတဲ့ နည်းအတိုင်း ရှုမှတ်ခိုင်းပါတယ်။ ကျွန်တော်လဲ ဒီတော့မှ ရုပ်နဲ့နာမ်ကို ခွဲခြားသိမြင်နိုင် ခဲ့ပါတယ်။ မိနစ်အနည်းငယ်အကြာမှာပဲ လည်ပင်းနာတဲ့ ဝေဒနာဟာယူပစ်သလို ပျောက်သွားပါတယ်။ နောက်ပိုင်းလဲ လည်ပင်းနာတာ သိပ်မခံစားရ တော့ပါ။  လည်ပင်းကိုထိန်းတဲ့ collar လည်းမတတ် ရ တော့ပါ။ ဒီအကျိုးတရားအတွက် ဇနီးကို အထူးကျေးဇူးတင် မိပါတယ်။ မြတ်စွာဘုရားရဲ့တရားဂုဏ်တော်အတိုင်း လက်တွေ့ ဒိဋ္ဌချက် ခြင်းအကျိုးပေးပါတယ်။

ဒါနဲ့ပဲ ကင် ဆာအထူးကု ဆရာဝန်ကြီးရဲ့ ကုသမှု အစီအစဉ်အရ တစ်နှစ်အတွင်းမှာ ကီမိုအမျိုးအစား တစ်မျိုးကို ခြောက်ကြိမ်စီနဲ့ သုံးမျိုး ဆယ့်ရှစ်ကြိမ် သွင်းပြီး မာကျောတဲ့ သူမရဲ့စိတ်ဓာတ်၊ ဝိပဿနာတရားပွားများအားထုတ်မှုရဲ့ အကျိုးကျေးဇူးတွေကြောင့် အဆုတ်နဲ့အသည်းမှာတင် မက ကျောရိုးမှာပါကင်ဆာနဲ့ ပတ်သက်လို့ဘာမှမ တွေ့ရ တော့ပါ။ ကျွန်တော်နဲ့မိသားစု၊ နှစ်ဘက်ဆွေမျိုးများ၊ သူမကိုကုသ ပေးနေတဲ့ ဆရာဝန်တွေနဲ့ မိတ်ဆွေတွေအားလုံး အံ့ဩဝမ်းသာကြတယ်။

ဆက်လက်ပြီး ကင် ဆာအထူးကု ဆရာဝန်ကြီးနဲ့ ပုံမှန်ပြ၊ ပုံမှန်စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

လအနည်းငယ်အကြာ စီတီစကင်(န်) အဖြေအရ အဆုတ်နဲ့ ကျောရိုးမှာကင် ဆာဆဲ(လ်) ပြန်လည် ပြန့်နကြောင်း ဝမ်းနည်းစွာသိခဲ့ရပြန်ပါတယ်။ ကျွန်တော်နဲ့မိတ်ဆွေ ဆရာဝန်များကလည်း သူမကို အားပေးကြပါတယ်။ နိုင် ငံရပ်ခြား မှာဆိုတော့ ဆွေမျိုးတွေနဲ့ဝေးနေ ပေမယ့် ဒီမှာရှိတဲ့ မြန်မာမိသားစုများက သူမရဲ့ သူမတူတဲ့ စေတနာ ကောင်းမှုကြောင့်လည်း ဆွေမျိုးရင်းချာပမာ နည်းမျိုးစုံနဲ့ အားပေးကူညီကြလို့ အထူးကျေးဇူးတင် ရပါတယ်။ ကာယကံရှင် ငွေစန္ဒာ ကိုယ်တိုင် ကလည်း စိတ်ဓာတ်လုံးဝမကျဘဲ ကြံ့ကြံ့ခံပြီး ဆက်လက် ဆေးကုသမှုခံယူဘို့ပြင် ဆင် ထားပါတယ်။

ဒါနဲ့ကျောရိုးကို ဓာတ်ရောင်ခြည်နဲ့ ဆယ်ကြိမ်ကုသမှုကို ခံယူခဲ့ရပါတယ်။ ပြီးတော့ ကီမိုအမျိုးအစား နောက်ထပ် တစ်မျိုးနဲ့ သုံးကြိမ်ဆေးသွင်းကုသမှုကို ခံယူခဲ့ရပါတယ်။ စုစုပေါင်း ကီမိုအမျိုးအစား လေးမျိုးကို နှစ်ဆယ့်တစ်ကြိမ် သွင်းခဲ့ရတာပါ။ 

ဒီလိုကြံ့ကြံ့ခံ ဆေးကုသမှုခံယူနေတဲ့ ကြားထဲကဘဲ မခံမရပ်နိုင်အောင် ခေါင်းတွေထိုးကိုက်ပြီး အော့အန်လာလို့ ဦးနှောက်ကို စီတီစကင်(န်) ရိုက်ကြည့်တော့ ဦးနှောက်ကိုပါ ကင် ဆာဆဲလ်တွေ ပြန့်နကြောင်း ပို၍ဝမ်းနည်းဖွယ် ရာသိခဲ့ရပါတယ်။ ဒါနဲ့ပဲ ဦးနှောက်ကို ဓာတ်ရောင်ခြည်နဲ့ ဆယ်ကြိမ်ကုသမှုကို ဆက်လက်ခံယူခဲ့ပါတယ်။

 ငွေစန္ဒာဟာဆိုးရွားပြင်းထန်တဲ့ကင် ဆာရောဂါခံစားခဲ့ရ ပေမယ့် လူနာလိုမ နေခဲ့ပါ။ မိသားစုကို ဒုက္ခမ ပေးပါ။ တတ်နိုင် သ ရွေ့ ကိုယ့်အားကိုယ်ကိုးပြီးတော့သာနေခဲ့ပါတယ်။ ကင် ဆာရောဂါ နောက်ဆုံးအဆင့် ရောက်လို့ ကိုယ်တိုင် လမ်းမ လျှောက်နိုင် မှဘဲ သူတစ်ပါးအကူအညီကို ယူခဲ့ပါတယ်။

ဒီလို ဝေဒနာပြင်းထန်စွာ ခံစားနေရ ပေမယ့် ငွေစန္ဒာရဲ့ မျက်နှာဟာဝေဒနာ ခံစားရတဲ့ အရိပ်အ ယောင် တစိုးတစိမျှ  မ တွေ့ရဘဲ တကယ့်ကို ကြည်လင် ဝင်းပ နေတာကို ထူးထူးခြားခြား တွေ့ရပါတယ်။ ဒီအ ကြောင်းကို မြန်မာပြည်က သူမရဲ့ ဖခင် နဲ့ ညီအစ် မ တွေကို ဖုန်းဆက် ရင်းပြောတော့ သူမက ဒီလိုမ ပြောဘို့တားမြစ်ပါတယ်။ 

သူမရဲ့ မျက်နှာလေးဟာ ကြည်ကြည် င်လလင် ရွှင်ရွှင် ပျပျဘဲဆိုတော့ ကျွန်တော်တို့လဲ စိတ်ကြည်လင်အေးချမ်းမှု ကူးစက်ခံရပြီး စိတ်သက်သာမှုရခဲ့ပါတယ်။ ဒီနည်းအားဖြင့် ငွေစန္ဒာဟာ မိသားစုနဲ့ ပတ်ဝန်းကျင် ကိုအကျိုးပြု သွားပါတယ်။ အခုလဲ ကျွန်တော့်အ နေနဲ့ စိတ်ညစ်၊ စိတ်ရှုပ်စရာတွေ ရှိရင် ငွေစန္ဒာရဲ့ မျက်နှာ ကြည်ကြည် င်လလင် လေးကိုမြင်ယောင် လိုက်တဲ့အခါ  ကျွန်တော့်ရဲ့ စိတ်တွေလဲ ကြည်င်လ အေးချမ်း သွားရပါတယ်။

 ငွေစန္ဒာရဲ့ ဂုဏ်ကျေးဇူးတွေဟာ မိသားစုအ ပေါ် မ ဖော်ပြနိုင်လောက်အောင် များပြားပါတယ်။ ကျွန်တော့်အ နေနဲ့ ပြည့်စုံကုံလုံအောင် ဖော်ပြခြင်းငှါမစွမ်းပါ။

မိတ်ဆွေ ဆရာဝန်တစ်ဦးနဲ့ သင်္ကြန်ပွဲမှာ ဆုံတုန်းကလည်း ‘ ဆရာ့ကို ခုမှပြောဖြစ်တာ၊ ဆရာ့ဇနီးဆုံးတုန်းက မျက်နှာလေးက ပြုံးနေတာတွေ့ရတယ်။ ဘဝကူး ကောင်းမှာ သေချာတယ်။ ‘  လို့ပြောပါတယ်။ ကျွန်တော်ကလည်း သူကောက်ချက်ချတာကိုလက်ခံပါတယ်။ 

ဇနီးသည်ဟာ ဘဝတစ်ပါးသို့ ရောက်ရှိနေ ပေမယ့် ကျွန်တော်တို့ကို စိတ်ကြည်လင် အေးချမ်းမှု ပေးနေခြင်းအားဖြင့် အကျိုးပြုနေပါတယ်။ ဒီအတွက်လည်း ဇနီးသည်ကို ကျေးဇူးအခါခါတင် မိပါတယ်။

 ငွေစန္ဒာဟာ ရောဂါ ပြင်းထန်စွာ ခံစားခဲ့ရပေမယ့် အချိန်မဖြုန်းဘဲ စက္ကန့်တိုင်း စက္ကန့်တိုင်းကို တန်ဘိုးရှိတဲ့ စိန်တွေစီသွားသည့် အလား မပြတ်သော တရားအမှတ်နဲ့ သတိကပ် ရင်း ဝေဒနာကိုခွာကာ အပျက်ကို မြင်အောင်ရှုနိုင် ခဲ့တဲ့အတွက် အထူးတလည် မျက်နှာကြည်င်လ ဝင်းပစွာနဲ့ ဘဝတစ်ပါးသို့ ပြောင်းသွားနိုင် ခဲ့တယ်ဆိုတာ လုံးဝ ယုံကြည် ပါတယ်။ 

တကယ်တော့ ငွေစန္ဒာဟာ  စက္ကန့်တိုင်းကို တန်ဘိုးရှိစွာ စိန်စီသွားနိုင် သူဖြစ်ပါတယ်။

၎. ဇူလိုင်. ၂၀၁၂ ၊ ဗုဒ္ဓဟူးနေ့

ငွေစန္ဒာ မိသားစု

(ဓာတ်ပုံ – ကွယ်လွန်သူရဲ့ ဈာပနအစီအစဉ်တခုဖြစ်တဲ့၊ တလပြည့် အရိုးပြာများ ပင်လယ်တွင်း ကြဲပက်ခဲ့စဉ်က ဓာတ်ပုံတခုကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။ မိုးမခ)

ငွေစန္ဒာ ၆ လပြည့် အမှတ်တရ

အိမ်နောက်ဖေးကကြောင်လေးများ

(ပြန်လည်ဖော်ပြခြင်း)

 ငွေစန္ဒာသည် ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ၊ ၄ရက်နေ့က ဘဝတစ်ပါးသို့ပြောင်းသွားရာ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ၊ ၄ရက်နေ့က ၆လပြည့်မြောက်ခဲ့ပြီးဖြစ်ပါသည်။ 

ငွေစန္ဒာကိုအောက်မေ့ တသ၊ သတိရသောအားဖြင့် ငွေစန္ဒာကိုယ်တိုင် ရေးသားခဲ့ပြီး ဘလော့အပေါ် မတင်ဖြစ်ခဲ့သော ဆောင်းပါးတပုဒ်ကို ကျန်ရစ်သူ မိသားစုက ဖော်ပြလိုက်ပါသည်။

အိမ်နောက်ဖေးကကြောင်လေးများ

တနေ့ကျမအသံတခုကြားရတယ်၊နှာချေသံပေါ့၊ဟတ်ချိုး၊ဟတ်ချိုးဆိုပြီးတော့။ ကျမလန့်သွားခဲ့တယ်။

သံတံခါးနှစ်ထပ်ပိတ်ထားရဲ့နဲ့အိမ်ရှေ့ဝရန်တာကိုလူဘယ်လိုဝင်လာပါလိမ့်ပေါ့။ ကြောက်ကြောက်နဲ့  ချောင်းကြည့်တော့လူမဟုတ်ဘူး၊ကြောင်လေးတကောင်ဖြစ်နေတယ်လေ။ အဆက် မပြတ်ကိုနှာချေနေတာ။

အဲဒီနေ့ကစပြီးသူတို့နဲကျမမိတ်ဆွေဖြစ်သွားခဲ့တာ၊ခုထိပေါ့။သူတို့ဆိုတာကြောင်ကလေးသုံးကောင်ပေါ့၊ တကောင်က တကိုယ်လုံးမဲနေတဲ့ ကြောင်မဲမလေး၊ နောက်နှစ်ကောင်က အယ်ဘီးနိုး ဖြူစုတ်စုတ်ကြောင်ကလေးတွေ၊ သုံးကောင်လုံး ရုပ်ဆိုးလေးတွေ၊ ကျမဒီအိမ်ကို မရောက်ခင်ကတည်းက သူတို့လေးတွေဒီအိမ်မှာရှိနေခဲ့တာ။ ဘယ်သူမွေးထားတယ် ဆိုတာတော့မသိဘူး။

ကြောင်ဖြူလေးနှစ်ကောင်ကညောင်ညောင်လို့မအော်တတ်ဘူးမျက်စေ့ကလည်းသိပ်မြင်ရပုံမပေါ်ဘူး။ ဒါပေမဲ့ နှာချေ၊ ချောင်းဆိုး၊ အီးပေါက်တာတော့ လူအတိုင်းပဲ။ ကျမ အဲလိုကြောင်မျိုးခုမှတွေ့ဘူးတာ။ ကြောင်မဲမလေး ကျတော့တမျိုး၊  သူကိုယ်ဝန်ဆောင်တာ တွေ့တာသုံးခါရှိပြီ။ ဒါပေမဲ့ကြောင်ကလေးတွေ တကောင်မှ မ တွေ့လိုက် ရဘူး။ ဘယ်နားမွေးပြီး၊ ဘယ်ရောက်သွားမှန်းမသိဘူး။ 

သုံးကောင်လုံးက ချစ်စရာလုံးဝမကောင်းပါဘူး။ ရုပ်ဆိုးလေးတွေ၊ သမီးလေးက ကြောင်ဆိုမကြိုက်တော့ အိမ်ထဲ အဝင်မခံပေမဲ့၊ ကျမက သူတို့ကို သနားလို့ နေ့တိုင်း တနေ့ကို သုံးခါ  ကျွေးနေတော့၊ ခုဆိုသူတို့က  နောက်ဖေးဝရန်တာလေးမှာပဲ နေတော့တယ်။ ဗိုက်ဆာရင် ကြောင်မဲမလေးက တညှောင်ညှောင်နဲ့ပေါ့။

ဟိုနှစ်ကောင်က မအော်တတ်ဘူးလေ။ သူတို့က ထမင်းလည်း မစားတတ်ဘူး။ ထမင်းနဲ့ဟင်းနယ်ကျွေးရင် ထမင်းတွေ ချန်ခဲ့တယ်။ ပေါင်မုန့်နဲ့ဟင်းဆိုရင်တော့ ကုန်အောင်စားတယ်။ ဈေးဝယ်ရင် သူတို့အတွက်ပါ ငါးသေတ္တာဘူးတွေနဲ့ ပေါင်မုန့်တွေ ဝယ်ထားရတယ်။

ခုတခါကြောင်ဖြူမလေးတကောင်နဲ့ကြောင်မဲမလေးက

ဗိုက်ကြီးနေပြန်ပါရောလား။ တနေ့မှာလုံခြုံရေးအဖိုးကြီးကို ကျမကမေးကြည့်တယ်။ ကြောင်ကလေးတွေ ခဏခဏ ဗိုက်ကြီးပြီး သူတို့မွေးတဲ့ ခလေးတွေ ဘယ်ရောက်သွားလဲ ဆိုတော့၊ ညညဆို နောက်ဖက်ခြံက ခွေးတွေဝင်ပြီး လာစားသွားတာတဲ့။ ကျမ တော်တော် စိတ်မကောင်းဖြစ်သွားတယ်။ အဲလိုနဲ့ သူတို့မွေးရင်ခွေးရန်

က လွတ်အောင်၊ အိမ်မှာပဲမွေးရင် ကောင်းမှာပဲဆိုပြီး နောက်ဖေးဝရန်တာမှာ ဇလုံကြီးကြီးထဲအထဲ ဝတ်ခင်းပြီး ချထားပေးလိုက်တယ်။ ငွေစန္ဒာတို့ ကိုယ့်ဟာကိုယ် အလုပ်ရှုပ်နေရတဲ့အထဲ ကြောင်သားဖွါးခန်းဖွင့်လိုက်တာပေါ့။

မကြာပါဘူး။ ကြောင်နက်မလေးက ကြောင်လေး၃ကောင် မွေးပါတယ်။ အိမ်နောက်ဖေး ဝရန်တာကို ခွေးကမဝင်နိုင်ဘူးဆိုတော့၊ သူတို့သားအမိတွေအတွက် စိတ်ချနေတာပေါ့နော်။ တညမှာတော့ကြောင်နက်မလေးရဲ့အော်သံနဲ့  ကြောင်တွေရုန်းရင်းဆန်ခတ်ဖြစ်တဲ့အသံတွေ ကြားလိုက်တယ်။ ခါတိုင်းလည်း ကြောင်တွေက တခါတရံ အဲလို
ပဲ ကိုက်နေကြတာဆိုတော့ ထမကြည့်လိုက်မိဘူး။

မနက်မှကြည့်လိုက်တော့ ကြောင်လေးတစ်ကောင်ကိုစား

ထားတဲ့ အပိုင်းအစတွေပဲ တွေ့ရတယ်။ ကျန်တဲ့ကြောင်လေး၂ကောင်ကိုတော့ သူ့အမေက ချောင်လေးထဲမှာဖွက်ထားတယ်။

ဆောင်းပါးအဆက် (ငွေစန္ဒာ မိသားစု)

ကျန်တဲ့ကြောင်လေးနှစ်ကောင်ကိုအန္တရာယ်ကင်းစွာကြီးပြင်းအောင်ဆက်လက်ကျွေးမွေးစောင့်ရှောက်ခဲ့ပါတယ်။ တကောင်က အနက်ရောင်၊ ကျန်တကောင်က မီးခိုးရောင်လေးပါ။ 

ငွေစန္ဒာ မကျန်းမာစဉ်အခါကလည်း နေ့ဖက်အိမ်မှာတယောက်ထဲကျန်ခဲ့စဉ် ကြောင်လေးတွေက သူမကိုအဖော်လုပ်ပေးခဲ့ပါတယ်။ ကြောင်လေးတွေ ပြေးလွှားဆော့ကစားတတ်တဲ့ အချိန်မှာ ကြောင်နက်ကလေး ပျောက်သွားပါတော့တယ်။

နောက်မှ အိမ်ရှေ့ကားလမ်းမှာ ကားကြိတ်လို့ သေသွားတယ်ဆိုတာ အိမ်လာလည်နေကျ သူငယ်ချင်း ဆရာဝန်မ ပြောလို့သိလိုက်ရတော့ အတော် စိတ်မကောင်းဖြစ်သွားရတယ်။

မရှေးမနှောင်းမှာဘဲ နည်းနည်းအိုနေတဲ့ ကြောင်ဖြူမ တကောင်ကို ခွေးတွေဝိုင်းကိုက်ပြီးစားပြစ် လိုက်ပါ ရောလား။ ငွေစန္ဒာ မိသားစုလည်း ဝမ်းနည်းရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ပါ။

မကြာခင်မှာဘဲကျန်တဲ့ ကြောင်ဖြူမကတစ်နေရာမှာ ကြောင်လေးတွေမွေးပြီးလမ်းလျှောက် နိုင်တဲ့အရွယ်မှာ သူ့ကလေးတစ်ကောင်ကိုခေါ်လာခဲ့လို့ ဒီနေ့အထိ ကြောင်နက်မ သားအမိနဲ့  ကြောင်ဖြူမသားအမိတို့ကို တစ်နေ့သုံးကြိမ် စေတနာသန့်သန့်နဲ့ ကျွေးမွေးနေပါတယ်။

ကြောင်တွေကိုအစာကျွေးတဲ့အခါတိုင်း ငွေစန္ဒာ မှာကြားသွားသလို ‘သတ္တဝါများ အဟာရနှင့် ပတ်သက်၍ ဆင်းရဲခြင်းမှ ကင်းဝေးရပါလို၏။’ လို့ နှစ်နှစ်ကာကာဆုတောင်းပေးပါတယ်။

ငွေစန္ဒာတို့ မိသားစုလဲတူသောအကျိုးကိုခံစားရပါတယ်။ အစာအဟာရနဲ့ ပတ်သက်လို့ ပူပင်ကြောင့်ကြစရာမလိုဘဲအမြဲ ပြည့်စုံခဲ့ပါတယ်။မိသားစုအပေါ်ကျေးဇူးကြီးမားခဲ့သော ငွေစန္ဒာကိုဂုဏ်ပြုသောအားဖြင့် ငွေစန္ဒာရဲ့“အိမ်နောက်ဖေးက ကြောင်လေးများ”  ဆောင်းပါးအဆက်ကို တင်ပြလိုက်ရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts