ရသဆောင်းပါးစုံ ရေခြားမြေခြား မြန်မာများ

Po Htet – မြေကြီးက ရယ်သောသူ

မြေကြီးက ရယ်သောသူ

ဖိုးထက်။ ဇူလိုင် ၅၊ ၂၀၁၂

စင်္ကာပူ မြို့ပြနိုင်ငံငယ်လေးကို ရောက်ကတည်းက ကျနော်၏ သွားချင်၊ လာချင် စိတ်များ လျော့နည်းနေခဲ့သည်။ အရာရာမှာ သန့်ရှင်းသပ်ရပ်၊ သွားရေး လာရေး လွယ်ကူလှပေမယ့် အလုပ်နှင့် အိမ်၊ အိမ်နှင့် မသွားမဖြစ်သွားရမည့် ကိစ္စများမှ လွဲပြီး ဘယ်ကိုမှ မရောက်ဖြစ်။ မသွားဖြစ်။ ခဏတစ်ဖြုတ် လာရောက် လည်ပါတ်ကြသော အပေါင်းအသင်း ၊ မိတ်ဆွေ၊ ဆွေမျိုးများ သွားသင့်သည့်နေရာများကို လိုက်ပို့၊ လမ်းညွှန်ဖြစ်ပေမယ့် မဖြစ်မနေသွားသင့်သည့် နေရာ တစ်ခုမှ မရှိဘူးလို့ ခံယူပါသည်။ ရန်ကုန်မြို့ကြီးထက် အနည်းငယ်သာ ပိုမိုကြီးမားသော နိုင်ငံငယ်လေးထက် ရေခံ၊ မြေခံ ပြည့်စုံလှပလွန်းသော ရွှေနိုင်ငံကြီး၏ သမိုင်းနောက်ခံ ပြည့်စုံကုံလုံကြွယ်ဝသော နေရာတွေကို ပိုမို ခင်တွယ်သည်။ တောင်ဘက်အဖျား ကော့သောင်းမှ မြောက်ဘက်ဖျား ပူတာအိုအထိ ကျနော် မရောက်ဘူးသေးသော မြန်မာ့ ရေ၊ မြေတွေ တပုံတစ်ခေါင်းကြီး ရှိသည်။

ပုဂံမှာ ဘုရားကြို ဘုရားကြား နေထွက်မှ နေ၀င်အထိ အေးအေးဆေးဆေး နေကြည့်ဖို့က  စင်္ကာပူ၏ Santosa၊ Singapore Zoo၊ Marina Bay၊ Universal Studio စသည့်နေရာများထက် ပိုမို တန်ဖိုးထားမိသည်။ လမ်းကြုံလို့ အလည်အပါတ်သဘောမျိုး လေ့လာသင့်သော နေရာများဆိုပေမယ့် ပုဂံ၊ တနင်္သာရီ ကျွန်းစုများ၊ ကစ္ဆပနဒီမြစ်၊ ရှစ်သောင်းဘုရား၊ ငပလီကမ်းခြေ၊ ခါကာလိုရာဇီ စသည့် နှလုံးသည်းပွတ်နေရာတွေကို ပိုမို ခင်တွယ် ရောက်ဖူးချင်သည်။

သို့သော် စင်္ကာပူမှာ ကျနော့်စိတ်အစာကျွေးဖို့လိုအပ်တိုင်း မကြာခဏသွားဖြစ်သသော နေရာ နှစ်ခုရှိသည်။ ပထမတစ်ခုက City Hall ရှိ မြန်မာဆိုင်များရှိရာ ပင်နဇူလာ ပလာဇာ။ မုန့်ဟင်းခါး၊ ကွမ်း၊ လ္ဘက်ရည် ကျကျ စသည့် မြန်မာအစားအစာတွေစားဖို့၊ ရွှေ အသံတွေ ကြားဖို့၊ ရွှေလေတွေ ရှူရှိုက်ဖို့၊ရွှေခံစားမှုတွေ ရရှိဖို့ City Hall ကို မကြာ မကြာ သွားဖြစ်သည်။

 ဒုတိယ တစ်နေရာက Tampines MRT Station။ ပင့်ကူမြှင်တွေလို များပြား ရှုပ်ထွေးလှသော MRT ဘူတာတွေအများကြီးထဲကမှ Tampines ဘူတာသို့ မကြာခဏ သွားချင်လောက်အောင် ကျနော့်ကို ဆွဲဆောင်နေသော လူတစ်ယောက်ရှိသည်။ ထိုလူသည် ဂေါ်ချင်စရာ မိန်းမလှတစ်ယောက်မဟုတ်။ လူအများတန်ဖိုးထား ဂုဏ်ယူစရာ လူမဟုတ်။  ကျနော့်စိတ်အဆာ ပြေစေသော လူကြီးမှာ သူဖုန်းစားတစ်ယောက်သာ ဖြစ်သည်။

စင်္ကာပူရှိ MRT ဘူတာတွေမှာ အများသနားသော ငွေစ ကြေးစ အနည်းငယ်ကို တောင်းခံပြီး ဘ၀ကို ဖြတ်သန်းနေရသော လူအနည်းငယ်ရှိတတ်သည်။ တစ်ချို့က မျက်စိမမြင်။ တစ်ချို့က မသန်စွမ်းဘ၀။ တစ်ချို့က တစ်ရှုးထုပ်လေးများ ကမ်း၊ သဒ္ဒါသလောက်စွန့်ကြဲဖို့ ငံ့လင့်ပြီး အသက်အရွယ် ကြီးရင့်ကာ အလုပ် မလုပ်နိုင်သော အရွယ်။ စင်္ကာပူ၏ သူဖုန်းစား ဥပဒေ မည်သို့ ရှိသည်ကို ကျနော်မသိ။ မြန်မာနိုင်ငံသား ကျနော့်အတွက် သူတောင်းစား၊ သူဖုန်းစားများနှင့် မစိမ်းပါ။ ကုလားထိုင် ကောင်းကောင်း၊ အဲယားကွန်းအောက်မှာ ထိုင်နေပြီး ခပ်တည်တည်တောင်းစားသော သူများကိုလဲ တွေ့ဘူးသည်။ သက်ကြီးရွယ်အို၊ စောင့်ရှောက်မည့်သူမရှိ၊ လူ့သိက္ခာတရားကို အောက်က နောက်ကျ ခံ၊ ရိုးရိုးသားသား တောင်းရမ်းစားသောက်ကာ ဘ၀ဆက်နေရသော အဘိုး၊ အဘွားအရွယ်တွေလဲ တွေ့ဘူးသည်။

သို့သော် ကျနော်က သူတောင်းစားတိုင်းကို မေတ္တာထားနိုင်သည်မဟုတ်။ “ထမင်းဆာလို့ပါ ငါ့သားလေးရယ်” ဆိုသည့် အမေကြီးအရွယ်ကို ထမင်းဗူးပေး သနားမိပေမယ့် လသားအရွယ် ကလေးတွေကို နေပူ၊ မိုးရွာမရှောင် ဗန်းပြ စားသောက်ချင်သည့် သူများကိုတော့ မဆဲမိအောင် သတိထားရသည်။ သန်သန်မာမာ အရွယ်ကြီးတွေနှင့် ကိုယ့်ဗလမှ ကိုယ်အားမနာ အကြောင်းပြချက် အမျိုးမျိုးပေးပြီး တောင်းရမ်းနေသူများကို “ မပေးနိုင်ဘူးဗျာ” လို့ ဘုဆတ်ဆတ် ပြောမိသည်။

စင်္ကာပူရှိ သူဖုန်းစား လူတန်းစားသည် အိင်္ဒြရေရသည်ဟု ပြောရမည်။ ဟာမိုနီကာ(ဘာဂျာ)မှုတ်ပြီး တောင်းရမ်းသူများလဲ ရှိသည်။ Wheel Chair ပေါ်မှာ ထိုင်ပြီး တရုတ်ရိုးရာ တယောလေးထိုး တောင်းရမ်းနေသူများလဲ ရှိသည်။ တစ်ချို့က ကီးဘုတ်လေးတီးပြီး တောင်းသည်။ တစ်ချို့က ဂစ်တာတစ်လက်နှင့်။ သူတို့မှာ တူညီသော အရာတစ်ခုသာရှိသည်။ စေတနာသဒ္ဒါပေါက်သူများ စွန့်ကြဲသွားဖို့ ရှေ့မှာ ချထားသည့် ပိုက်ဆံသေတ္တာလေး ဖြစ်သည်။ ခရီးလမ်းသွားများ အိင်္ဒြရေပျက်ရ လောက်အောင် မတောင်း။

မျက်လုံး အမြင် ချို့တဲ့ရှာသည့် ကျနော့် လူကြီးသည်လည်း ပစ်ကပ် ဂစ်တာတစ်လက်ကို Amplifier စပီကာ အသေးစားလေးနှင့် ချိတ်ဆက် ထားသည်။ Tampines ဘူတာသို့ ၀င်ထွက် သွားလာနေကြသော ခရီးသွားများကို ဂစ်တာတီး၊ သီချင်းဆိုပြပြီး စေတနာရှိသလောက် ပေးကမ်းစွန့်ကြဲခဲ့ရန် စွမ်းဆောင်သည်။

 မကြာခဏဆိုသလို သူဆိုသော သီချင်းများကို နားထောင်ဖို့ Tampinies ဘူတာသို့ ကျနော်သွားဖြစ်သည်။ ဂစ်တာတီး အလွန်ကောင်းသော လူကြီးဖြစ်သည်။ ပျားပန်းခပ်မျှ များလှသော လူတွေကြားထဲမှာ သူ့ ဟော်လို ဂစ်တာသံသည် အသံဘယ်က လာသလဲဆိုတာ မကြည့်မိဘဲ မနေနိုင်အောင် ဖြစ်ကြရသည်။ ထို့အပြင် သူတီး၊ ဆိုသော သီချင်းများသည် မြန်မာလူမျိုး ကျနော့်အတွက် နား မစိမ်းသော သီးချင်းများသာဖြစ်သည်။ Tanya Tucker ၏ Can I See You Tonight ၊ Bertie Higgins ၏ Casablanca ၊ Air Supply ၏ All Out of Love ၊ Lionel Richie ၏ Hello ၊ Tony Orlando ၏ Tie A Yellow Ribbon စသည့် သီချင်းအေးအေး လေးများ ဖြစ်သည်။ တစ်ချို့ သီချင်းများက ကျနော် နားရည်မ၀သော သီချင်းများ ဖြစ်နေတတ်သေးသည်။ သီချင်းတိုင်းကို သူ့မူ၊ သူ့ဟန်ဖြင့် အေးအေး လေးလေး တီး၊ ဆိုသည်။

အင်္ဂလိပ်သီချင်း အပုဒ်ပေါင်းများစွာအပြင် တရုတ်သီချင်းများစွာလဲ ပေါ့ပေါ့ပါးပါး ကျွမ်းကျွမ်းကျင်ကျင် ရှိသည်။ သူ့တရုတ်သီချင်းစာသားများကို နားမလည်ပေမယ့် ကိုဇော်ပိုင်၊ ကိုအာဇာနည်တို့ကို ကျေးဇူးကြောင့် ကျနော်က မြန်မာမှုပြုကာ ခပ်တိုးတိုး လိုက်လံဆိုညည်းမိသည်။ မျက်လုံး အမြင်အားနည်းသဖြင့် တောင်းရမ်းစားသောက်နေရပေမယ့် သူ့အင်္ဂလိပ်သီချင်းများသည် ပီပီ မြမြ ရှိသည်။

သီချင်း တပုဒ် ဆို၊ တီး ပြီးတိုင်း နှစ်မိနစ်ခန့် အနားယူသည်။ သူ့ထိုင်ခုံဘေးမှာ ချထားသော ရေဗူးကို ဖွင့်ကာ ရေတစ်ငုံခန့်သောက်သည်။ အင်္ကျီအိတ်ကပ်ထဲရှိ တယ်လီဖုန်းကို ထုတ်ကာ အချိန်ကြည့်သည်။ ဂစ်တာကြိုးများကို အနည်းငယ် ညှိယူသည်။ ဘေး၊ ဘယ်၊ ညာ ဘယ်ကိုမှ မကြည့်ပေမယ့် အနေရ ခက်ရှာသော သူ့မျက်နှာကို ကျနော် ကျက်မိနေတတ်သည်။ ထို့နောက် နောက်ထပ် သီချင်းတစ်ပုဒ်ဆိုဖို့ စတင်သည်။ ထို့နောက် ထို့နောက် သီချင်း တစ်ပုဒ်ပြီး တစ်ပုဒ်။ ရေ တစ်ချိုက်ပြီး တစ်ချိုက်။ နာရီဝက်တစ်ခါခန့် ဂစ်တာလေးကို သူ့ထိုင်ခုံပေါ်မှာ သေသေချာချာ တင်ထားခဲ့ပြီး အပေါ့အပါး သွားရန် အိမ်သာသို့ စမ်းတ၀ါးဝါး သွားသည်။ ရေဖြည့်သည်။

သူ့ဂစ်တာသံနှင့် သူ့သီချင်းသံသည် ခရီးသွားအများစုကို မျက်ကွယ်မပြုနိုင်လောက်အောင် လွင့်ပျံနေတတ်သည်။ တစ်ဒေါ်လာ၊ ပြားငါးဆယ် စသည့် ငွေ အကြွေများကို သူ့ရှေ့ ပိုက်ဆံသေတ္တာလေးထဲသို့ ပေးကမ်းစွန့်ကြဲသွားကြတာ များသည်။ ခရီးသွားတစ်ယောက်ယောက်က ပေးကမ်းစွန့်ကြဲသွားတိုင်း သီချင်းဆိုနေလျက်ပင် သူ့ဦးခေါင်းက မသိမသာ ခေါင်းငြိမ့်ကာ အသိအမှတ်ပြု ကျေးဇူးတင်ရှိပါသည်ဟု ပြောနေသလို ပြုမူသည်။

တစ်ခါတစ်ရံ ဂစ်တာတီး၊ သီချင်းဆိုရင်း သူ့ကျောပြင် ယားယံလာလျှင် ဂစ်တာ လက်ကွက်ကိုင်သော ဘယ်ဘက်လက်ကို လွှတ်ကာ ယားယံမှုကို ဖြေဖျောက်သည်။ သို့သော် ညာဘက်လက်က ဂစ်တာကို ဆက်လက်တီးခတ်ဆဲ။ ပါးစပ်က သီချင်း ဆက်လက်ဆိုမြဲ။ ဂစ်တာအသံကြောင်များ သိသိသာသာကြီး ထွက်မသွားရအောင် ထိန်းသိမ်းနိုင်စွမ်း ရှိသည်။

ကျနော်က အလုပ်ပိတ်ရက်၊ နားရက် ၊ အားရက် တစ်ချို့ရက်များမှာ Tampinies ဘူတာသို့သွားသည်။ စာအုပ်တစ်အုပ် ယူသွားသည်။ သူ့ အမြင်ကွယ်ရာ နောက်ကျောဘက် ၀ါးနှစ်ပြန်ခန့်မှာထိုင်။ ရေတစ်ဗူးကို သူ့လိုမျိုး ဘေးမှာချ။ သူဆို၊ တီးသမျှ သူ့အနုပညာကို နားဆင်။ သူ အနားယူသည့် အချိန်လေးတွေ၊ သို့မဟုတ် ကျနော် သိပ်မကြိုက်သော သီချင်းဆိုနေလျှင် စာအုပ်ကို ဖွင့်ဖတ်။ ကျနော် မကြားဘူးသော သီချင်း၊ နှစ်ခြိုက်မိသော သီချင်းများဆိုလျှင် စာအုပ်ပိတ်။ ဆူညံနေသော ခရီးသွား အသံတွေ ကြားထဲမှာ ကျနော့်စိတ်အကြားအာရုံသည် ဂစ်တာသံ၊ သီချင်းသံများဖြင့် လိုက်ပါ စီးမြောမိသည်။

တစ်ခါက သူ့ကို Tampinies ဘူတာနှင့် အလှမ်းမဝေးသော ဘူတာတစ်ခုမှာ တွေ့ဖူးသည်။ သူ့ထုံးစံ ဂစ်တာတစ်လက်၊ ရေတစ်ဗူးဖြင့် ပါတ်ဝန်းကျင်ကို မေ့လျော့ကာ (မေ့လျော့ဟန်ပြုနေသလား မသိ။) ရှိနေသည်။ သူနှင့် မလှမ်းမကမ်းမှာ ဟာမိုနီကာ မှုတ်ပြီး တောင်းရမ်းနေသော အသက်ခပ်ကြီးကြီး အဘိုးအိုတစ်ယောက်။ တစ်ယောက်တစ်လှည့်၊ တစ်ယောက် တစ်ပုဒ်။ ကျနော့် လုပ်ငန်းဆောင်တာများအပြီး ထိုဘူတာသို့ အပြန်မှာတော့ သူတို့ နှစ်ယောက် တွဲကာ More Than Words သီချင်းကို ဆိုနေသည်။ ဂစ်တာသံ မြိုင်မြိုင်၊ ဘာဂျာသံ လွင်လွင်ဖြင့် နှစ်ယောက်သား သီချင်းထဲမှာ စီးမျောပျော်ဝင်နေကြသည်မှာ ဘေးမှ ၀ိုင်းအုံကာ နားသောတဆင်နေသည့် လူများကို မေ့လျော့နေသည်။

ကျနော်ရန်ကုန်မှာ ရှိစဉ်က ကိုနေမျိုးဆေး၏ Master Guitar ကို ရောက်ဖူးသည်။ Professional ပညာရှင်များ၏ ဟော်လိုဂစ်တာ အသံလွင်လွင်၊ သီချင်းသံအေးအေးများ ကို နားထောင်ဘူးသည်။ ပြီးတော့ အခြား အခြား စင်တင်တေးဂီတယဉ်ကျေးမှုနှင့် ဆက်စပ်ပြီး ဂစ်တာသံ ဝေေ၀ ၀ါးဝါး၊ ကီးဘုတ်သံ ဆူဆူညံညံ၊ မီးရောင် ပြိုးပြိုးပျက်ပျက်၊ မလုံ့တလုံ ယဉ်ကျေးမှုနှင့် တယ်မစိမ်းလှ။ ကျနော့် သူဖုန်းစားကြီးထက် ပိုမိုကောင်းမွန်အောင် ဆို၊ တီးနိုင်ကြသော ပညာရှင်များစွာကိုလဲ တွေ့ဘူးသည်။ သို့သော် ဒီလူကြီးကိုတော့ ထိုသူများထက် ပိုမိုပြီး တန်ဖိုးထား နားထောင်မိသည်။ လူ့အတန်းလွှာ အောက်ဆုံးဟု သတ်မှတ်ရမည့် ရိုးသားစွာ နိမ့်ကျခံပြီး တောင်းရမ်းစားသောက်နေသော ထိုလူကြီး၏ အနုပညာကို လေးစားမိသည်။

လူ့လောကမှာ “ဆန်ကုန် မြေလေး” ဟု သတ်မှတ်ရမည့် မနာလို ၀န်တိုစိတ်များများ၊ ခြေထိုး၊ အကောက်ကြံ၊ ဆင်ကြံ ကြံနေသော အထက်တန်းလွှာ လူတန်းစားများနှင့် ကျနော့် သူတောင်းစားကြီးကို နှိုင်းယှဉ်မိသည်။ စေတနာ သဒ္ဒါရှိလျှင် ရှိသလောက် ပေးကမ်းစွန့်ကြဲသွားကြစေ။ မသိလိုက် မသိဘာသာ ဖြတ်သွား ဖြတ်လာ ပြုသွားကြလျှင်လဲ သူကတော့ သူ့သီချင်း၊ သူ့ဂစ်တာဖြင့် ဂီတသံ ဖန်တီးမြဲ။ သီချင်းဆိုမြဲ။  မည်သူ့ ငွေကြေး၊ လုပ်ပိုင်ခွင့်၊ အခွင့်အရေးကိုမျှ ဓားပြမတိုက်။ မခိုး။ မ၀ှက်။ မလိမ်။ မကောက်။ “ကျနော် သူတောင်းစားပါ ခင်ဗျာ။ သနားကြပါခင်ဗျာ။” လို့ သူ့သီချင်းသံ၊ သူ့ဂစ်တာသံများက ဖော်ပြနေသည်။

လူ့အတန်းအစားကို လူတို့ မည်ကဲ့သို့ သတ်မှတ်ကြလေသနည်း။ ရှင်ဘုရင်၊ သမ္မတ၊ ၀န်ကြီး၊ မှုးကြီး၊ မတ်ကြီး၊ သူဌေးကြီးများက အထက်တန်း အလွှာ။ ကျနော်လို လူများကို အလယ်အလတ်တန်းစားလို့ သတ်မှတ်လို့ ရလေမည်လား။ ထိုလူကြီးလို တောင်းရမ်းစားသောက်နေကြသော သူများကို လူ့အောက်တန်းစားလို့ သတ်မှတ်ကြလေသလား။ ကျနော် မသိ။ ငွေကြေး၊ အာဏာ၊ လုပ်ပိုင်ခွင့် များဖြင့် အထက်၊ အောက် ယေဘူယျ သတ်မှတ်ကြသည် ထင်သည်။ ဒီလိုဆိုလျှင် ကျနော်၏ သူတောင်စားလူကြီးကို အောက်တန်းစား လူ့အလွှာလို့ သတ်မှတ်ရမည်။ အ၀တ်အစားနွမ်းနွမ်း၊ ဂစ်တာအိုအို၊ ပေစုတ်စုတ် ရေတစ်ဗူး၊ ပိန်ပိန်လိမ်လိမ်ဖြင့် မျှော်လင့်တကြီး ပိုက်ဆံသေတ္တာ ခပ်သေးသေး။

ခေါက်ရိုးကျိုးနေသော လူ့အတ္တများဖြင့် သတ်မှတ်၊ မှတ်ချက် ပြုနိုင်ကြသည်။ သို့ပေသိ ကျနော့်သူတောင်စားကြီးကြောင့် ကမ္ဘာမြေကြီးသည် ငိုရ၊ ၀မ်းနည်းရလိမ့်မည်မဟုတ်။ မြေကမ္ဘာကြီးကို ရီမောပျော်ရွင်စေမည့်သူ။ မြေကြီးက ရယ်သောသူသာ ဖြစ်သည်။

        

         


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “Po Htet – မြေကြီးက ရယ်သောသူ
  1. Very good and remarkable article,Ko Phoe Htet. Every time,I have appreciate and support your articles. In this article,one phase is “Khakaboerazi”, and other error is “Mister Guitar”.What you have mentioned is so true,and there are a lot of High Ranking ,but,worse than beggars,persons,in the world. Mostly,at our country. People with full of jealousy,are in Burma. Many thing, base on that, and it happened,on the event. Yes, the beggars you have mentioned in Tampanies,station, is more grateful and better than, our country’s High Ranking Personels,who sitting in an Air Codition room, and asking for big quantity of money.That is so universal truth.

Comments are closed.