ရသဆောင်းပါးစုံ

မင်ဒဲလားကြီး ခေါ်ဆောင်ရာသို့ ….

ဖိုးထက်
ဇူလိုင် ၈၊ ၂၀၁၂
ကျနော်အထက်တန်း ကျောင်းသားဘ၀ ဖြတ်သန်းခဲ့သော ကျောင်းတော်ကြီးမှာ ယောက်င်္ကျားလေး သီးသန့်ကျောင်း ဖြစ်သည်။ အကုန်လုံး အထီး။ အများစု ဗရုတ်သုတ်ခ၊ ပြောချင်ရာပြော၊ ဆိုချင်ရာဆို၊ ဆဲချင်ရာဆဲ၊ ဘေးဘီမှ မိန်းကလေးများကို အားနာပြီး မပြောလိုက်ရသော စကားမရှိ။ ဆရာမများရှိပေမယ့် အနှီသကောင့်သား ကျနော်တို့ ယောက်ျားလေးများကို ခေါင်းခေါက်၊ ဗိုက်ကြောဆွဲလိမ် ၀မ်းမနာသားတွေ လိုသဘောထားပြီး စောင့်ရှောက်ကြပါသည်။ ပါးစပ်စည်းကမ်းရှိအောင် ထိမ်းသိမ်းကြပါသည်။ လူ့ယဉ်ကျေးမှုရှိအောင် ဆုံးမကြပါပေသည်။

မတစ်ထောင်သား ကျနော်တို့မှာ ဆရာ၊ ဆရာမ များ ရှေ့မှာသာ ယုန်သူငယ်လိုနေကြသည်။ ဆရာများ မျက်ကွယ်မှာ ရန်ဖြစ်၊ ချိန်းပြီး လက် သီးထိုး၊ ဖက်ကိုက်၊ မိန်းကလေးများ မကြားဝံမနာသာ စကားများဖြင့် တစ်ယောက်နှင့် တစ်ယောက်ဆဲရှိကြသည်။ သို့သော် ဒီနေ့ရန်ဖြစ်၊ နောက်တစ်ရက်မှာ လည်ပင်းဖက်ပြီး ဗရုတ်သုတ်ခစကားများဖြင့် ဟေးလား၊ ၀ါးလား ချစ်စရာ ငယ်သူငယ်ချင်းများ ဖြစ်ခဲ့ကြသည်။

ကျနော်ဖြတ်သန်းခဲ့သော ထိုယောင်္ကျားလေး ကျောင်းရှိ ယောင်္ကျားလေး အိမ်သာနံရံများထဲတွင် နံရံရေးစာစုများရှိသည်။ လူ့လောက တ ခွင်ရှိ အဘယ်သောနယ်ပယ်မှာမှ ဖော်ပြခြင်းငှာ မသင့်တော်သည့် စာစုများဖြစ်သည်။ ယုတ်ယုတ်မာမာ၊ ပက်ပက်စက်စက်၊ အောက်တန်း အတော်ကျသောစာစုများ ဖြစ်သည်။ အရောင်ရှိသော စာများ၊ အပြာရောင် ဟာသများ၊ ဆဲဆိုထားသော စာများ၊ လူ့လောကကို အကျိုးမ ရှိသောစာများ၊ စိတ်ကောင်းစိတ်မြတ်များကို ပိတ်ပင်တားဆီး၊ အားမပေးသောစာများ။

အသက်အတော်အတန်ရ၊ အင်တာနက်သုံးတတ်လာတော့ ထိုယောက်ျားလေး အိမ်သာနံရံပေါ်ရှိ စာစုများကဲ့သို့ ရေးချင်ရာရေး၊ ပြောချင်ရာ ပြော၊ ရန်စချင်သလို ရန်စ၊ ကြိုက်နှစ်သက်သလို Share ကြသည့် Facebook ပေါ်ရှိ စာများကို တွေ့လာရသည်။ ထမင်းစား၊ ရေသောက်၊ အ၀တ်အစားအသစ်ဝယ်၊ ဘာအရက်သသောက်၊ ဘာကြီးဝယ် စသည်တို့ကိုဖော်ပြဖို့ ကမ္ဘာကျော် Facebook ကို အသုံးပြုကြသည်။ တချို့ က ပရိုဖိုင်းလ် အစစ်အမှန်၊ အလှဆုံးဓာတ်ပုံများကို ရွေးချယ်ဖော်ပြကာ Facebook ကို လိပ်ပြာသန့်သန့်၊ အကျိုးရှိရှိ အသုံးချသည်။ တချို့ က သတင်းပလင်းများ ဝေမျှဖို့ ဖတ်ဖို့ အသုံးပြုကြသည်။ တချို့က နိုင်ငံ့အရေးကို စိတ်ဝင်တစား ဝေမျှကြ၊ ဆွမ်းကြီးဝင်လောင်း ကြသည်။

“နိုင်ငံရေးဆိုတာ ကြီးကြီးကျယ်ကျယ် မဟုတ်။ နေ့စဉ် ထမင်းစား၊ ရေသောက်တာလဲ နိုင်ငံရေး၊ လူတိုင်း၊ နိုင်ငံသားတိုင်း နိုင်ငံရေးကို စိတ် ၀င်စားသင့်တယ်” ဆိုသည့် နိုင်ငံရေးဂုရုကြီးများပြောစကားကို ကျနော်နှစ်သက်လက်ခံသည်။ ထို့ကြောင့် နိုင်ငံ၏ သံယံဇာတများ၊ လုပ်ပိုင် ခွင့်များကို မိမိဘိုးဘွားပိုင်လိုလို၊ အမွေဆိုင်လိုလို လုပ်ချင်တိုင်းလုပ်၊ ခိုးချင်တိုင်း ခိုးနေကြသော လူတချို့အား Facebook ပေါ်တွင် အားရ ပါးရတွယ်ကြသည်ကို လက်ခုပ်တီးအားပေးသည်။ အားပေးသင့်သောအရာလို့လဲ ထင်သည်။ ခိုးဝှက်နေသောသူများကို သူတို့ကံက ကောင်းတာကိုးဆိုသော အတွေးများတွေးပြီး တုံဏိဘာဝေသဘောဖြင့်မဆိုင်သလို နေသင့်သောကိစ္စမဟုတ်ဟု သဘောတူပါသည်။

သို့သော် တစ်ချို့ Facebook အသုံးပြုသော တန်းတူညီမျှ ဒီမိုကရေစီလိုလားသည့်လူများ၏လုပ်ရပ်များကိုတော့ စိတ်ထဲ တယ်သဘောမကျလှ။ ဥပမာ အဘွားကြီး ဥရောပခရီးတွင် အောင်မြင်ခဲ့သည်ဓာတ်ပုံများကို တင်ပြီး ဘေးမှ “နေပြည်တော်က ကတော်တွေ၊ မနာလိုသူတွေ ကျလိ ကျလိဖြစ်အောင် လုပ်ပေးလိုက်အုံးမယ် ငှဲ ငှဲ ငှဲ” ဆိုသည့် မှတ်ချက်။ ထိုမှတ်ချက်ကိုကြည့်ပြီး ဆရာကြီး မောင်သာချို၏ ဆောင်းပါးလေးကို သတိတရ ဖြစ်မိသည်။ တောင်အာဖရိက ဒီမိုကရေစီတိုက်ပွဲမှာ မင်ဒဲလား သမ္မတဖြစ်လာသောအခါ သူ့ကို ထောင်ချခဲ့သော ဒီကလပ်ကို ဒု သမ္မတရာထူးပေးပြီး လက်တွဲခေါ်ခဲ့သည့် အကြောင်းရေးထားသော ဆောင်းပါးလေးဖြစ်သည်။

ပြိုင်ဖက် လူတစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ အချင်းချင်း အပုတ်ချ၊ တိုက်ခိုက်ကြတာ မဆန်းပေမယ့် မဆိုင်သောလူများကို ၀ါးလုံး အီးသုတ်ရမ်းသော ကိစ္စမှာ မဖြစ်သင့်သောအရာလို့ ထင်သည်။ ရိုးသားဖြူစင်သည့် နိုင်ငံရေး ခေါင်းဆောင်များကို အပုတ်ချ၊ တိုက်ခိုက်တာ ဒေါသထွက်ပေမယ့် ဒေါသကို ဒေါသဖြင့် ၊ အမုန်းကို အမုန်းဖြင့် ကလဲ့စားချေမယ်ဆိုသည့် အတွေးသည် တယ်မနိပ်လှ။ အထက်က ကျနော် ဖော်ပြခဲ့သော မှတ်ချက်အတွက် အမုန်း အသေးလေးကနေ အမုန်းအကြီးကြီး ဖြစ်လာနိုင်သည်။ ဒီမိုကရေစီပန်းတိုင်သို့ သွားရာ ခရီးကြမ်းကြီး မှာ ခလုတ်ခသင်း သေးသေးလေးကို သွားမဖြစ် လာမဖြစ် ဗွက်အိုင်ကြီး ဖြစ်အောင် လုပ်နေသလို ဖြစ်နေမှာစိုးရိမ်သည်။

အမုန်း အကြီးကြီးကို သေးငယ်အောင်။ သေးငယ်သော အမုန်းကို ပပျောက်အောင်။ အမုန်း မရှိသူကို ချစ်တတ်လာအောင် ကြိုးစားသင့်သည်။ သူခိုး သူဝှက်များ တွန့်ဆုတ်သွားအောင် မှန်သည့်ဘက်က ၀င်ရောက်အားပေးသင့်ပေမယ့် ကြောက်ကန်ကန်ချင်နေသည့် သူများကို ဓားဆွဲ၊ တုတ်ဆွဲဖြစ်လာအောင် မလုပ်ကောင်းဘူးဟု ထင်သည်။ ပြည်သူလူထု ကျွေးထားသော လစာ၊ ရိက္ခာကို စားနေပြီး ပြည်သူလူထု လိုလား သည့် တန်းတူညီမျှမှုကို မျက်ကွယ်ပြုကာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်နေသည့် လူ့အောက်တန်းစားများကို တိုက်ခိုက်သင့်ပေမယ့် မဆိုင်သော လူများကို မေတ္တာတရားဖြင့်သာ လက်တွဲခေါ်သင့်သည်။ နားလည်မှုရအောင် ကြိုးစားသင့်သည် ထင်သည်။

ဘ၀တစ်ခုလုံး အဆုံးရှုံးခံ၊ လောင်မြိုက်ခံပြီး ထောင်ထဲမှာ အချိန်ဖြုန်းခဲ့ကြသည့် နိုင်ငံရေးခေါင်းဆောင်များကိုယ်တိုင်က တွေ့ဆုံညှိနှိုင်းကြ မယ်ဟု ပြောနေကြချိန်မှာ နောက်လိုက် ကျနော်တို့က အသစ်အသစ်သော မီးတွေမွှေးနေသလို ဖြစ်နေမိမှာစိုးမိသည်။ လမ်းမှန် ကမ်းမှန် နောက်ပြန်မလှည့်တမ်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီခရီးဆက်လက်ချီတက်ကြမည်ဆိုပါစို့။ ၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည်၏လက်အ တွင်းသို့ နိုင်ငံကိုရှေ့ဆောင်နိုင်သော အာဏာရရှိလာသည်ဘဲ ဆိုကြပါစို့။ အဘွားကြီးသည် မင်ဒဲလားခြေရာအတိုင်း လိုက်မည့်သူဟု ယုံ ကြည်မိသည်။ ငယ်ကျိုးငယ်နာ ပြန်ဖော်၊ အစပြန်ကောက်ပြီး လက်စားခြေရေး မူဝါဒကြီးဖြင့် ဒီမိုကရေစီဆိုသည့် စကားလုံးကို အရုပ်ဆိုး အကျည်းတန်စေမည့် အဘွားကြီးမဟုတ်ဟု ယုံကြည်သည်။ စစ်တပ်ကြီးကို လက်တွဲခေါ်၊ အမှားလုပ်ခဲ့သော သူများကို ဖျောင်းဖျကာ မြန် မာနိုင်ငံ၏ အုပ်ချုပ်သူလူတန်းစား ကို ဖြူစင်သန့်ရှင်း အခြေတည်အောင် မသေခင် လုပ်သွားမည့် အဘွားကြီးဆိုတာ ကျနော်ယုံကြည်သည်။

အမုန်းကို အမုန်းဖြင့် ဖြေရှင်း အနိုင်ယူလို့မရ။ “တူဖြစ်တုံးနှံ ပေဖြစ်တော့ခံ”၊ “မိုးကောင်းတုံး ရွာထားကြ၊ ငါ့အလှည့်ကြမှ မိုးကြိုးပါ ပြစ်ချပြစ် မယ်” ဆိုသည့် ကြုံးဝါးသံများသည် အဆိုးသံသရာ လည်စေမည့် စကားများသာ ဖြစ်မည်။ တစ်ရပ်ကွက်လုံး အော့နှလုံးနာနေသော လူမိုက် ကြီးကို မသိချင်ယောင်ဆောင်၊ အတတ်နိုင်ဆုံး မပါတ်သက်ဘဲနေခြင်းသာ သင့်တော်မည်။ ထိုလူမိုက်ကြီး မခံချိ မခံသာဖြစ်အောင်၊ ဒေါသ ထွက်အောင် ရပ်ကွက်ပြည်သူများက လုပ်နေလျှင် လူမိုက်တို့၏ထုံးစံအတိုင်း “တစ်ရပ်ကွက်လုံး ရီးဘဲ” အချိုးချိုးကာ ရပ်ကွက်ကို မီးရှို့မှာ စိုးမိသည်။ လူမိုက်ကြီးတို့၏လုပ်ရပ်များကို ရှုံချသင့်ပေမယ့် ဆင်ကန်းတောတိုး လုပ်ရပ်များ မလုပ်မိအောင်၊ လူမိုက်တွေးတွေ မတွေးမိ အောင် ဒေါသထွက်အောင် မစသင့်သော အရာများဟုဘဲ ထင်မြင်မိသည်။

ကျနော်တို့က မင်ဒဲလားတော့ မဖြစ်နိုင်။ သို့သော် မင်ဒဲလား၏ သဘောထားကြီးရင့်မှုများကို ဆထက်ပွားအောင် ကြိုးစားသင့်ကြသည်ဟု ထင်မြင်မိပါသည်။ ဒါမှဘဲ မေတ္တာတရားဖြင့် ပြည့်ဝသော၊ အကြောက်တရားကင်းသော၊ တန်းတူညီမျှဖြစ်သော ဒီမိုကရေစီစနစ်ကြီးကို အ ခြေတည်နိုင်မည် ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts

One thought on “မင်ဒဲလားကြီး ခေါ်ဆောင်ရာသို့ ….
  1. ဘ၀တစ်ခုလုံး အဆုံးရှုံးခံ၊ လောင်မြိုက်ခံပြီး ထောင်ထဲမှာ အချိန်ဖြုန်းခဲ့ကြသည့် နိုင်ငံရေးခေါင်းဆောင်များကိုယ်တိုင်က တွေ့ဆုံညှိနှိုင်းကြ မယ်ဟု ပြောနေကြချိန်မှာ နောက်လိုက် ကျနော်တို့က အသစ်အသစ်သော မီးတွေမွှေးနေသလို ဖြစ်နေမိမှာစိုးမိသည်။ .. I like this words. GOOD.

Comments are closed.