မပွင့်လင်းသောဂျီးဒေါ်နှင့် ခေတ်ဟောင်းသို့ နောက်ကြောင်းပြန်လှည့်ခြင်း
ဂျော်ဒီး၊ ဇွန် ၅၊ ၂၀၁၂
ဒီနေ့ ဂျီးဒေါ်တို့  ဈေးထဲမှာ ဘာတွေဖြစ်နေသည်မသိ ။ဟိုလူကလည်း ခေတ်ပြောင်းနေပြီ ။ ဒီလူကလဲ ခေတ်ပြောင်းနေပြီ နဲ့ ။သူတို့ အတွက်တော့ ဘာတွေက ခေတ်ပြောင်းသည် မသိ။ဂျီးဒေါ်အတွက်
တော့  ဘာမှ ခေတ်မပြောင်းသေး ။ ၀ယ်နေကျ ကန်စွန်းရွက် သုံးစည်းကို ၁၀၀ကျပ် ပေးဝယ်ရတုံး ။ဘာမှ ပြောင်းလည်းတာ မတွေ့  ။ဒီကြားထဲ ကန်စွန်းရွက်သယ် ဒေါ်ဆိတ်မ ကကြီးကြီးကျယ်ကျယ် ။ဂျီးဒေါ်ပေးသော ငါးဆယ်ကျပ်တန်ကို နွမ်းသည် ဆိုကာ လက်မခံ ။
“ခါတိုင်း ဒီထက်စုတ်ပြတ်သတ် တဲ့  ပိုက်ဆံ အဖာတရာတွေတောင် သုံးကြတာ လို့ ” ပြန်ပြောမိတော့ ဒေါ်ဆိတ်မ က ကက်ကက်လန်အောင်ပြန်ပြောပုံက …
“ခါတိုင်းက သုံးစရာ မရှိလို့ သုံးရတာ ။ခု ခေတ်ပြောင်းနေပြီ ဂျီးဒေါ် ။ဒီလို ပိုက်ဆံ အနွမ်းဆို ဘယ်သူမှ မသုံးတော့ဘူးတော့ ”
“ ဒုက္ခပါပဲ ။ ကျုပ်လည်း ငါးစိမ်းသည် ဒေါ်အာကျယ်အမ်းလိုက်တာ ။ပြန်လဲခိုင်းရမှာလည်း အားနာ ။ ဒေါ်အာကျယ် ပါးစပ်လည်း ကြောက်လို့  ငြိမ်ယူလာခဲ့ရတာတော့”
“ ညံ့ပါ့ ဂျီးဒေါ်ရယ် ။သူများတွေ များ ကိုယ့်ကိုယ်ပိုင်ရပိုင်ခွင့်တွေကို တရားသဖြင့်ရဖို့ ဆန္ဒတွေဖော်ထုတ် နေကြတာ များမကြားဘူးလား ။လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး တို့ လယ်ယာမြေ မတရားသိမ်းခံရလို့  ဆန္ဒဖော်ထုတ်တာတို့တွေကို ရဲရဲဝံ့ဝံ့ဖော်ထုတ်နေကြတာ ။နိုင်ငံတော်သမ္မတကြီးဆို သူ့ဆီပြည်သူတွေပို့တဲ့တိုင်စာတွေ တောင်းဆိုစာတွေ ဖတ်ရလွန်းလို့  ဟိုတလောကခေါင်းတောင် မူးသွား ဆိုလား။ ပြည်သူလူထုက အရင်ခေတ်ဟောင်းတုံးကလို အရာရာ ကြောက်ပြီး ခေါင်းငုံ့  ငြိမ်ခံ မနေကြတော့ ဘူးတော့။ ပြောစရာရှိ ပြော ကန့်ကွက်စရာရှိ ကန့် ကွက်။ ငြင်းဆန်စရာရှိလဲ ရဲရဲငြင်းဆန်နေကြပြီ ။ဒါမှ ပွင့်လင်းတဲ့  လူ့အဖွဲ့အစည်းတရပ် ထူထောင်နိုင်မှာ ။ အာဏာရှင်စနစ်ကို အမြစ်ကလှန် နိုင်မှာ။ ဂျီးတော်ကျမှ ငါးစိမ်းသယ် ဒေါ်အာကျယ်လောက်ကို ကြောက်ပြီး ပိုက်ဆံအနွမ်းကြီး ယူလာရတယ်လို့တော်။ ခေတ်ပြောင်းနေပြီ တော့”
“ဘုရား … ဘုရား … ။ ငါးဆယ်တန် အနွမ်းကလေးပေးမိတာနဲ့ မတန်အောင် … သင်ခန်းစာပေးခံနေရပါလား ဒေါ်ဆိတ်မရယ်။ ဒီပိုက်ဆံလေးတောင် သုံးမရအောင် ခေတ်က တကယ်ကို ပြောင်းသွားပြီတဲ့ လား”
ဂျီးဒေါ် မယုံရင် တဈေးလုံး ပတ်ပြီး အဲဒီ ပိုက်ဆံ သုံးကြည့်။ သုံးလို့ရရင် ကျုပ် ကန်စွန်းရွက်ကို အလကားပေးလိုက်မယ်တော်”
ဒေါ် ဆိတ်မက အနှီကဲ့သို့  အာမ ရဲရဲကြီး ခံလေသော် ဂျီးဒေါ် တယောက် ၅၀ တန်
အနွမ်းကလေးကို ကိုင်ပြီး တဆိုင်ဝင် တဆိုင်ထွက် ဈေးဝယ်ကြည့်လေဧ။် ။ထူးဆန်းပေစွ ။ခါတိုင်း
ဒီထက်စုတ်ပြတ်သတ်သော အဖာပရပွ နှင့် ငွေစက္ကူများကို ကိုင်တွယ်သုံးစွဲခဲ့သူ ဈေးသူဈေးသားများသည် ခေါင်းတခါခါ လည်တခါခါနှင့် ငြင်းဆန်ကြကုန်ဧ။် ။
“ အရင်က သုံးစရာမရှိလို့ သုံးကြရတာ ဂျီးဒေါ်ရယ် ။အခုက ခေတ်ပြောင်းနေပြီလေ ။ဒီ ငွေစက္ကူမျိုး သူတောင်းစားတောင် လက်မခံတော့ဘူး ဂျီးဒေါ်ရဲ့  ”
“မြတ်စွာဖျား ။သူတို့ပြောမှ ငါတောင် သူတောင်းစားလောက်အဆင့်မရှိ ဖြစ်ရပြန်ပြီ လို့ တွေးရင်း
ရှက်စိတ်နာလှကာ ဒီငွေစက္ကူစုတ်ကို အမှိုက်တောင်းထဲထည့်ပစ်ပြီး သူတို့လိုပဲ ခေတ်ပြောင်းတော်လှန်ရေး ဆင်နွှဲတာပဲ ကောင်းပါတယ်။ ဟိုဟို ဒီဒီ ကြည့် ရင်း လူအလစ်မှာ ပိုက်ဆံ အစုတ်ကလေးကို အမှိုက်တောင်းထဲသို့ ပစ်ထည့်လိုက်ရင်း
“အင်း … တကယ်ပဲ ခေတ်ပြောင်းပြီ ထင်ပါရဲ့” လို့  တိုးတိုးလေးရေရွတ် လိုက်မိသေးသည်။
ထိုစဉ် ဟိုရှေ့က ဆူဆူညံ ဘာသံလဲမေး လို့ ဆိုရလောက်သော သာဂိတို့ လူငယ်တသိုက်ကို
ကင်မရာတကားကားနဲ့ အုတ်အော်သောင်းနင်း တွေ့လိုက်ရသည်။ သူတို့လူသိုက်ထဲမှ လူငယ်တချို့က
ဂျီးဒေါ် တိတ်တိတ်ကလေး စွန့်ပစ်ခဲ့သော အမှိုက်ပုံးထဲမှ ၅၀ကျပ်တန်အနွမ်းကလေးကို ပြေး ဓါတ်ပုံရိုက်သူက ရိုက်။ ဂျီးဒေါ်ကို ၀ိုင်းပတ် ပိတ်ဆို့ကာ
“ဂျီးဒေါ် အမှိုက်ပုံးထဲကို ၅၀ကျပ်တန် တရွက်ကို ဘာလို့ စွန့်ပစ်ရတာလဲ”
“ဘာလို့ ခိုးကြောင်ခိုးဝှက်ပုံစံနဲ့ ပစ်ရတာလဲ ”
လဲ … ပေါင်းများစွာသော မေးခွန်းများစွာနှင့် တရစပ် မေးမြန်းကြရာ … ဂျီးဒေါ်ခမျာ မျက်စိသူငယ် နားသူငယ်နှင့် ဘာပြန်ပြောရမည် မသိတော့ပေ။
ထိုအခါမှ သာဂိက မိန့်မိန့်ကြီး ပြုံးကာ …
“ခွင့်လွှတ်ပါ ဂျီးဒေါ်။ ကျနော်တို့အဖွဲ့က ကိုယ့် မြို့ကိုယ့်ရွာမှာ အရင် ခေတ်ဟောင်းက အကျင် ဆိုးတွေကို မပြင်ဘဲ မဟုတ်မတရားလုပ်ရပ်တွေ ၊ခေတ်ပြောင်းချိန် နဲ့ မလျှော်ညီတဲ့ အာဏာ အားကိုး အနိုင်ကျင့်နေတာတွေကို ကိုယ့်အသိနဲ့ကိုယ် လိုက်လံဖော်ထုတ်နေကြတဲ့ “တင်လိုက်မယ်တကဲကဲ – ဖော်ပင်လန်” မီဒီယာဂဒု က စီဂျေလေးတွေပါ … ”
“ ဟဲ့  နင်တို့ ဟာ နင်တို့  ဆီဂျီး ပေတာ တွေ အိုးမဲ ပေတာ တွေ ငါမသိဘူး ။တိုင်းသူ ပြည်သား တဦးချင်းရဲ့  ကိုယ် ပိုင် လွတ်လပ်ခွင့် ဆိုတာ ရော သိကြရဲ့ လား”
“ ခွင့် လွှတ်ပါ ဂျီးဒေါ်။ ရံဖန်ရံခါ ကျနော်တို့ခြေလေးချောင်း တော်လှန်ရေးသမားများ…အဲလေ စတုတ္ထတန်း မဏ္ဍပ်တိုင်သမားများမှာလည်း အတွေ့အကြုံ နုနယ်သေးသမို့  ဗွေမယူစေ့ချင်ပါဘူး။ တံတောင်နဲ့ မတွတ်လိုက်စေချင်ပါဘူး။ ကိုယ်ပေါင်ကို လှန်မကိုက်လိုက်စေချင်ပါဘူး။ အခုလို လူတဦးချင်းစီရဲ့ အခွင့်အရေးကိုထိခိုက်စေတာမျိုးကို ရှောင်ကျဉ်ဖို့ လေသင်ဒန်းတွေ ၀ပ်ရှော့တွေ၊ ဖောရှောတွေ အများကြီး လုပ်ပါဦးမယ် ။ဒါပေမယ့် ကျနော်တို့ကလည်း ခေတ်ပြောင်းရာမှာ မလိုက်ပါဘဲ ခေတ်ဟောင်းကို နောက်ပြန်ဆွဲ တတ်တဲ့ သူတွေရဲ့ မဟုတ်မတရားလုပ်ရပ်တွေကို ဖော်ထုတ်ဖို့  ကြိုးစားနေတာပါ။ ဟိုနေ့က ဂျီးဒေါ်တို့ ရပ်ကွက် မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက အာဏာတလွဲသုံးပြီး အိမ်တိုင်း မတူးမနေရ ရေနှုတ်မြောင်းတွေ အတင်းတူးခိုင်းတာမျိုးတွေ … လေ ”
“ အေးလေ။ ငါ့မှာ မိန်းမသား အဖွါးကြီး၊ အိုကြီး၊ အိုမ ဘယ်က မြောင်းပေါက်နိုင်မတုံး။ လူငှားတူးရအောင်လဲ ဖွတ်ကလိဒင်္ဂါးက မရှိ ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်း ဒီရေမြောင်းမှ မတူးရင် ပုဒ်မတွေ ပုဒ်ထီးတွေ တပ်ပြီး အမိန့်အာဏာ ဖီဆန်မှုနဲ့  အရေးယူမယ်ဆိုလား ခြိမ်းလိုက် ခြောက်လိုက်တာတော်။ မနေ့ကတော့ မောင်မင်းကြီးသားတွေ ဘာစိတ်ကောင်းဝင်သွားတယ် မသိ။ စည်ပင်သာယာဝန်ထမ်းတွေ ခေါ်လာပြီး သူတို့ဖာသာ တူးသွားကြတယ် ဟဲ့”
“အဲဒါ ကျနော်တို့ တင်လိုက်မယ်တကဲကဲ ဖော်ပင်လန်မီဒီယာဂဒုက
အင်တာနှေးကနေ ဖွဘုတ် ဆိုတာကြီးကိုသုံးပြီး၊ မီဒီယာတွေကနေတဆင့် သက်ဆိုင်ရာတာဝန်ရှိသူတွေရော ဟို … ဟို … အိုင်စလယ်အို ဆိုလား အလုပ်သမားသမဂ္ဂဆိုတာကြီးဆီအထိ တင်လိုက်တာလေ။ ပြည်သူလူထုကို စည်ပင်နယ်နိမိတ်ပိုင်ရေမြောင်းတွေ အတင်းဖောက်ခိုင်းတာလည်း အဓမ္မလုပ်အားပေး ခိုင်းစေမှုပဲ။ အနှစ်နှစ်အလလက မသိနားမလည်တဲ့  ပြည်သူတွေကို မတရားလုပ်အားပေးခိုင်းစေတာတွေ ခု ခေတ်ပြောင်းချိန်မှာ လုပ်လို့ မရတော့ဘူး ။ ဒါတွေကို ပြည်သူလူထုသိအောင် ကိုယ့်အခွင့်အရေးကို ကာကွယ် တတ်အောင် ကျနော်တို့က သတင်းပေးရမယ်ဗျ။”
“ဒါဆိုလဲ ကောင်းပါ့ကွယ် ။နင်တို့အင်တာနှေးက စွမ်းသားနော်။ ဒါတောင် အင်တာနှေးမို့လို့ ။ အင်တာမြန်သာဆို ဒီထက်ပိုစွမ်းမယ် ထင်တယ်နော်။ ဒါနဲ့  အခုကော အဖွဲ့ လိုက်ကြီး ဘယ်မှာဝါးတီးဆွဲဖို့
သွားကြမှာလဲ …”
“အခု သွားမှာက ပြည်သူ့အချော်တစ်ပါတီကြီးရဲ့ ရပ်ကျေး ရုံးခန်းဖွင့်ပွဲတခုကို သွားမလို့။ ရပ်ကျေးရုံးခန်း
ဖွင့်မယ့် နေရာကလည်း စိတ်ဝင်စားစရာ သိပ်ကောင်းနေတယ်ဗျ။ ဂျီးဒေါ်ကော လိုက်ဦးမလား”
“မလိုက်တော့ပါဘူးကွယ်။ ပြည်သူ့အချော်တစ်ပါတီကြီး အခုလို ရပ်ကျေးရုံးခန်းတွေ တနိုင်ငံလုံးအနှံ ဖွင့်ခွင့်ရလာတာတော့ တကယ်ဝမ်းသာသကွယ်။ အင်း … ခေတ်ပြောင်းပြီဆိုတာ ယုံရတော့မယ်ထင်ပါရဲ့။ နောက်ပြီး မကြာခင်မှာ ပြည်သူ့အချော်တစ်ပါတီကြီးက တနိုင်ငံလုံးက ရပ်ကျေး၊ အောက်ခြေ အဖွဲ့တွေကနေ တင်မြှောက်လိုက်တဲ့ လူထုကိုယ်စားလှယ်အစစ်တွေနဲ့ ပြည်လုံးကျွတ်ညီလာခံကြီး ခေါ်ပြီး ဒီမိုကရေစီနည်းကျ ဖွဲ့ စည်းရေးတွေ လုပ်တော့မယ်တဲ့။ သတင်းတွေထဲမှာ ကြားရတာလေ။ ဒါနဲ့ အခု မင်းတို့ သွားမယ့် ရပ်ကျေးရုံးဖွင့်ပွဲက ဘယ်သူ့အိမ်မှာလုပ်မှာမိုလို့ စိတ်ဝင်စားစရာဖြစ်နေရတာလဲ”
“ ဟိုဗျာ ပါတီစုံဒီမိုကရေစီစနစ်ကို အပြည့်အ၀ လိုက်နာဖော်ဆောင်နေတဲ့ အခွင့်အရေးရမယ်ထင်တဲ့ ပါတီမှန်သမျှ စုံအောင်လိုက်ဝင်နေတဲ့ ဦးသာကူးကြီးအိမ်မှာ ရပ်ကျေးရုံးခန်းဖွင့်မှာ … တဲ့ ဗျ”
“ဟယ် … ဦးသာကူးကြီးက ပြည်သူ့အချော်တစ်ပါတီကြီး အခြေအနေကောင်းပုံပေါ်တာနဲ့တပြိုင်နက် ၀င်လိုက်ပြန်ပြီလား ။၁၉၉၀ ရွေးကောက်ပွဲတုံးက ပြည်သူ့အချော်တစ်ပါတီကြီးနဲ့ ယှဉ်ပြိုင်ရွေးကောက်ပွဲဝင်တယ် ။သူ ရှုံးတော့ ပြည်သူ့အချော်တစ်ပါတီကြီးကို မဲမသမာမှု လုပ်ပါတယ်ဆိုပြီး တရားစွဲခဲ့တယ်။ ပြီးတော့ အနှစ်နှစ်ဆယ်လုံး နိုင်ငံရေး၊ လူမှုရေး နံမယ်ပျက်ခဲ့တဲ့ ဦးသာကူးလိုလူက အခုမှ ပြည်သူ့အချော်တစ် ပါတီကြီးကို ခြေစုံပစ်လေးဖက်ထောက်ဝင်လာတာ … ”
“အင်းလေ…ပြည်သူ့အချော်တစ်ပါတီကြီးကိုယ်တိုင်က ပါတီဝင်သစ်တွေကိုတော့ တံခါးမရှိ ဓါးမရှိ ၀င်ခွင့်ပြုထားပြီး ပါတီ့အရေး တလျှောက်လုံး အနစ်နာခံဆောင်ရွက်လာတဲ့ ပါတီဝင်ဟောင်းတွေကိုတော့ စိစစ်ဦးမယ် ဆိုတော့ တမျိုးတော့ တမျိုးကြီးပေါ့ဗျာ ။နောက်ပြီး အခြေအနေ အရပ်ရပ်အရ ပါတီကြီးရဲ့ ဆောင်ရွက်ချက်တွေ ဆုံးဖြတ်ချက်တွေတချို့မှာ ပွင့်လင်းမြင်သာမှု မရှိနိုင်တာကြောင့်လည်း ခက်နေတာပါပဲ။ ကျနော်တို့ပြည်သူတွေ သတင်းသမားတွေက အပြုသဘောနဲ့  တည့်မတ်ထိန်းကျောင်းရင်း
ဝန်းရံချင်တာပါ ။အခုအခြေအနေမှာ တချို့ကိစ္စတွေမှာ အကုန်ပွင့်လင်းမြင်သာလို့ မရသေးတာကိုလည်း နားလည် ပေးရမှာပါ ။ဒါပေမယ့် ပြည်သူလူထုက အားကိုးတဲ့ လေးစားထောက်ခံတဲ့ နိုင်ငံရေးပါတီကြီးအရှိန်ကို အလွဲသုံးစားလုပ်ချင်တဲ့ ပါတီဝင်တွေ၊ ပါတီ
တာဝန်ယူထားသူတွေကိုတော့ အားမနာတမ်း ဆန္ဒတွေ ဖော်ထုတ်ရမှာပဲဗျို့။ အခု ဦးသာကူး ဆိုရင် အောက်ခြေရပ်ကျေးတွေကို စည်းရုံးရေးဆင်းရင်း၊ နောင်တချိန် ပါတီအာဏာရလာရင် ရပ်ကျေးဥက္ကဌတွေ ပါဝါရှိလာမယ် ဆိုပြီး အရင်ခေတ်ဟောင်းက နည်းတွေသုံးပြီး စည်းရုံးနေပါရောလားဗျ”
“ဟင် အဲ့လိုကြီးလား ။ဒါဆို ခေတ်ပြောင်းပြီ ဆိုတာ ဘယ်မှာဟုတ်သေးလို့လဲ ။ခေတ်ဟောင်းက အကျင့်တွေက ခေတ်ပြောင်းမယ် ဆိုတဲ့ လူတွေမှာတောင် ရှိနေသေးရင် ခေတ်ဟောင်းဆိုတာ ပြန်လာနိုင်တယ်။ ဒီတော့ အမှိုက်ပုံးထဲပစ်ခဲ့တဲ့ ငါ့  ၅၀တန် အနွမ်းကလေးလဲ ပြန်အသုံးတည့်
လာနိုင်သေးတယ် ။ပြောနေကြာတယ် ။အမြန်ပြန်ကောက်မှ ”
ပြောပြောဆိုဆိုနှင့် ဂျီးဒေါ်တယောက် အမှိုက်ပုံသို့ သုတ်ခြေတင်လေသည်။ ဂျီးဒေါ် နောက်ပါးမှ တင်မယ်တကဲကဲ ဖော်ပင်လန်မီဒီယာဂဒုမှ လူငယ်များလည်း ကင်မရာတကားကားနှင့်  လိုက်ပါသွားကြရာ နောက်မိနစ်ပိုင်းအနည်းငယ်အတွင်းမှာပင် အင်တာနှေးမှတဆင့် တင်မယ်တကဲကဲ ဖော်ပင်လန်မီဒီယာဂဒု၏
ဖွဘုတ်စာမျက်နှာတွင် မပွင့်လင်းသော ဂျီးဒေါ် ခေတ်ဟောင်းသို့ နောက်ကြောင်းပြန်လှည့်ခြင်း ဟူသော သတင်းတပုဒ် ထွက်လာရာ အများသူငါ ၀ိုင်းရှယ်ကြသဖြင့်၎င်း၊ ဖွဘုတ်စာမျက်နှာများမှ အလကားပဲတင်း သတင်းများကို မီဒီယာကြီးများမှ ကော်ပီကျင့် ကော်ပီကြံပြီး ကူးယူဖော်ပင်ကြခြင်းဖြင့်၎င်း ပြည်သူလူထုကြားသို့ အလန့်တကြား သတင်းပျံ့နှံ့သွားလေသတည်း ။ ။
သိပ်ကောင်းတဲ့စာပါလား။ အမှန်တရားများကိုမျက်နှာမလိုက်ဘဲ ရယ်လည်း၇ယ်ရအောင်ရေးတတ်သော
စာရေးကိုဆရာချီးကျူးမိပါသည်။ဆက်လက်အများကြီးရေးနိုင်ပါစေ။