သတင်းဆောင်းပါး

TheGeek – အမေရိကန်က “ငွေများ မဲနိုင် ဒီမိုကရေစီ” ခေတ်ဆန်းချိန်လေလား

အမေရိကန် ပဏာမရွေးကောက်ပွဲနဲ့ ဆန္ဒခံယူပွဲများ မြင်ကွင်း
အမေရိကန်က “ငွေများ မဲနိုင် ဒီမိုကရေစီ” ခေတ်ဆန်းချိန်လေလား
နိုင်ငံတကာသာဂိ၊ ဇွန် ၇၊ ၂၀၁၂

မနေ့က မိုးမခအထောက်တော်က မရေးစဖူး အမေရိကန်ရွေးကောက်ပွဲသတင်းရေးတယ်။ သဘောကတော့ နိုင်ငံတကာသတင်းတွေ ရေးဖို့ အဆိုင်းမင့်ယူထားတဲ့ နိုင်ငံတကာသာဂိကို စာမူမစောင့်နိုင်လို့ ကျော်ရေးတဲ့သဘောပဲ။ သူရေးလိုက်လို့ ရေးမယ်လို့ တို့ထားတဲ့ မှတ်စုတွေ၊ ခေါင်းစဉ်ကောက်နုတ်ချက်တွေ ပြန်ကြည့်တယ်။ နောက် ရွေးကောက်ပွဲရလဒ်တွေနဲ့ တုန့်ပြန်ချက်တွေ ပြန်ကြည့်တယ်။

မနေ့က ဇွန် ၅ မှာ အမေရိကားက ပြည်နယ် ၅ ခုမှာ အကြိုရွေးကောက်ပွဲတွေ ကျင်းပတယ်။ ရွေးကောက်ပွဲအစစ်ကြီးဖြစ်တဲ့ နိုဝင်ဘာမှာ ယှဉ်ပြိုင်အရွေးခံကြမယ့် သမ္မတ၊ အထက်နဲ့ အောက် လွှတ်တော်အမတ်၊ ပြည်နယ် အထက်နဲ့အောက်အမတ်၊ ကိုယ်စားလှယ်လောင်းတွေထဲက မဲအများဆုံး ၂ဦးကို ဆန်ကာတင်တဲ့ပွဲ။ ပြီးတော့ ပြည်နယ်အလိုက် မြို့နယ်အလိုက် ဥပဒေတွေ၊ ပြဌာန်းချက် အဆိုပြုချက်တွေကို ပြည်သူ ဆန္ဒခံယူပြီးတော့ အတည်ပြုချက်ယူတဲ့ ပွဲ ဖြစ်ပါတယ်။

ကယ်လီဖိုးနီးယားမှာတော့ ပြည်နယ်တ၀ှမ်းလုံးအတွက် အဆိုပြုချက် ၂ ခုဖြစ်တဲ့ အဆို ၂၈ နဲ့ အဆို ၂၉  (Proposition 28 & 29) တွေမှာ (၂၈) က အနိုင်ရပြီး၊ အဆို (၂၉ ) က ရှုံးနိမ့်သွားတယ်။ (၂၈) က ပြည်နယ်လွှတ်တော်တွေမှာ အမတ်တွေကို ၁၄ နှစ် အထိ ထမ်းဆောင်ခွင့်ကနေ ၁၂ နှစ်အထိ ကန့်သတ်တဲ့ အဆိုပြုချက်၊ လူတွေက ဒါကို ထောက်ခံတယ်။ အဆို (၂၉ ) ကတော့ စီးကရက်တဗူးကို ငွေ တကျပ်အခွန်ကောက်ပြီး ကင်ဆာသုတေသနမှာ သုံးဖို့။ ဒါကိုတော့ လူတွေက မထောက်ခံဘူး။ အများကန့်ကွက်လို့ ရှုံးသွားတယ် ဆိုတယ်။

ဒါတွေကို သာမန်မဲပေးသူတွေက အများကြီး စိတ်မ၀င်စားသော်လည်း နိုင်ငံရေးလော်ဘီအဖွဲ့တွေနဲ့ စီးကရက်ကုမ္မဏီကြီးတွေက အထူးစိတ်ဝင်စားတယ်။ သာမန် common sense နဲ့ ကြည့်ရင် အဆို ၂ ခု စလုံးက ပြည်သူတွေ ထောက်ခံပြီး ပြဌာန်းချက်အသစ်တွေ အတည်ဖြစ်ဖို့ပဲ။

သို့သော် စီးကရက်ကုမ္မဏီတွေက ကယ်လီဖိုးနီးယားပြည်နယ်ထဲမှာ အမေရိကန်ဒေါ်လာ သန်း ၅၀ နီးပါး သုံးစွဲပြီး ပြည်သူတွေကို စာနယ်ဇင်း ရုပ်သံတွေကနေ မဲဆွဲ စည်းရုံး ၀ါဒဖြန့်တာတွေလုပ်ပြီး အဆို (၂၉ ) ကို ကန့်ကွက်ကြဖို့ တိုက်တွန်းခဲ့တယ်။ အခွန် ၁ ကျပ် တိုးရတဲ့ ငွေနဲ့ အများပြည်သူအတွက် ကင်ဆာကုချင်တဲ့ အစည်းအရုံးတွေက သူတို့ကို တန်ပြန်ဖို့ ဒေါ်လာ ၁ သန်းတောင် အနိုင်နိုင်သုံးပြီး ပြန်လှန်သော်လည်း သူတို့ရဲ့ ၀ါဒဖြန့်မှုက ပြည်သူတွေကို လွှမ်းမိုးသွားတယ်။

            အစက လူတွေက ငွေ ၁ ကျပ်နဲ့ ကင်ဆာသုတေသနလုပ်မယ်ဆိုတာကို ကြိုက်တာပေါ့။ သို့သော် စီးကရက်ကုမ္မဏီတွေက ငွေတွေ ဖိသုံးပြီး ၀ါဒဖြန့်ပုံက အဲသည်ငွေတွေကို ပြည်နယ်အစိုးရက အလွဲသုံးစားလုပ်မှာ။ ကင်ဆာသုတေသနဆိုတာ ကန့်ကွက်ဖို့ မရှိသော်လည်း ဒီငွေတွေကို ပြည်နယ်ပြင်ပမှာလည်း လျှောက်သုံးမှာ စသည်ဖြင့် ၀ါဒဖြန့်တယ်။ အခုချိန်မှာ ခေတ်ကြပ်နေတော့ လူတွေက အစိုးရဆိုရင် သိပ်မကြည်ဘူး။ အဲဒါနဲ့ အစိုးရတွေ လုပ်တာ မကောင်းဘူး ဆိုတဲ့ အမြင်ကို သွင်းလိုက်တော့ နောက်ဆုံး လူတွေက ကန့်ကွက်မဲက နှာတဖျားနဲ့ အသာရပြီး အဆို (၂၉ ) ရှုံးတယ်ပေါ့ဗျာ။

            သို့သော် ပြည်နယ်အဆင့် အဆိုပြုချက်တွေ ကမောက်ကမဖြစ်သော်လည်း မြို့နယ်အလိုက် ဥပဒေပြဌာန်းချက်တွေ အများစုကတော့ အနိုင်ရတယ်၊ လူတွေက ထောက်ခံတယ်။ လက်ရှိမှာ မြို့နယ်တွေမှာ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတို့ရဲ့ ဘတ်ဂျက်တွေ ရှားပါးလို့ မြို့နယ်ရဲ့ ပညာရေး၊ ကျန်းမာရေး၊ သာရေး နာရေးဘဏ္ဍာငွေတွေကို လူတွေဆီက မြို့နယ်အတွင်းမှာ အခွန်အနည်းငယ် တိုးကောက်ပြီး လည်ပတ်ကြမယ်ဆိုတဲ့ အဆိုပြုချက်တွေကို အခု ပဏာမရွေးကောက်ပွဲတွေမှာ ဆန္ဒခံယူကြတာ ဖြစ်ပါတယ်။ မြို့နယ်အလိုက် ဌာနေတွေက သူတို့မြို့နယ်က ကျောင်းတွေ၊ ပညာရေးတွေအကျိုးရှိမယ် ဆိုတဲ့ အမြင်နဲ့ ထောက်ခံမဲပေးကြတယ်။ မြို့နယ်အလိုက် ဆန္ဒခံယူပွဲတွေကိုတော့ နိုင်ငံရေး၊ စီးပွားရေး လော်ဘီအဖွဲ့တွေက ၀ါဒဖြန့်ခြင်း၊ စွက်ဖက်ခြင်း မရှိကြလို့ လူတွေရဲ့ common senseတွေက အနိုင်ရတယ် ဆိုရမယ်။

            စီးကရက်တဘူး ၁ ကျပ်အခွန်မကောက်ဖို့ အရေး စီးကရက်ကုမ္မဏီကြီးတွေရဲ့ လော်ဘီတွေ မိတ်ဆွေတွေက ကယ်လီဖိုးနီးယားပြည်နယ်က ၁၂ % သော စီးကရက်သောက်သူ ဖောက်သည်တွေကို ကာကွယ်ဖို့၊ သူတို့အမြတ်တွေကို ကာကွယ်ဖို့ အမေရိကန် ဒေါ်လာ သန်း ၅၀ နီးပါးသုံးတယ်။ ဒါဆိုရင် ရွေးကောက်ပွဲတွေနဲ့ ဥပဒေများ ပြဌာန်းရေး ဆန္ဒခံယူပွဲတွေမှာ လော်ဘီသမားတွေ၊ ၀ါဒဖြန့်အဖွဲ့အစည်းတွေရဲ့ အခမ်းကဏ္ဍနဲ့ စွက်ဖက်မှုဟာ ဘယ်လောက်အရေးကြီးသလဲ ဆိုတာ သိပြီ ထင်တယ်။

            ထပ်ပြီး ထောက်ပြချင်တာ တခုကတော့ ပြည်နယ်တခုဖြစ်တဲ့ ၀စ္စကွန်ဆင်မှာ ရစ်ပတ်ဘလစ်ကန်ပါတီရဲ့ အာဏာရပြည်နယ်ဝန်ကြီးချုပ်ကို ပြန်လည်ရုပ်သိမ်းဖို့ Recall Election လုပ်တယ်။ စိန်ခေါ်သူ ဒီမိုကရက်တွေ မဲ ရာခိုင်နှုန်း အနည်းငယ်နဲ့ ရှုံးတယ်။ လက်ရှိအာဏာရပြည်နယ်ဝန်ကြီးချုပ်က အယုံအကြည်မရှိဆန္ဒခံယူပွဲမှာ အနိုင်ရသွားတယ်။ ပြည်နယ်တွင်းကကော ပြည်နယ်ပြင်ပက ရစ်ပတ်ဘလစ်ကန်ထောက်ခံသူ လော်ဘီတွေ၊ ဆူပါပက်ခ် (Super PAC) တွေက ငွေပုံအောသုံးပြီး ပြန်တိုက်ကြတာ အမေရိကန်ဒေါ်လာသန်း ၅၀ လောက် ကုန်တယ်။

            သည်တော့ လက်ရှိပဏာမ ရွေးကောက်ပွဲတွေ (Primary Election)  တွေမှာ ငွေများသူတွေ ဖိလေ မဲနိုင်လေ ဆိုတဲ့ အလားအလာကို နိုင်ငံရေးလေ့လာသူတွေက ထောက်ပြလာကြတယ်။ သည်ပုံစံအတိုင်းဆိုရင် လာမယ့် ၂၀၁၂ နိုဝင်ဘာ သမ္မတနဲ့ အထွေထွေရွေးကောက်ပွဲကြီးမှာ ငွေများများ ဖိပြီး သုံးပြီး မဲဆွယ်မယ်၊ လူတွေကို ဖိပြီး ၀ါဒအဖြန့်နိုင်ဆုံးလူတွေ သဘောတရားတွေက အနိုင်ရမယ်လို့ ဟောကိန်းထုတ်ရမလို ဖြစ်နေတယ်။

            နောက်ဆုံး တခုထောက်ပြချင်တာကတော့ အခုလို ငွေများသူတွေ၊ သြဇာကြီးတွေက တဖက်သတ် ၀ါဒဖြန့်လို့ မဲဆွယ်လို့ သာမန်မဲဆန္ဒရှင်တွေက စိတ်ဓာတ်တွေ ကျပြီး၊ လက်ရှိ အများမဲစနစ်ဖြင့် ရွေးချယ်သော ရွေးကောက်ပွဲကို အယုံအကြည်မရှိတော့ဘဲ မဲမပေးတော့ကြမှာကိုလည်း လူမှုအဖွဲ့အစည်းတွေက စိုးရိမ်တကြီးနဲ့ ထောက်ပြလာကြတယ်။ တဖက်က ဘယ်လိုပဲ အင်အားကြီးပါစေ၊ လူတဦးချင်းဆီရဲ့ မဲပြားတပြားချင်းစီက အရေးပါတာမို့ မဲဆွယ်ခံရတာ၊ မဲဝယ်ခံရတာ၊ မဲပယ်ခံရတာတွေကို ပြည်သူတွေက ကြံြ့ကံခံပြီး ဒီမိုကရေစီနည်းကျ မဲဆန္ဒဖြင့် ရွေးချယ်တင်မြှောက်သော ရွေးကောက်ပွဲစနစ်ကို ကျောခိုင်းမသွားဖို့၊ ခုနင်က အစွန်းရောက် ကိုယ်ကျိုးကြည့် လူနည်းစုတွေ ကုမ္မဏီကြီးတွေရဲ့ ဖိအားတွေကို ဗဟုသုတ အကြားအမြင် ပြည့်စုံမှုတွေနဲ့ ရင်ဆိုင်ကြဖို့ လိုကြောင်း တင်ပြလိုပါတယ်။

            အထူးသဖြင့်ကတော့ မဲပေးနေကြ လူအိုတွေ၊ လူကြီးတွေ၊ အထက်တန်းလွှာတွေဆိုတဲ့ လူနည်းစုတွေရဲ့ လက်ထဲက လူနည်းစုဆန္ဒအခြေပြု ရွေးကောက်ပွဲကနေ မဲပေးဖို့ စိတ်မ၀င်စားတဲ့ လူငယ်တွေ၊ လူလတ်တွေ၊ လူလတ်တန်းစားတွေ၊ ကျောင်းသားတွေဆိုတဲ့ လူများစုတွေရဲ့ အများစု အခြေပြု ကျယ်ပြန့်သော လူထုပါဝင်တဲ့ ရွေးကောက်ပွဲတွေအဖြစ်ကို ဆက်လက် ထိန်းသိမ်း ထူထောင်ကြဖို့ လိုအပ်ကြောင်း မီးမောင်းထိုးလိုက်ပါတယ်။

            မြန်မာပြည်ရဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ရရင်တော့ ကြံ့ဖွံ့ရွေးကောက်ပွဲတွေကို ဖြတ်သန်းခဲ့ရသူ မြန်မာမျိုးဆက်တွေဟာ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ သန့်ရှင်းမျှတသော ဥပဒေစိုးမိုးသော အများစုအခြေပြု မဲဆန္ဒဖြင့် ရွေးကောက်ပွဲတွေ ဖြစ်ပေါ်ရေးအတွက် ကြံ့ကြံ့ခံကြရဦးမယ် ဖြစ်ပါတယ်။ မဟုတ်လို့ကတော့ မြန်မာပြည်မှာလည်း သေနတ်၊ ကျည်ဆံ၊ အရက်၊ စီးကရက်နဲ့ ဂုတ်သွေးစုတ်၊ သြဇာမက်သူတွေ ချယ်လှယ်တဲ့ လူနည်းစုဒီမိုကရေစီစနစ်နဲ့ တိုးလို့ အဖြစ်ဆိုးရချည်ရဲ့။     ။

            (အာမင်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “TheGeek – အမေရိကန်က “ငွေများ မဲနိုင် ဒီမိုကရေစီ” ခေတ်ဆန်းချိန်လေလား
  1. စိတ်ဝင်စားစရာ အမေရိကန်ဒီမိုကရေစီရွေးကောက်ပွဲ၊ ဆန္ဒခံယူပွဲတွေပါ ..ကျေးဇူးပါပဲဗျို့..။

Comments are closed.