သန်းဝင်းလှိုင်

သမိုင်းတကွေ့မှ ဗိုလ်ရန်နိုင် (ရဲဘော်သုံးကျိပ်)

သန်းဝင်းလှိုင်
ဇွန် ၂၄၊ ၂၀၁၂
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် ထင်ရှားခဲ့သော ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂခေါင်းဆောင်နှင့် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်နိုင်ကို ၁၉၁၈ ခုနှစ်၊ နိုဝင်ဘာလ၂ ရက် စနေနေ့တွင် သရက်ခရိုင် အောင်လံမြို့နယ် ကာမမြို့ ကာမကလေးရွာ၌ အဖ ဦးခန့်၊ အမိ ဒေါ်သန့်တို့မှ ဖွားမြင်ခဲ့သည်။ အမည်ရင်း မောင်ထွန်းရှိန်ဖြစ်သည်။

ငယ်စဉ်က ကာမကလေးရွာ ဆရာကြီးဦးချမ်းသာ၏ တိုင်းရင်းမြန်မာစာသင်ကျောင်း၌ စတင်ပညာသင်သည်။ ယင်းနောက် အောင်လံမြို့ အင်္ဂလိပ်မြန်မာ အလယ်တန်းကျောင်း၌ ဆက်လက်သင်ယူရာ အလယ်တန်းအောင်ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ပြည်မြို့ အင်္ဂလိပ်-မြန်မာ အထက်တန်းကျောင်းသို့ ဆက်လက်သင်ကြားခဲ့ရာ ၁၉၃၇ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည်။ ငယ်စဉ်ကပင် ဉာဏ်ပညာ ထက်မြက်၍ စာမေးပွဲတိုင်း ထူးချွန်စွာအောင်မြင်ခဲ့သည်။

၁၉၃၆ ခုနှစ်၊ ဖေဖော်ဝါရီလ၂၅ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သော ဒုတိယတက္ကသိုလ်ကျောင်းသားသပိတ်တွင် ပြည်မြို့ကျောင်းသားခေါင်း ဆောင်အဖြစ် တက်ကြွစွာပါဝင်လှုပ်ရှား၍ ပြည်မြို့ကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည်။ ၁၉၃၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်

ဥပစာတန်း (က) တွင် ဆက်လက်ပညာသင်ကြားပြီး ၁၉၄၁ ခုနှစ်တွင် ဝိဇ္ဇာတန်း (ခ) သို့အရောက် ပညာသင်ကြားမှု ရပ်ဆိုင်းသွားသည်။ ၁၉၄၆ ခုနှစ်မှ ရန်ကုန်တက္ကသိုလ်သို့ ပြန်၍ တက်ရောက်ခဲ့ရာ ၁၉၄၇ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့(B.A) ရရှိခဲ့သည်။ ထို့နောက် ဥပဒေပညာကို ဆက်လက်သင်ကြားခဲ့သည်။

ရန်ကုန်တက္ကသိုလ်၌ ပညာသင်ကြားနေစဉ် ၁၉၃၈-၃၉ တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမ္မဂ္ဂအမှုဆောင်အဖြစ် ရွေးချယ်ခံရ သည်။ ယင်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသံမဏိတပ်ကိုထူထောင်ပြီး ပထမဆုံးတပ်မှူးအဖြစ် ဆောင်ရွက်ခဲ့ရာ သံမဏိ ဗိုလ်ထွန်းရှိန်ဟု ထင်ရှားခဲ့သည်။

၁၉၃၉-၄၀ တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂတွင် အထွေထွေအတွင်းရေးမှူး အဖြစ် ရွေးချယ်ခံပြီး တာဝန်နှစ်ခုစလုံးကို တချိန်တည်းဆောင်ရွက်ခဲ့သည်။ ၁၉၄၀ခုနှစ် မတ်လ၂၉ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ရမ်းဂါးမြို့ (Ramgarh) ၌ ကျင်းပသည့် အိန္ဒိယအမျိုးသားကွန်ဂရက်နှစ်ပတ်လည်အစည်းအဝေးသို့ သခင်အောင်ဆန်း၊ သခင်တင်မောင်(ပန်းတနော်) သခင်သန်းထွန်း၊ သခင်ခင်အောင်၊ သခင်အုန်းဖေ၊ သခင်ဗသွင်၊ ဆင်ဂုပ္ပတား၊ ကိုဗဟိန်း၊ တိုးတက်ရေးသတင်းထောက် ကိုအုန်းမြင့်နှင့် အတူ ကျောင်းသားများကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။ အိန္ဒိယမှအပြန် ထွန်းရှိန်ကလောင်အမည်ဖြင့် “ကိုယ်တွေ့အိန္ဒိယ” (၁၉ ၄၀) စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ ယင်းနှစ်မှာပင် နာဇီဝါဒပျက်စီးစေရန်ရည်ရွယ်၍ “ဂျာမနီမိုက်သလား” စာအုပ်ကို ရေးသား၍ နဂါးနီတိုက်မှ ထုတ်ဝေခဲ့သည်။ သို့သော် ထိုစဉ်က နာမည်မရသေး၍ ကလောင်အမည်ကို ကိုသိန်းဖေ (သိန်းဖေမြင့်) အမည်ဖြင့် ထုတ်ဝေ ခဲ့သည်။

ထို့နောက် သခင်အောင်ဆန်း ၁၉၄၁ ခုနှစ် မတ်လ၁၀ရက်နေ့တွင် ရွှးန်းတင်မာရူးသင်္ဘောဖြင့် ဂျပန်နိုင်ငံသို့အပြန် ရဲဘော်သုံးကျိပ် ပထမ အသုတ်အဖြစ် သခင်ဘဂျမ်း (ဗိုလ်လရောင်)၊ သခင်လှဖေ (ဗိုလ်လက်ျာ)၊ သခင်အေးမောင် (ဗိုလ်မိုး) တို့နှင့်အတူ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်) သည် ရန်ကုန်မြို့မှ ဂျပန်မြို့သို့ထွက်ခွာခဲ့ရာ မတ်လ ၂၇ ရက်နေ့တွင် တိုကျိုမြို့သို့ ရောက်ရှိခဲ့သည်။ တိုကျိုမြို့တွင် ၁၀ ရက်ခန့်နေပြီး နောက် တိုင်ဝမ်ကျွန်းမှတဆင့် ဟိုင်နန်ကျွန်းသို့သွားရောက်ကာ စစ်ပညာသင်ကြားခဲ့သည်။ ဂျပန်စစ်သင်တန်းတက်စဉ် ကိုထွန်းရှိန်၏ ဂျပန် အမည်မှာ “ယာမာရှီတာတေရုအို” (Yamashita Teruo) ဖြစ်သည်။ စစ်ပညာသင်ယူရာတွင် ကိုထွန်းရှိန်သည် သခင်စောလွင် (ဗိုလ် မင်းခေါင်)၊ သခင်သန်းတင် (ဗိုလ်မြဒင်)၊ သခင်ရှုမောင်(ဗိုလ်နေဝင်း)၊ သခင်ထွန်းရွှေ (ဗိုလ်လင်းယုန်)၊ သခင်ခင်မောင်ဦး (ဗိုလ်တာရာ)၊ ကို လှမောင် (ဗိုလ်ဇေယျ) တို့နှင့်အတူ တပ်ဖွဲ့ (၂) ၌ သင်ကြားခဲ့ရသည်။

ထို့နောက် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)ကို ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ၂၇ ရက်နေ့တွင် စတင်ဖွဲ့စည်းပြီးနောက် ဗိုလ်ဘွဲ့ခံယူ ရာ ကိုထွန်းရှိန်သည် ဗိုလ်ရန်နိုင်ဖြစ်လာသည်။ ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် ဗိုလ်ရန်နိုင်၊ ဗိုလ်မင်းခေါင်၊ ဗိုလ်တောက်ထိန်တို့ပါဝင် သော ကာနယ်ဟိရာယာမဦးစီသည့် ရေကြောင်းချီတပ်ဖွဲ့(မြိတ်စစ်ကြောင်း) သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ စတင်ချီတက်ခဲ့သည်။ ၁၉၄၂ ခုနှစ် မတ်လ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ဂျပန်တပ်မတော်နှင့် ဗိုလ်ရန်နိုင်ကြီးမှူးသည့် ဗမာ့လွတ်လပ်ရေးတပ်မတော်တို့ ဗြိတိသျှ တပ်ဖွဲ့များနှင့် ရွှေတောင်မြို့တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ ဗိုလ်ရန်နိုင် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့သဖြင့် ဘီအိုင်အေ၏ သူရဲကောင်းတံဆိပ် (ဒုတိယအဆင့်) ချီးမြှင့်ခံရသည်။ အဆိုပါ ရွှေတောင်တိုက်ပွဲသည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် သမိုင်းတွင်ခဲ့သည့် တိုက်ပွဲ တစ်ပွဲဖြစ်သည်။ ဗိုလ်ရန်နိုင်၏အမည်သည်လည်း ရွှေတောင်တိုက်ပွဲနှင့်အတူ ရေပန်းစားခဲ့ရာ နေရာအနှံ့ ရန်နိုင်ဈေး (ယခု ဗိုလ်ချုပ်ဈေး)၊ ရန်နိုင်လမ်း၊ ရန်နိုင်မုန့်၊ ရန်နိုင်ဓာတ်ပုံဆိုင်၊ ရန်နိုင်ပုံနှိပ်တိုက်အမည်များ ထွက်ပေါ်လာခဲ့သည်။ ထို့အပြင် ထိုနှစ်မှာပင် မြဒေါင်းညို၏ ရွှေတောင်တိုက်ပွဲစာအုပ် ထွက်ပေါ်လာခဲ့သည်။

ယင်းနောက် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ဗမာ့ကာကွယ်ရေးတပ်မတော် (Burma Defence Army) ပြောင်းလဲဖွဲ့စည်းရာ ဗိုလ်ရန်နိုင်သည် ဗိုလ်မှူးအဆင့်ဖြင့် တပ်ရင်း၂ တပ်မှူးကြီးအဖြစ် ထမ်းရွက်ခဲ့ရသည်။

ယင်းနောက် ၁၉၄၂-၄၃ တွင် ရန်ကုန်မြို့စောင့်တပ်မှူးအဖြစ် ဆောင်ရွက်သည်။ ၁၉၄၃ ခုနှစ်တွင် ဗိုလ်မှူးအဆင့်ဖြင့် ဗိုလ်ချုပ်အောင်ဆန်း ၏ စစ်ရေးအတွင်းဝန်အဖြစ်လည်းကောင်း၊ ဒုဗိုလ်မှူးကြီးအဆင့်ဖြင့် အဓိပတိဒေါက်တာဘမော်၏ စစ်ရေးအတွင်းဝန်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ဒေါက်တာဘမော်၏ စစ်ရေးအတွင်းဝန်အဖြစ် ၁၉၄၃ မတ်၁၇တွင် ဂျပန်နိုင်ငံ၌ပြုလုပ်သော အရှေ့အာရှကွန်ဖရင့်သို့ တက်ရောက်ခဲ့သည်။ အရှေ့အာရှကွန်ဖရင့်သို့ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဦးထွန်းအောင်တို့လည်း တက်ရောက်ခဲ့ကြသည်။ ယင်း နောက် ဒေါက်တာဘမော်၏ ကိုယ်ရံတော်တပ်မှူးကြီးအဖြစ် ထမ်းရွက်ခဲ့သည်။ ဂျပန်ခေတ် ၁၉၄၄ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် နိုင်ငံတော်အဓိပတိဒေါက်တာဘမော်နှင့် ဒေါ်ခင်မမမော်တို့၏ သမီးကြီး ဒေါ်တင်ဇာမော် (M.A) နှင့် လက်ထပ်ခဲ့သည်။ လက်ထပ်မင်္ဂလာပွဲအတွက် အိန္ဒိယပြည် ယာယီအစိုးရအဖွဲ့ခေါင်းဆောင် ဆူဘတ်ချန္ဒရာဘို့စ်က ငွေငါးသိန်းလက်ဖွဲ့ခဲ့ရာ အဆိုပါလက်ဖွဲ့ငွေကို ဗိုလ်ရန်နိုင် တို့ဇနီးမောင် နှံက ဒုက္ခသည်များကာကွယ်စောင့်ရှောက်ရေး ရံပုံငွေအဖြစ် ပြန်လည်လှူဒါန်းခဲ့သည်။

ဗိုလ်ရန်နိုင်သည် ဂျပန်ခေတ်တွင် မင်္ဂလာဒုံစစ်တက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ် ၁၉၄၅ ခုနှစ်အထိ ထမ်းရွက်ခဲ့သည်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဖက်ဆစ်ဂျပန်တော်လှန်ရေးဖြစ်ပွားသောအခါ ဂျပန်ကိုတော်လှန်ခြင်းမှာ နည်းလမ်းမကျဟု ယူဆ၍ ဖက်ဆစ်တော်လှန် ရေး၌ မပါဝင်ခဲ့ချေ။ ဗိုလ်ရန်နိုင်သည် ဂျပန်ခေတ်တွင် “ရဲဘော်သုံးကျိပ်မှတ်တမ်း”ကို ပြုစုခဲ့သော်လည်း ယနေ့တိုင် စာအုပ်အဖြစ် မထုတ် ဖြစ်ခဲ့ချေ။ ထို့နောက် ၁၉၄၅ ခုနှစ် ဧပြီလ၂၃ ရက်နေ့တွင် ဂျပန်တပ်မတော်နှင့် ဒေါက်တာဘေမော်ဦးစီးသော ဗမာနိုင်ငံအစိုးရအဖွဲ့ (ဒေါက် တာဘဟန်၊ သခင်မြ၊ ဦးထွန်းအောင်၊ သခင်နု၊ သခင်လွန်းဘော်၊ ဦးလှဖေ၊ ဗန္ဓုလဦးစိန်) ရန်ကုန်မြို့မှ မော်လမြိုင်မြို့သို့ ည ၉း၃၀ နာရီတွင် ဆုတ်ခွာရာတွင် ကိုယ်ရံတော်တပ်မှူးအဖြစ် ဗိုလ်ရန်နိုင်သည် မုဒုံမြို့အထိ လိုက်ပါခဲ့သည်။ ဂျပန်တို့လက်နက်ချပြီးနောက် ထိုင်းနိုင်ငံ ဘန် ကောက်မြို့တွင် ဗိုလ်ရန်နိုင်ကို အင်္ဂလိပ်တို့ကဖမ်းဆီး၍ မြန်မာနိုင်ငံသို့ပြန်ပို့ခဲ့သည်။

ယင်းနောက် တပ်မတော်မှနှုတ်ထွက်၍ ရန်ကုန်တက္ကသိုလ်တွင် ပညာပြန်လည်ဆည်းပူးရာ ၁၉၄၆ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ ထို့နောက် ဘီအယ်လ် ဥပဒေတန်းကို ဆက်လက်ဆည်းပူး၍ ဒေါက်တာဘမော်ဦးစီးသော မဟာဗမာအဖွဲ့တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ထိုစဉ်အတွင်း ဗီယက်နမ်လွတ်လပ်ရေးတိုက်ပွဲအတွက် အကူအညီပေးရန် အိန္ဒိယနိုင်ငံသို့ သွားရောက်၍ ဆူဘတ်ချန္ဒရာဘို့စ်၏အစ်ကို ဆာရတ်ဘို့စ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေပတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံ့ခေါင်းဆောင်ကြီးများလုပ်ကြံခံခဲ့ရရာ ဖဆပလအတိုက်အခံနိုင်ငံရေးသမားအဖြစ် ပုဒ်မ ၅ ဖြင့် ဖမ်းဆီးခြင်းခံရသည်။ အင်းစိန်ထောင်၌ တစ်လ၊ တောင်ငူထောင်၌ (၁) နှစ်နီးပါး အကျဉ်းကျပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ထောင်မှလွတ်ပြီးနောက် သုံးပွင့်ဆိုင်မဟာမိတ်အဖွဲ့၊ အတိုက်အခံ ပေါင်းစုံမဟာ မိတ်အဖွဲ့ (All opposition Alliance) နှင့် ပြည်ချစ်မဟာမိတ်အဖွဲ့တို့၌ ပါဝင်လှုပ်ရှားခဲ့သည်။

၁၉၅၁ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ပထမဆုံးအကြိမ်ကျင်းပခဲသည့် ပါလီမန်ရွေးကောက်ပွဲတွင် မဟာဗမာ အမတ်လောင်းအဖြစ် သိမ်ဖြူတောင်ပိုင်းမဲဆန္ဒနယ်မှလည်းကောင်း၊ ၁၉၅၆ ဧပြီ ၂၆ တွင် ကျင်းပခဲ့သော ဒုတိယအကြိမ် ပါလီမန် ရွေးကောက်ပွဲတွင် အမျိုးသားအုပ်စု အမတ်လောင်းအဖြစ် ရမည်းသင်းမြောက်မဲဆန္ဒနယ်မှလည်းကောင်း၊ ၁၉၆၀ ဖေဖော်ဝါရီ ၆ တွင် ကျင်းပခဲ့သော တတိယအကြိမ် ပါလီမန်ရွေးကောက်ပွဲတွင် အမျိုးသားမဟာမိတ်အဖွဲ့အမတ်လောင်းအဖြစ် သရက်အရှေ့ပိုင်း မဲဆန္ဒနယ်မှ လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်အရွေးခံရာ ရှုံးနိမ့်ခဲ့သည်။

၁၉၆၅ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ဗိုလ်ရန်နိုင်သည် ဗိုလ်မှူးချုပ်ဟောင်း စောကြာဒိုး၊ ဇာလီမော် (ဒေါက်တာဘမော်၏သား)၊ မစ္စတာ ပက် တို့ ပါဝင်သည့်အဖွဲ့နှင့်အတူ ထိုင်းနိုင်ငံသို့ လျှို့ဝှက်ထွက်ခဲ့သည်။ ထို့နောက် ၁၉၆၆ ခုနှစ် မတ်လတွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်တွင် ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်ဖွဲ့စည်းခဲ့ရာ ဗိုလ်ရန်နိုင်သည် တောင်ပိုင်းတိုင်းတိုင်းမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၆ ခုနှစ် အောက်တိုဘာလတွင်ဖွဲ့စည်းခဲ့သော ပြည်ချစ်လွတ်မြောက်ရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ ၁၉၆၉ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့တွင် ဝန်ကြီးချုပ်ဟောင်းဦးနု ဦးဆောင်သော ပါလီမန်ဒီမိုကရေစီပါတီဖွဲ့စည်းရာ အလုပ်အမှုဆောင်အဖြစ် ပါဝင်ခဲ့သည်။ ပါလီမန် ဒီမိုကရေစီပါတီမှ ဦးနုနှုတ်ထွက်သွားခဲ့ပြီးနောက် ဗိုလ်လက်ျာ ဥက္ကဋ္ဌအဖြစ်ဦးဆောင်သည့် ပြည်သူ့ပြည်ချစ်ပါတီတွင် အလုပ်အမှုဆောင် တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။ ၁၉၇၅ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် ပြည်သူပြည်ချစ်ပါတီမှ ထုတ်ပယ်ခံရသည်။

ယင်းနောက် မြန်မာနိုင်ငံ နိုင်ငံတော်ကောင်စီမှ ၁၉၈၀ ပြည့်နှစ် မေလ၂၈ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ၂/၈၀ ကို ကြေညာပြီး နောက် ၁၉၈၀ ပြည့်နှစ် သြဂုတ်လ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီးနောက် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကို ဦးစီးလုပ်ကိုင်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် နိုင်ငံ့ဂုဏ်ရည် (ပထမအဆင့်) ချီးမြှင့်ခံရသည်။

ဗိုလ်ရန်နိုင်သည် ၁၉၈၈ ခုနှစ်အတွင်းဖြစ်ပွားခဲ့သော ရှစ်ဆယ့်ရှစ်ဒီမိုကရေစီအရေးတော်ပုံတွင် ပါဝင်ခဲ့သည်။ ယင်းနောက် ၁၉၈၈ ခုနှစ် ဒီဇင်ဘာလတွင် ဂျပန်နိုင်ငံတိုကျိုမြို့ရှိ (Industry Research Institute)၏ လက်ထောက်မန်နေဂျာ မစ္စတာဟာရာ၏ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သည်။ ဂျပန်နိုင်ငံ၌ ရောက်ရှိစဉ် ဂျပန်ဘဏ္ဍာရေးဝန်ကြီး မစ္စတာ ကီချီမီယာဇာဝါ၊ ဂျပန်အောက်လွှတ်တော် အမတ် ယိုချီယိုဟာယာချီနှင့်လည်းကောင်း၊ မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖိုရမ်ဥက္ကဋ္ဌတို့ကိုလည်းကောင်း တွေ့ဆုံခဲ့သည်။

ဗမာ့လွတ်လပ်ရေးတပ်မတော်၏ သူရဲကောင်းတံဆိပ် (ဒုတိယအဆင့်)၊ လွတ်လပ်ရေးမော်ကွန်းဝင် (ဒုတိယအဆင့်) နှင့် နိုင်ငံ့ဂုဏ်ရည် (ပထမအဆင့်) ချီးမြှင့်ခြင်းခံခဲ့ရသော ဗိုလ်ရန်နိုင်သည် ၁၉၈၉ ခုနှစ် ဇန်နဝါရီလ၂၈ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့ရာ ကွယ်လွန်ချိန် ၌ ဇနီးဒေါ်တင်ဇာမော်နှင့် သားသမီးရှစ်ဦး ကျန်ရစ်ခဲ့သည်။

ရည်ညွှန်း –
(၁) ကျော်ငြိမ်း – ရဲဘော်သုံးကျိပ်၊ ပထမအကြိမ် အင်းဝစာပေတိုက်၊ ၁၉၉၈။
(၂) မောင်ဇေယျာ – မြန်မာလူကျော် ၁၀၀ (ပထမအုပ်) ပထမအကြိမ်၊ ယူနီတီစာပေ၊ ၂၀၁၀။
(၃) သန်းဝင်းလှိုင် – အနှစ်ချုပ်မြန်မာ့သမိုင်းအဘိဓာန် (ဒုတိယတွဲ)၊ ပထမအကြိမ်၊ ပညာရွှေတောင်စာပေတိုက်၊ ၂၀၁၀။
(၄) မြန်မာ့ရက်စဉ်သမိုင်း (ပထမတွဲ၊ ဒုတိယတွဲ)၊ ပထမအကြိမ်၊ သမိုင်းသုတေသနဦးစီးဋ္ဌာန၊ ၂၀၀၉။
(၅) သန်းဝင်းလှိုင် – ၂၀ရာစု မြန်မာ့သမိုင်းကိုပြောပြနေသော နေ့ရက်များ၊ ပထမအကြိမ်၊ ကံကော်ဝတ်ရည်စာပေ၊ ၂၀၀၉။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “သမိုင်းတကွေ့မှ ဗိုလ်ရန်နိုင် (ရဲဘော်သုံးကျိပ်)
  1. To the Moemakha Burmese news and media station,

    We would like to express our sincere appreciation and gratitude to the author of the article on Bo Yan Naing -Ye Baw Thone Gyate (dated 24 June 2012) and to all concerned in it’s presentation. We found the article to be very well written showing careful and thorough research and presented in an objective way.

    With metta to all,
    The family of Bo Yan Naing

Comments are closed.