ဓာတ်ပုံသတင်း

တိပိဋကကျောင်းမှာကျင်းပတဲ့ ဒေါက်တာ အရှင်ကောဝိဒတရားပွဲ

ကျော်ဟုန်း
ဇွန် ၂၇၊ ၂၀၁၂
မဇ္ဈိမဂုဏ်ရည် ဒေါက်တာအရှင်ကောဝိဒ ဆရာတော်ဟာ ဝါရှင်တန်ပြည်နယ် ဆီယက်တဲလ်မြို့ မှာရှိတဲ့ တိပိဋကဘုန်းကြီးကျောင်းသို့ ကြွရောက်လာပြီး ဝိပဿနာတရားများကို အမေရိကားရောက်မြန်မာနိုင်ငံသားများအား ဟောကြားခဲ့ပါတယ်။

ဆရာတော် ဒေါက်တာအရှင်ကောဝိဒဟာ မြန်မာပြည်မှ အမေရိကန်ပြည်ထောင်စုကို မေ (၂၁) ရက်က ကြွချီလာတာပါ။ ပထမတရားပွဲကို ဆန်ဖရန်စစ္စကိုခန်းမနှစ်ခုမှာ တရက်စီဟောခဲ့ပြီး ရတနာမြန်အောင်ကျောင်းမှာတော့ (၄) ရက်တိုင်တိုင် တရားစခန်းကျင်းပနိုင်ခဲ့ပါတယ်။ ဇွန် (၇) ရက်မှာ လော့အိန်ဂျလိက ဒေါက်တာမောင်မောင်မိသားစု ကြီးမှူးကျင်းပတဲ့ တရားပွဲကိုတော့ ဓမ္မစက္ခုကျောင်းမှာ မနက် (၈)နာ ရီက ညနေ(၅) ထိ တရားစခန်းပြုလုပ်ဟောကြားတော်မူခဲ့ပါတယ်။ ဇွန် (၁၄) ရက်မှာ အော်ရီဂွန် ပြည်နယ၊် ပို့လန်းမြို့မှာရှိတဲ့ သီရိမင်္ဂလာ ကျောင်းမှာ ဟောကြားခဲ့ပါသေးတယ်။ ဇွန်(၂၂ -၂၃-၂၄) မှာ ဝါရှင်တန်ပြည်နယ်ဆီယက်တဲလ်မြို့မှာရှိတဲ့ တိပိဋကကျောင်းနဲ့ ဓမ္မဂုဏ်ရည် မဟာစည်သာသနာရိပ်သာမှာ တရားပွဲ (၃) ပွဲ ကျင်းပခဲ့ပါတယ်။


ဆရာတော်အရှင်ကောဝိဒဟာ ဇူလိုင် (၁) ရက်မှာ ဝါရှင်တန်ဒီစီ- မင်္ဂလာရာမကျောင်းမှာ တရားဟောမှာဖြစ်ပြီး ဇူလိုင် (၇-၈) နဲ့ (၁၄) ရက် နေ့များမှာ နယူးယောက်- လောကချမ်းသာမဟာစည်ရိပ်သာမှာ တရားပြမယ်လို့ သိရပါတယ်။ နယူးဂျာစီမှာရှိတဲ့ မဟာသတိပဌာန်ကျောင်း မှာတော့ ဂျူလိုင် (၁၄) ရက် ဝါဆိုသင်္ကန်းကပ်ပွဲမှာ တရားဟောမှာဖြစ်ပြီး ဂျူလိုင် (၂၁-၂၂) ရက်များမှာ နယူးယောက် လောကချမ်းသာ မဟာစည်ရိပ်သာမှာ ဒုတိယအကြိမ်တရားဟောဦးမှာဖြစ်ပါတယ်။ ဆရာတော်အရှင်ကောဝိဒ ဟာ ကျန်းမာရေးဆေးစစ်ခံမှုလဲရှိတာကြောင့် စစ်ဆေးကုသမှုများပြီးမယ့် ဇူလိုင်လကုန်ပိုင်းမှာ မြန်မာပြည်ပြန်ကြွမှာ ဖြစ်ပါတယ်။

ဆီယက်တဲလ်မှာ ဆရာတော်နဲ့ ကြုံကြိုက်တုန်းမေးလျှောက်ရာမှာ ပြည်တွင်းမှာ ဒေသ၊ လူပုဂ္ဂိုလ်အလိုက် သမတနဲ့ ဝိပဿနာတရားများကိုဟောကြားပြသနိုင်ပေမယ့် ပြည်ပမှာအချိန်အနည်းငယ်ပဲရတာကြောင့် ဝိပဿနာအခြေခံသာဟောနိုင်ခဲ့ကြောင်း ပြည်ပရောက်မြန်မာဗုဒ္ဓ ဘာသာများအနေနဲ့ ဘဝမှာနေတတ်ဖို့၊ သေတတ်ဖို့အတွက် တရားကိုနှလုံးသွင်းကာ ကျင့်ကြံထားသင့်ကြောင်း၊ ပြည်ပဘုန်းကြီးကျောင်း များမှာ ဒါယကာများ သူ့ကျောင်း၊ ငါ့ကျောင်း ပြိုင်ဆိုင်ကွဲပြားနေတာမြင်ရကြားရကြောင်း ထိုသို့ဖြစ်ခြင်းမှာ လောဘ၊ ဒေါသ၊ မောဟ၊ မာန အားပြိုင်မှုကြောင့်ဖြစ်ရတာမို့  တရားသတိနဲ့ ညီညွတ်ကြဖို့ကိုလဲ မိန့်မှာသွားပါသေးတယ်။

ဆီယက်တဲလ် တိပိဋကကျောင်းမှာ ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းက မြန်မာတိုင်းရင်းသားကလေးငယ်တွေကို ဘုန်းကြီး ဦးနန္ဒသာ ရကြီးမှူးပြီး အခြေခံမြန်မာစာသင်ကြားပေးနေတာနဲ့ပတ်သက်လို့  မိန့်မှာခဲ့တာကတော့ မိမိတို့ဘာသာစာပေ၊ မိခင်ဘာသာစကားကို က လေးငယ်တွေတတ်မြောက်မှ မိမိတို့ကိုးကွယ်ရာဘာသာအကြောင်းကို သိနိုင်မှာမို့  လုပ်သင့်တဲ့ကိစ္စဖြစ်ကြောင်း၊ မိဘလုပ်သူများကလဲ ဝိုင်းဝန်းပံ့ပိုးကူညီသင့်ကြောင်း၊ တာဝန်ယူလုပ်ဆောင်နေသောသူများကလဲ မိမိတို့အကြောင်းကြောင်းကြောင့် ဆက်မလုပ်ဆောင်နိုင်ရင် အခြား လုပ်ဆောင်နိုင်မယ့်သူကို လွှဲပြောင်းတာဝန်ပေးခြင်းဖြင့် အသင်းတည်တံ့စေရန် လုပ်သင့်ကြောင်း၊ ပြည်ပရောက်နေသော်လဲ ကိုယ့်အမျိုး ဓလေ့ထုံးစံ၊ ဘာသာနှင့် စကားတို့ ကို မျိုးဆက်သစ်များအတွက် အမွေပေးနိုင်ခြင်းမှာ မွန်မြတ်လှကြောင်း မိန့်ကြားသွားပါတယ်။

ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းသားများက ဆရာတော် ဒေါက်တာအရှင်ကောဝိဒအား နဝကမ္မအလှူ ဒေါ်လာ (၁၀၀) ကို သင်တန်း သားကလေးငယ်များကတဆင့် ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်မှလဲ ကလေးငယ်များကို တစ်ဒေါ်လာစီ ပြန်လည်စွန့် ကြဲခဲ့ပါသေးတယ်။ ညနေပိုင်းတရားပွဲလာများကိုတော့ ကိုထင်လင်း၊ မခင်သိန်း မိသားစုက ကွယ်လွန်သူမိခင်ကြီးအတွက်ရည်စူးပြီး ကြာဇံဟင်းခါး၊ လက်ဖက် ရည်ချိုများနဲ့ ဒါနပြုခဲ့ကြပါတယ်။ ဆရာတော်ထံ တရားနာပရိသတ်များက အလှူငွေအသီးသီး လှူဒါန်းခဲ့ကြပြီးနောက်မှာတော့ ဝါရှင်တန်သို့ ကြွမယ့် ဆရာတော်အရှင်ကောဝိဒကို ဂေါပကများဖြစ်ကြတဲ့ ဦးမင်းမောင်၊ ကိုမွန်နဲ့ မအန်းတို့ကတာဝန်ယူကာ လေဆိပ်သို့ပို့ပေးပါတယ်။

“အားကိုးရာအစစ်”လို့ အမည်ပေးထားတဲ့ ဆရာတော်ဒေါက်တာအရှင်ကောဝိဒရဲ့ တရားနဲ့ မိန့်မှာချက်များဟာ တရားနာပိရိသတ် (၅၀) ခန့် အတွက် ကျေနပ်အားရဖွယ်ရာများဖြစ်စေခဲ့ပါတယ်။ ဘယ်အချိန်ဘယ်အခါမဆို သူတော်စင်တရား၊ ပညာရှိစကားများ နာကြားရတာကတော့ မှတ်သားလိုက်နာဖွယ်များနဲ့ ပြည့်စုံ မင်္ဂလာရှိနေမြဲဖြစ်နေပါတော့တယ်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts