တူမောင်ညို ဝေဖန်ရေးရာ

Tu Maung Nyo – ကိုကိုအောင် မှန်မှန်ပြော

ကိုကိုအောင် မှန်မှန်ပြော
တူမောင်ညို၊ ဇွန် ၁၃၊ ၂၀၁၂
 “ကိုကိုအောင်” ဆိုတဲ့ ဆောင်းပါးရှင်က  ပြည်ပခရီးထွက်တော့မယ့် ဒေါ်အောင်ဆန်းစုကြည်ကို (Burma/Myanmar) ဆိုတဲ့ စကားလုံးမှန်မှန်ကန်ကန် သုံးစွဲဖို့ သတိပေးချင်တာနဲ့တူပါတယ်။ သတင်းစာတွေထဲမယ် “အမှိုက်ကစ ပြဿဒ်မီးလောင်” ဆိုတဲ့ ဆောင်းပါးရေးလာပါတယ်။
            သမိုင်းကြောင်းတွေ၊ ဥပဒေပုဒ်မတွေကို ကိုးကားပြီး မိုးလားကဲလားရေးထားတယ်။ သမိုင်းဘက်ကဆိုရင် အနော်ရထာ၊ ဘုရင့် နောင်၊ အလောင်းဘုရား အထိ ကိုးကားထားတယ်။
 ဥပဒေဘက်ကဆိုပြန်ရင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၄၇)၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၁၉၇၄)၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ထဲက ပုဒ်မတွေအထိ သာဓကတင်ပြထားတယ်။
သမိုင်းကြောင်း
            သမိုင်းကြောင်းတွေ ကိုးကားရာမှာလည်း လိုရာဆွဲကိုးကားသွားတယ်။
 “အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား” တို့ ခေတ် “မြန်မာနိုင်ငံ” ဆိုတာ ယနေ့တည်ရှိနေတဲ့ ရေမြေနယ်နိမိတ် အပိုင်း အခြား၊ (ကချင်၊ ကယား၊ ကရင်၊ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့)  တိုင်းရင်းသားလူမျိုးတွေနဲ့ ဖွဲ့စည်းထားတာဟုတ်ပါရဲ့လား။
နောက်တစ်ချက်က သမိုင်းအချက်အလက်မှန်တွေကို (တမင်) ချန်လှပ်ထားခဲ့တယ်။ (တမင်) ကျော်လွှားသွားခဲ့တယ်။
မြန်မာလွတ်လပ်ရေးသမိုင်းမှာ နေလိုလလိုအထင်အရှားရှိတဲ့ “ဒို့ဗမာအစည်းအရုံး” ကို ဘာကြောင့် မကိုးကားသလဲ။
            ယနေ့ စစ်တပ်ရဲ့ မူလသမိုင်းအမည်မှန်အဆင့်ဆင့်ဖြစ်တဲ့ (ဘီအိုင်အေ)  Burma Independence Army (BIA)။ (ဘီဒီအေ)  Burma Defence Army (BDA) ၊ (ဘီအန်အေ)  Burma National Army (BNA) ၊ (ပီဘီအက်ဖ်)  Patriotic Burmese  Forces (PBF)  တို့ကိုဘာကြောင့်ထည့်မပြောသလဲ။ ဖြတ်သန်းလာတဲ့တပ်မတော်သမိုင်းအဆင့်ဆင့်ကို တမင်ဖျက်လိုဖျက်ဆီး လုပ်တာလား။ (Burma) ဆိုတဲ့စကားလုံးပါနေလို့ မကိုးကားပဲ တမင်ချန်ခဲ့တာလား။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၄၇) မှာ “မြန်မာနိုင်ငံကို (Burma) ဟု သုံးနှုန်းခဲ့ခြင်းမှာ မူလကပင် လူမျိုးရေးသွေးကွဲစေရန် အစီအမံရှိ သည်ဟုလည်းသုံးသပ်နိုင်ပါသည်”  ဆိုပြီး ကိုကိုအောင် က အရဲကိုးပြီး သုံးသပ်ပြထားပါတယ်။
ဒါဆိုရင် ဖက်ဆစ်ဂျပန်လက်အောက်မှာ ဖွဲ့စည်းခဲ့ကြရတဲ့ “ဘီအိုင်အေ”(BIA)။ “ဘီဒီအေ”(BDA)၊ “ဘီအန်အေ” (BNA) “ပီဘီအက်ဖ်”(PBF)  တို့မှာ (Burma) လို့ ဘာကြောင့် သုံးနှုန်းခဲ့သလဲဆိုတာ ကိုကိုအောင် သုံးသပ်ပြပါလား။
“ဘီအိုင်အေ”(BIA) ဆိုတဲ့ “ဗမာ့လွတ်လပ်ရေးတပ်မတော်ကြီး”ကို “ဒို့ဗမာအစည်းအရုံး”ဝင် သခင်လူငယ်အများစုနဲ့ စတင် ဖွဲ့စည်းခဲ့တဲ့ သမိုင်းအချက်အလက်အမှန်ကို ကိုကိုအောင် ဘယ်လိုတုန့်ပြန်ချင်ပါသလဲ။ ဘယ်လိုဆင်ခြေပေးချင်ပါသလဲ။ ကျနော် သိပါ ရစေ။
            ဒါ့အပြင် (မဆလ) ခေတ်မှာသုံးစွဲခဲ့ဖူးတဲ့ ငွေစက္ကူများဖြစ်တဲ့ ၁၀၀ ကျပ်တန်၊ ၉၀ ကျပ်တန်၊ ၇၅ ကျပ်တန်၊ ၄၅ ကျပ်တန်၊ ၂၅ ကျပ်တန်၊ ၁၅ ကျပ်တန်၊ ၁၀ ကျပ်တန်၊ ၅ ကျပ်တန်နဲ့ ၁ ကျပ်တန် ငွေစက္ကူများရဲ့ကျောဘက်မှာလည်း (Union of Burma Bank) လို့သာ ရိုက်နှိပ်ထားပါတယ်။ ဂျပန်နိုင်ငံကလုပ်ပေမယ့် မြန်မာပြည်တွင်လုပ်သည် (Made in Burma)ဆိုတဲ့ အစိုးရစက်ရုံထုတ် စက်ဘီး အမည်ကလည်း “မောင်ဗမာ”ဖြစ်ပါတယ်။ (Burma) ဆိုပြီး (မဆလ) ခေတ်တလျောက်လုံးသုံးစွဲခဲ့တာဟာ ဖြင့် ကိုကိုအောင် ဆောင်းပါး မှာ သုံးသပ်ဖေါ်ပြထားသလို “လူမျိုးရေးသွေးကွဲစေရန် အစီအမံရှိ” တာကို (မဆလ) အစိုးရက တကယ်မသိခဲ့တာလား။
            တိုင်းပြည်နဲ့ပြည်သူတစ်ရပ်လုံးရဲ့သမိုင်းကြောင်း၊ သမိုင်းအချက်အလက်တွေကို အဖွဲ့တစ်ဖွဲ့၊ လူတစ်ချို့ရဲဆန္ဒသဘောထားနဲ့ ပြောင်းချင်သလိုပြောင်းလို့မရပါဘူး။ သမိုင်းမှန်ဖေါ်ထုတ်တယ်ဆိုပြီး သမိုင်းအချက်အလက်အမှန်တွေကို ဖျောက်ဖျက်ပစ်လို့လည်း မဖြစ် နိုင်ပါဘူး။ (နဝတ) စစ်အစိုးရလက်ထက် (၃၀- ၅- ၁၉၈၉) တွင်ဖွဲ့စည်းပေးခဲ့သော “မြန်မာ့အမည်များ အခေါ်အဝေါ် အရေးအသား မှန်ကန်မှုပြုစုရေးအဖွဲ့” က လိုရာဆွဲပြီး ပြောင်းလဲပစ်ခဲ့တာတွေကို လက်ခံလို့မဖြစ်ပါဘူး။
မူရင်းသမိုင်းအချက်အလက်မှန်တွေနဲ့ ညှိနှိုင်းပြီး သက်ဆိုင်ရာပညာရှင်အသီးသီးက စနစ်တကျလေ့လာဖေါ်ထုတ်ပြုစုကာ၊  ပြည်သူ့ ဆန္ဒခံယူပြီးမှ လူထုဆန္ဒသဘောထားနဲ့အညီ ပြောင်းသင့်၊ပြင်သင့်တာဖြစ်ပါတယ်။
ဥပဒေကြောင်း
             ပြည်ထောင်စုဆိုရှယ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၁၉၇၄) အကြောင်းရေးသားရာမှာလည်း လိုရာဆွဲပြော သွားပြန်ပါတယ်။
            မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ က ဦးဆောင်တဲ့ တစ်ပါတီစနစ်ဖွဲ့စည်းပုံကိုလည်း (The Constitution of the Republic of the Union of Myanmar ) ဆိုပြီး ခပ်တည်တည်နဲ့ ဖိန့်သွားတယ်။ ရွှီးသွားတယ်။ ဖြီးသွားတယ်။
            တစ်ခုမေးချင်တယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ကို (BSPP) လို့ရေးသလား၊ (MSPP) လို့ရေးသလားဗျ။ ၁၉၈၈ မတိုင်မီက နေ့စဉ်ထုတ်သတင်းစာ(၁)စောင်ပဲ အပြေးအလွှားရှာဖွေဖတ်ကြည့်လိုက်ပါ။ ခင်ဗျားအတွက် အချက်အလက်မှန်ရပါလိမ့်မယ်။
            “ပုဒ်မ (၁၁) နိုင်ငံတော်သည် တခုတည်းသော ပါတီစနစ်ကိုသာ ကျင့်သုံးရမည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသည် နိုင်ငံတော်၏ တခုတည်းသော နိုင်ငံရေးပါတီဖြစ်၍ နိုင်ငံတော်ကို ဦးဆောင်သည်။” ဖော်ပြပါရှိတယ်။
နိုင်ငံတော်ကိုဦးဆောင်တဲ့ တခုတည်းသောပါတီ(BSPP)ကို (The Burma Socialist Programme Party)လို့ ရေးပြီး၊ အခြေခံ ဥပဒေကိုမှ (The Constitution of the Republic of the Union of Myanmar ) လို့ ရေးသလားဗျာ။ သေချာပြန်ဖတ်ကြည့်ပါ။ ခင်ဗျား ကိုးကားတဲ့ English version က ဘယ်ခုနှစ်ထုတ်လဲ၊  ပြောပါဦးဗျာ။ ကျနော် လေ့လာမှတ်သားပါရစေ။
             “မသိလို့ (သတိမထားမိလို့)ဆိုသည့်ဆင်ခြေမျိုးဖြင့်လည်းလက်မခံသင့်ပါ၊ Ignorance of law is no excuse ဟု ဥပဒေ ဆိုရိုး စကားရှိပါသည်။ ဥပဒေကိုမသိလို့ကျူးလွန်ပါသည် ဆိုသည့်ဆင်ခြေကို ဥပဒေက ခွင့်လွှတ်မည် မဟုတ်ပါ။ ဤသို့ဆိုလျှင် သိလျက်နှင့် တမင်ကျူးလွန်သည်လား မေးစရာဖြစ်နေပါသည်”
            အထက်က စာပိုဒ်သည် ကျနော်ရေးထားသည့်စာပိုဒ်မဟုတ်ပါ။
ကိုကိုအောင် “ဆောင်းပါး” ထဲက ကိုကိုအောင်၏ မူရင်းရေးသားထားချက်ဖြစ်ပါသည်။ အင်မတန်မှန်ကန်သော အချက်ဖြစ် ပါတယ်။ ကျနော်သဘောကျပါတယ်။ သဘောလည်းတူပါတယ်။  သို့အတွက် ကိုကိုအောင် ယခုလိုမေးချင်ပါတယ်။
            ကိုကိုအောင်သည် သမိုင်းနှင့်ဥပဒေအချက်အလက်တွေကို မသိလို့၊သတိမထားမိလို့၊တမင်ချိုးဖောက်ကျူးလွန်နေပါသလား?
အစိုးရသတင်းစာတွေမှာလည်း လူမျိုးရေးဘာသာရေး ရန်တိုက်လှုံ့ဆော်တဲ့၊ ထိုးဆွတဲ့ ၊ ချိုးနှိမ်တဲ့၊ ခွဲခြားတဲ့ ၊ စော်ကား တဲ့ အသုံးအနှုန်းတွေရေးသားဖေါ်ပြနေသလို၊သမိုင်းအချက်အလက်မှား၊ဥပဒေအချက်အလက်မှားနေတာတွေကိုထည့်သွင်းဖေါ်ပြနေပါလား။
အစိုးရသတင်းစာဆိုတာ အစိုးရရဲ့ပင်ကိုသဘောထားနဲ့ ပေါ်လစီမူဝါဒတွေကို တိတိကျကျ ထင်ဟပ်ဖေါ်ပြရတာ ဓမ္မတာပဲ မဟုတ်လား။
ညွန်း
       ကိုကိုအောင် “အမှိုက်ကစ ပြဿဒ်မီးလောင်” (၁၂ ဇွန် ၂၀၁၂ ) နေ့စဉ်ထုတ် (မြန်မာ့အလင်း၊ ကြေးမုံ ၊ NLM ) သတင်းစာများ  
       တိုင်းကျိုးပြည်ပြု (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ ဆောင်ရွက်ချက် သမိုင်းဝင်မှတ်တမ်း ၁၉၈၈ ခုနှစ်မှ ၁၉၉၁ ခုနှစ်)
       ပြည်ထောင်စုဆိုရှယ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၁၉၇၄)
       THE CONSTITUTION OFTHE UNION OF BURMA (1974)
       Article 1 Burma is a sovereign independent Socialist State of the working people. The State shall be known as The Socialist Republic of the Union of Burma.
       Article 11 The State shall adopt a single-party system. The Burma Socialist Programme Party is the sole political party and it shall lead the State.
       (အမှားပြင်ဆင်သည့် စာမူ)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts

3 thoughts on “Tu Maung Nyo – ကိုကိုအောင် မှန်မှန်ပြော
  1. တစ်ခုမေးချင်တယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ကို (BSPP) လို့ရေးသလား၊ (MSPP) လို့ရေးသလားဗျ။ ၁၉၈၈ မတိုင်မီက နေ့စဉ်ထုတ်သတင်းစာ(၁)စောင်ပဲ အပြေးအလွှားရှာဖွေဖတ်ကြည့်လိုက်ပါ။ ခင်ဗျားအတွက် အချက်အလက်မှန်ရပါလိမ့်မယ်။ ( ကျနော်တို့ ပြင်သစ် ရောက် မြန်မာတွေ ထဲမှာတော့ ရှိခဲ့ဖူးပါသည် ပြင်သစ်တွေကို ခပ်တည်တည် နဲ့ MSPP ဆိုပြီး လှိမ့် သွားဖူးပါသည် ခင်ဗျာ ….. )

  2. Dear U Tu Maung Nyo: I want to add one more key point to your comments, although I am not a highly educated person, I went to a local secondary school and I did learn History as a compulsory subject. In there, one part is Burmese History (Myanmar Thamaing) and another is World History. I can still remember what I learnt by-heart for the test or examination, it is “Mon-Myanmar Sit Pwe” [Mon-Myanmar Battle], I hope everybody knows it. If the word, Myanmar had covered all ethnic groups living in the country, the name of the battle would have been misleading all along and wrong. We cannot change the History, so, it simply indicated that Myanmar is one ethnic group and having battles with Mon. Definitely the word Myanmar does not represent all races living in Burma. This is something even secondary school drop-outs can know it, U Ko Ko Aung failed to see it, Poor Dear!!!

  3. 2nd March 1962 was day of shame for Burma. Our wise statesmen had changed the names of places, towns, streets, etc. given by the colonial rulers to appropriate ones after independence. All those names, changed after 2nd March 1962 by successive military junta should be changed back to the old ones.

Comments are closed.