ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

မြတ်စွာဘုရားအား ပြုစုလုပ်ကျွေးခြင်း

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဇူလိုင် ၆၊ ၂၀၁၂
“ေယာ ဘိကၡေဝ မံ ဥပ႒ေဟယ်၊ ေသာ ဂိလာနံ ဥပ႒ေဟယ်”

ငါ၏ ချစ်သားရဟန်းများတို့၊ လူနာ လူမမာ အနာရောဂါဖိစီးခံနေရသူတို့အား ပြုစုလုပ်ကျွေးခြင်း သည် ငါဘုရားအား ပြုစုလုပ်ကျွေးသည်မည်၏။ (တနည်း) ငါဘုရားကို ပြုစုလုပ်ကျွေးမဲ့အစား လူနာ လူမမာ အနာရောဂါဖိစီးခံနေရသူတို့အား ပြုစုလုပ်ကျွေးလော့။ (ဝိနည်း မဟာဝါ)။

အထက်ပါ အကြောင်းအရာအား ထောက်ဆကြည့်လျှင် မြတ်စွာဘုရားရှင်သည် လူနာ လူမမာ၊ မသန်စွမ်း ရောဂါဝေဒနာရှင်သည်တို့အပေါ်၌ အရေးပေးပြုစုခဲ့သည်မှာ ထင်ရှားလေသည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် ၂ဝဝ၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ ကျန်ရစ်သူမိသားစုတို့၏ သောကပရိဒေဝမီး များ တစ်ဖက်တစ်လမ်းမှ ဖြေသိမ့်ကူညီ ပေးဆပ်မှု (၃) နှစ်တာကာလတစ်ခု ကျော်လွန်သည့်နောက် ရှင်သူများအတွက်လည်း တတ်စွမ်းသ၍ ဝိုင်းဝန်းကူညီ ဆောင်ရွက်နိုင်ရန်အတွက်၎င်း၊ တစ်ကြိမ်တည်း အသက်နှစ်သက် ကယ်တင်ရသောကုသိုလ်၊ ကိုယ်ဝန်ဆောင် မိခင်များအား ခွဲစိတ်မွေးဖွားပေးမှု လုပ်ငန်းစဉ်အား စတင်ခဲ့ကာ ဆေးကူညီမှုကော်မတီတစ်ရပ် အား ၂ဝဝ၃ ခုနှစ်၊ ဧပြီလ (၇) ရက် (ကမ္ဘာ့ကျန်းမာရေးနေ့)မှစတင်၍ မြောက်ဥက္ကလာပဆေးရုံ၊ တောင် ဥက္ကလာပ မိခင်နှင့်ကလေးဆေးရုံ၊ အင်းစိန်ဆေးရုံ၊ စံပြဆေးရုံ၊ ရန်ကုန်အရှေ့ပိုင်း (ဂန္ဓီ) ဆေးရုံ၊ ရန်ကုန် အနောက်ပိုင်း (ကြည့်မြင်တိုင်) ဆေးရုံ၊ ရန်ကုန် နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံ၊ ရန်ကုန်ကလေးဆေးရုံ စသည့် ပြည်သူ့ဆေးရုံကြီး (၈) ရုံတွင် ဆေးကူညီမှုကုသိုလ်တို့ကို ပြုလုပ်ဆောင်ရွက်ရင်း (၇) ရက်သား သမီးများ အနာရောဂါဘေးမှ ကင်းဝေးစေရန်အတွက်၎င်း၊ ရေရှည်တည်တံ့စေရန်အတွက် ၂ဝဝ၇ ခုနှစ်၊ မတ်လ (၂) ရက် (တောင်သူလယ်သမား)နေ့တွင် “သုခကုသိုလ်ဖြစ်ဆေးခန်း(ရန်ကုန်)” အား အောင်မြင် စွာ ဖွင့်လှစ်နိုင်ခဲ့ပြီးနောက် ယနေ့ချိန်အထိ စေတနာရှင် ဆရာဝန်ကြီး (၅၄) ဦးတို့၏ လုပ်အားဒါန ကူညီပံ့ပိုးမှုများကြောင့် လူနာများသည် စမ်းသပ်ခနှင့် ဆေးဖိုး ငွေကြေးတစ်စုံတစ်ရာ ပေးသွင်းရန် မလိုအပ် ဘဲ တိုကင်တစ်ရက် ကြိုတင်ယူဆောင်၍ နေ့စဉ်နေ့တိုင်း (အခမဲ့) ကုသပေးခဲ့ရာ ၃ဝ.၆.၂ဝ၁၂ (စနေနေ့) အထိ မျက်စိ၊ အရိုးအကြော၊ ကလေး၊ မီးယပ်နှင့်သားဖွား၊ သွား၊ ကင်ဆာ၊ နား၊ နာခေါင်း၊ လည်ချောင်း၊ အပ်စိုက်၊ အရေပြား၊ အထွေထွေရောဂါ စသည့် လူနာစုစုပေါင်း (၁၅၁ဝ၆၄) ဦးအား ကုသမှုများ ပြုလုပ် ပေးခဲ့သလို အရေးပေါ် သွေးလိုအပ်သော လူနာများအတွက်လည်း တိုက်ရိုက်သွေး လှူဒါန်းမှုကိုလည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အောက်စီဂျင် အိုးများ၊ လူနာကုတင်များ၊ ချိုင်းထောက်များနှင့် Wheel Chair များအား (အခမဲ့) ငှါးရမ်းခြင်း၊ လှူဒါန်းခြင်းတို့ကိုလည်း ကုသိုလ်ဖြစ် ဆောင် ရွက်ပေးလျှက်ရှိသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းမှတစ်ဆင့် ထပ်မံတိုးချဲ့မှုတစ်ရပ် အဖြစ် ပြည်မြို့၊ ရွာဘဲနယ်မြေ၊ ရတနာမာန်အောင်ဘုန်းတော်ကြီးကျောင်းတိုက်အတွင်း၌ “သုခကုသိုလ် ဖြစ်ဆေးခန်း(ပြည်)” အား ဥက္ကဋ္ဌ ဦးမိုးကြီး၊ အတွင်းရေးမှူး ဦးညီညီအောင်တို့မှ ၈.၆.၂ဝ၁၁ ရက်နေ့တွင် စတင်၍ စမ်းသပ်ဖွင့်လှစ်ခဲ့ရာ အများပြည်သူအပေါင်းတို့၏ ကျန်းမာရေး ကိစ္စအဝဝအား (အခမဲ့) ကုသ ပေးခဲ့ရာ ၉.၆.၂ဝ၁၁ ရက်နေ့အထိ လူနာစုစုပေါင်း (၈၉) ဦးတို့ကို ကုသပေးခဲ့ပြီးနောက်ပိုင်း အကြောင်း အမျိုးမျိုးကြောင့် ပိတ်ပင်ခံခဲ့ရပြီး ၁၂.၉.၂ဝ၁၁ ရက်နေ့မှ ပြန်လည်၍ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီး စေတနာရှင် ဆရာဝန်ကြီး (၁၄) ဦးတို့၏ လုပ်အားဒါန ကူညီပံ့ပိုးမှုများကြောင့် လူနာ များသည် စမ်းသပ်ခနှင့်ဆေးဖိုး ငွေကြေးတစ်စုံတစ်ရာ ပေးသွင်းရန်မလိုအပ်ဘဲ တိုကင်တစ်ရက် ကြိုတင်ယူဆောင်၍ (တနင်္လာ နေ့၊ အင်္ဂါ နေ့၊ ဗုဒ္ဓဟူးနေ့၊ ကြာသပတေးနေ့) တစ်ပါတ်လျှင် (၄) ရက်တိတိ (အခမဲ့) ကုသ ဆောင်ရွက်ခဲ့ရာ ၃ဝ.၆.၂ဝ၁၂ (စနေနေ့) အထိ လူနာစုစုပေါင်း (၁၂၃၆၆) ဦးအား ကုသနိုင်ခဲ့သလို အောက်စီဂျင်အိုးများအား (အခမဲ့) ငှားရမ်းခြင်းတို့ကို ဆောင်ရွက်လျှက်ရှိသည်။

ထို့အပြင် ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၇)၊ ကျိုက်ပေါစေတီတော်၊ ဒက္ခိဏသာခါရာမ ကျောင်းတိုက်အတွင်းတွင်လည်း “သုခကု သိုလ်ဖြစ်ဆေးခန်း(ပဲခူး)” အား ဥက္ကဋ္ဌ ဦးသူရိန်ဝင်း၊ အတွင်းရေးမှူး ဦးဇော်ဋ္ဌေးဝင်းတို့မှ ဦးစီးလုပ်ဆောင်ကြပြီး ၂၅.၄.၂ဝ၁၂ ရက်နေ့တွင် စတင်၍ ဖွင့်လှစ်ခဲ့ပြီး စေတနာရှင် ဆရာဝန်ကြီး (၂၉) ဦး တို့၏ လုပ်အားဒါန ကူညီပံ့ပိုးမှုများကြောင့် လူနာများသည် စမ်းသပ်ခနှင့် ဆေးဖိုး ငွေကြေးတစ်စုံတစ်ရာ ပေးသွင်းရန် မလိုအပ်ဘဲ ဆေးခန်းမဖွင့်မှီ တစ်နာရီကြိုတင်၍ တိုကင်ယူဆောင်၍ (ဗုဒ္ဓဟူးနေ့၊ သောကြာ နေ့၊ တနင်္ဂနွေနေ့) တစ်ပါတ်လျှင် (၃) ရက်တိတိ (အခမဲ့) ကုသဆောင်ရွက်ခဲ့ရာ ၃ဝ.၆.၂ဝ၁၂ (စနေနေ့) အထိ လူနာစုစုပေါင်း (၂၉၇၃) ဦးအား ကုသပေးနိုင်ခဲ့ပြီး ဖြစ်သည်။

ယခုထပ်မံ၍ ပဲခူးတိုင်းအနောက်ပိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ အရှေ့မြို့ပါတ် လမ်းရှိ သောဘဏာရုံကျောင်းတိုက်အတွင်း၌ “သုခကုသိုလ်ဖြစ်ဆေးခန်း(ကြို့ပင်ကောက်)” အား ဥက္ကဋ္ဌ ဦးမြင့်သိန်း၊ အတွင်းရေးမှူး ဦးကျော်ဇေယျတို့မှ ဦးစီးလုပ်ဆောင်ကြပြီး ၅. ၆.၂ဝ၁၂ ရက်နေ့တွင် စတင်၍ ဖွင့်လှစ်ခဲ့ပြီး စေတနာရှင် ဆရာဝန်ကြီး (၁၄) ဦးတို့၏ လုပ်အားဒါန ကူညီပံ့ပိုးမှုများကြောင့် ကျန်းမာရေး ချို့ တဲ့၍ ဆေးဝါးကုသရန် ခက်ခဲသော ဝေဒနာရှင်များအတွက် စမ်းသပ်ခနှင့် ဆေးဖိုး ငွေကြေးတစ်စုံ တစ်ရာ ပေးသွင်းရန် မလိုအပ်ဘဲ နံနက် ပိုင်း (၈းဝဝ) အချိန်တွင် တိုကင်ယူဆောင်ကာ မွန်းလွဲပိုင်း (၁းဝဝ) နာရီမှစတင်၍ (အင်္ဂါနေ့၊ ကြာသပတေးနေ့၊ စနေနေ့) တစ်ပါတ်လျှင် (၃) ရက်တိတိ (အခမဲ့) ကုသ ဆောင်ရွက်ခဲ့ရာ ၃ဝ.၆.၂ဝ၁၂ (စနေနေ့) အထိ လူနာစုစုပေါင်း (၁ဝဝဝ) ဦးအား ကုသပေးနိုင်ခဲ့ပြီး ဖြစ်သည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သုခကုသိုလ်ဖြစ်ဆေးခန်းကြီးသည် လူနာ လူမမာများအား ကူညီဖေးမ ပြုစုကုသပေးခြင်းတည်း ဟူသော မြတ်ဗုဒ္ဓအလိုကျသော လုပ်ငန်းကြီးအား မြန်မာ ပြည် အရပ်ရပ်ရှိ တိုင်း၊ ပြည်နယ်များတွင် သုခကုသိုလ်ဖြစ်ဆေးခန်း(ခွဲ)များ ဖွင့် လှစ်ထားကာ ကျန်းမာရေး ချို့တဲ့၍ ဆေးဝါးကုသရန်ခက်ခဲသော ဝေဒနာရှင်များအတွက် မိမိတို့နှင့်အနီးဆုံး “သုခကုသိုလ်ဖြစ်ဆေး ခန်း” များသို့ သွားရောက်၍ စမ်းသပ်ခနှင့် ဆေးဖိုး ငွေကြေးတစ်စုံ တစ်ရာပေးသွင်းရန် မလိုအပ်ဘဲ ဆေးခန်းဖွင့်ရက်များတွင် (အခမဲ့) ကုသပေး နိုင်ရန်အတွက် တစ်လှမ်းခြင်း တစ်လှမ်းခြင်း ရှေ့သို့ချီတက်၍ ထမ်းဆောင်လျှက်ရှိသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts

One thought on “မြတ်စွာဘုရားအား ပြုစုလုပ်ကျွေးခြင်း
  1. ငါ၏ ချစ်သားရဟန်းများတို့၊ လူနာ လူမမာ အနာရောဂါဖိစီးခံနေရသူတို့အား ပြုစုလုပ်ကျွေးခြင်း သည် ငါဘုရားအား ပြုစုလုပ်ကျွေးသည်မည်၏။ (တနည်း) ငါဘုရားကို ပြုစုလုပ်ကျွေးမဲ့အစား လူနာ လူမမာ အနာရောဂါဖိစီးခံနေရသူတို့အား ပြုစုလုပ်ကျွေးလော့။ (ဝိနည်း မဟာဝါ)။

Comments are closed.